ဩဂုတ် ၁၄ ၊ ၂၀၂၆
GG (VOM)
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ညောင်ပင်ဆိပ်ရပ်ကွက် ၊ စက်မှုဇုန်(၁၆)လမ်းမှာ မနေ့ ဩဂုတ် ၁၃ ရက်နေ့ မနက်အစောပိုင်းက ဓာတ်ကြိုးလာခိုးတဲ့အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
စက်မှုဇုန်(၁၆)လမ်းမှာရှိတဲ့ ဓာတ်တိုင်ကတွဲလောင်းကျနေတဲ့ ဓာတ်ကြိုးကို ဖြုတ်ယူရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း သိရပါတယ် ။
” ပြောပုံအရဆိုရင် ၅ နာရီကျော်ကျော်လောက်ထဲက ဖြစ်နေတာ ။ကျွန်တော်တို့သွားတော့ သူ့လက်ထဲမှာ ဓာတ်ကြိုးကိုင်ရက်သား တွေ့ရတယ်။ အရင် သူခိုးခိုးဖြတ်ထားတဲ့ ဓာတ်ကြိုးက ဓာတ်တိုင်ပေါ်ကနေ တွဲလောင်းကျနေတာ။ အဲဒါကို သူကဆွဲတာကနေ အပေါ်က ကြေးကြိုးပါတွဲကျလာပြီး ကြိုးတွေပူးပြီး ဓာတ်လိုက်တဲ့ သဘောလို့သိရတယ်။ သူတို့ကတော့ ပလုံကောက်တာလို့ပြောပေမယ့် တချို့ကတော့ မနက်အစောကြီးဆိုတော့ ခိုးတာပဲ ဖြစ်ဖို့များတယ်ပေါ့လေ ။ ” လို့ ကူညီရေးလုပ်ကိုင်ခဲ့တဲ့ မွန်မြတ်သောနှလုံးသားပိုင်ရှင်များ နာရေးနှင့်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဓာတ်လိုက်သေဆုံးတဲ့ အမျိုးသားက အသက် ၃၁ နှစ်အရွယ် ဦးစိုးလင်းပိုင် ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း ဇာတိဖြစ်ကြောင်း ၊ မော်လမြိုင်မြို့ စက်မှုဇုန်ထဲမှာပဲ အိမ်ငှားနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဇွန် ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့ ၊ ရွာသစ်ရပ်ကွက်ရှိ ၊ ပစ္စပ္ပုန်ဘုန်းကြီးကျောင်းဝန်းထဲရှိ ထရန်စဖော်မာ TransFormer က ကြေးနန်းကြိုးကို လာခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဇဇ -၇၊ ၅၄ လမ်းနှင့် ၁၀၇(D)လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်ကို လျှပ်စစ်မီးကြိုး တက်ခိုးတဲ့ အမျိုးသားတယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မွန်မြတ်သောနှလုံးသားပိုင်ရှင်များ နာရေးနှင့်လူမှုကူညီရေးအသင်း
