သူတို့အိမ် အခန်း (၁၉၅)

ဆူးငှက်

 

ဝန်ထမ်းသက်သာ ရံပုံငွေ အစီအစဉ်
————————————–

 

 

ယခင်က ထိုနေရာတဝိုက်သည် ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က စီဗီလိုင်းဟု အမည်ပေးပြီး ဆတ်ကျောင်း(ရဲသိပ္ပံ)၊ စက်မှုလက်မှု သိပ္ပံကျောင်း ပညာရေးမှူးရုံး၊ ရုံးကြီး၊ တီတီစီ ခေါ် ဆရာအတတ်သင်သိပ္ပံကျောင်း၊ ဝက်စလီ ခေါ် အ.ထ.က ၁၆၊ နှင့် အောင်တော်မူဘုရား၊ မဟာဝိဇိတာရုံတိုက်စသည့် နေရာများနှင့်ဆက်စပ်သည်။ မန္တလေး၏ အရှေ့စွန်း မြို့ကွက်လည်း ဖြစ်သည်။

 

 

အစိုးရ အရာရှိကြီးများ၏ ပြပေါက်နီးပါး ကျယ်သော လူနေခြံဝင်းကြီးများ ရှိသည်။ ၁၉၉၀ခုနှစ် နောက်ပိုင်းရောက်မှ ဈေးကွက်စီးပွားရေးနှင့် ဌာနဆိုင်ရာများ၏ ဝန်ထမ်းသက်သာ ရံပုံငွေ အစီသစဉ်များဖြင့် ရုံးများ ကျောင်းများ၏ ပတ်လည်တွင် လူနေဆိုင်ခန်းများတည်ဆောက်၍ အငှားချထားသည်။ ထိုအခါ ထိုနေရာတဝိုက်သည် မန္တလေး၏ ယူနန် စားသောက်တန်းပမာ စည်ကားသွားတော့သည်။

 

မန္တလေး၏ night life များ
———————————-

ထို့ကြောင့် လမ်း၃၀ပေါ်တွင် အရှေ့ဘက် ၆၄လမ်းမှသည် အနောက်ဘက် ၆၇လမ်းအထိ၊ လမ်း၏ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်နှင့် ၆၆လမ်းပေါ်တွင် ၂၉လမ်းမှ ၃၁လမ်းအထိ လူနေဆိုင်ခန်းတွေ ဖြစ်သည်။ အလားတူ ဆရာအတတ်သင် သိပ္ပံကျောင်း မျက်နှာစာ၊ စက်မှုလက်မှု သိပ္ပံကျောင်း မျက်နှာစာ၊ ဝက်စလီကျောင်း မျက်နှာစာ၊ ရဲစခန်း၊ ရဲရုံးများ၊ ရဲသိပ္ပံကျောင်းတို့၏ မျက်နှာစာ၊ ရုံးကြီးဝင်း ဘေး၂ဘက်၊ ဆောက်လုပ်ရေးရုံး မျက်နှာစာနှင့် ဗထူးကွင်း မျက်နှာစာ ၄ဘက်၄တန်ထိ လူနေဆိုင်ခန်းတွေ ဖြစ်ကုန်သည်။

 

 

ထိုဆိုင်ခန်းများ၏ အများစုက အဖျော်ယကာနှင့် အစားအသောက်များ ရောင်းချကြသည်။ အစားအသောက် ဆိုသည်မှာလည်း အသားကင်ပေါင်းစုံနှင့် ယူနန်အစားအသောက် အထူးအဆန်းများပဲ ဖြစ်သည်။ ပိုင်ရှင်များသာမက အလုပ်သမားများအထိ အရှေ့မြောက်နှင့် အရှေ့အရပ် နယ်စပ်များက ဖြစ်သည်။ ထို့ကြောင့် အတွင်းခံမပါသည့် ခပ်ပါးပါး အထက်အောက် စပန့်ဂါဝန်များ၊ ချက်ပေါ် ရင်ပေါ်နှင့် လက်တစ်ဝါးစာ ဖုံးရုံ ဘောင်းဘီ အတိုအကျပ်၊ ဆေးရောင်စုံ ဆံပင်တို၊ ဝင်းဝါ စိုပြည် အသားအရေနှင့် နယ်စပ်သူလေးများ၏ ဈေးရောင်း မြင်ကွင်း များ ကလည်း အထူးအဆန်း ဖြစ်နေသည်။

 

 

ထို့ကြောင့် ထိုစဉ်က ထိုတစ်ကြောသည် မန္တလေး၏ night life များ ဖြစ်သည်။ အရွယ်၃ပါး အဆင်ပြေရန်လည်း စားသောက်ဆိုင်များတွင် မြန်မာမှုတီးဝိုင်းများလည်း ထည့်သွင်းလာကြသည်။ ပိုက်ဆံပေါသော အရာရှိကြီးများ၏ ညာဉ်ဦးယံ နားခိုရာများမို့ သန်းခေါင်သန်နွဲအထိ နဂါးနီ၊ ငယ်ကျွမ်းဆွေ၊ နွဲ့ဆိုး၊ နှစ်ကိုယ်တူ ချစ်သမျှ နှင့် မုန်းရစ်လေဦးတို့ ကြော့ကြော့ကာ ကြားနေရတတ်သည်။ သည်ကြားထဲ ထူးထူးခြားခြား ယာဉ်ထိန်း အရာရှိကြီးတစ်ဦး၏ ခေတ်ဟောင်း မင်းသားကြီး ခင်မောင်ရင်ပမာ ပီပြင်လှသော အသံဖြင့် ဘဲကျောင်းသား သီချင်းသံကလည်း ပွဲတောင်းခံ နေရသည်။ တရားသူကြီး အဆိုတော်၊ ရှေ့နေအမျိုးသမီးအဆိုတော်၊ အင်ဂျင်နီယာ စစ်ဗိုလ် အဆိုတော်၊ ဆရာဝန် အဆိုတော်၊ ကျူရှင်ဆရာ အဆိုတော်၊ စသည့် အဆိုတော်ကြီးများဘည်း ပေပါဘိ။

 

 

ဈေးမေးပြီး ခေါ်သွားလိမ့်မယ်
———————————-

လမ်း၃၀နှင့် ၆၆လမ်းဆုံက အစည်ကားဆုံးနေရာ ဖြစ်သည်။ ညနေစောင်းမှသည် အရုဏ်တက်သည်အထိ ကားမပြတ် ဆိုင်ကယ်မပြတ် လူမပြတ်ခဲ့။ ကျွန်တော့် တိုက်ခန်းလေးက ထိုလမ်းဆုံမှ ၆၆လမ်းအတိုင်း တောင်ဘက် ရဲသင်တန်းကျောင်း ဝင်ပေါက် ထိပ်မှာ ရှိသည်။ ကျွန်တော့်တောင်ဘက်မှာက အင်ဂျင်နီယာ ကိုတင်ထွန်းနှင့် ဇနီး မရီတို့၏ လူနေခန်းက အစွန်ဆုံးဖြစ်သည်။ ကိုတင်ထွန်းက ယခု လူနေဆိုင်ခန်းများကို တည်ဆောက်ခဲ့သူဖြစ်သည်။ စည်ပင်က ကျွန်တော်တို့လူ ကိုသန်းဦး၏ မိတ်ဆွေဖြစ်သည်။ ကျွန်တော်တို့ အခန်းလေးများက ပုံစံတူဖြစ်သည်။

 

 

မျက်နှာဖွင့်က ၁၂ပေနှင့် အရှည် ၂၇ပေရှိသည်။ ဝင်ဝင်ချင်းဧည့်ခန်းပေါ့။ ဧည့်ခန်းအကျယ်က ၁၂ပေ ၇ပေလောက်ရှိမည်။ ဧည့်ခန်းနောက် ပေ၂၀ကမှ ထပ်ခိုးနှင့် ၂ထပ်ဖြစ်သည်။ လှေကားက ဧည့်ခန်းမှ ဖြတ်တက်ရသည်။ ထို့ကြောင့် အပေါ်ထပ်မှာ လှေကားရှေ့က တစ်ခန်း လှေခါးနောက်က တစ်ခန်းဖြစ်သွားသည်။ အောက်ထပ်မှာက နောက်ပိုင်း ၁၀ပေလောက်က မီးဖိုနှင့် တွဲပြီး အိမ်သာရေချိုးခန်းရှိသည်။ တကယ်တော့ အိမ်ထောင်ကျကတည်းက မိဘအိမ် ကပ်နေရသောကြောင့် ကျွန်တော်တို့မှာ ပရိဘောဂ ပိုင်ဆိုင်မှု နုည်းပါးသည်။ ဗီရိုတစ်လုံး ခုတင် ဆက်တီတစ်စုံနှင့် စာအုပ်ဆိုင်က ကောင်တာ ၂လုံးပဲရှိသည်။

 

 

ထို့ကြောင့် ခုတင် ဗီရို တစ်လုံးနှင့်ကောင်တာ အသေးကို အပေါ်ထပ် တင်ပြီး ကောင်တာ အမြင့်ကို အောက်ထပ်မှာ လှေကားကွယ်၍ ချ၍ ရှေ့က ဆက်တီများ ခင်းလိုက်တော့ ဧည့်ခန်းက သီးခြားဖြစ်သွားသည်။ အောက်ထပ် ရေချိုးခန်းအိမ်သာ ရှေ့ပေါက်အနီးတွင် အမေကသူ့ခုတင်လေးနှင့် နေသည်။ ကျွန်တော်တို့က အပေါ်ထပ် နောက်ဘက်အခန်းမှာ ဧခုတင်ကိုဆင်သည်။ သား၂ယောက်က အပေါ်ထပ်က ဘုရားစင်ရှေ့ အိပ်ကြသည်။ သူတို့ အိပ်ရာနဘေးက လှေခါးလက်ရမ်းကို မှီပြီး စည်းနှောင်ထားသည့် ဝာအုပ်စည်းတွေ ချကာ သေချာစီလိုက်တော့ နေရာမယူပါ။ ဘာပဲပြောပြော ထို အခန်းလေးတွင် ကျွန်တော်တို့မိသားစု (အမေအပါအဝင်) ၅ယောက်အတွက် အံကျဖြစ်ပါသည်။ ကျွန်တော့်မြောက်ဘက် အခန်းကတော့ နေ့ခင်းမှာ အမြဲ ပိတ်ထားသည်။ ည၈နာရီလောက်မှ ဆိုင်ကဖွင့်သည်။ အအေးဆိုင်တဲ့။ အစက ကျွန်တော်လည်း နားမလည်ခဲ့။

 

 

ည ၈နာရီလောက်မှ ဆိုင်ဖွင့်လို့ နေဝင်သည်နှင့် ခင်သော်ဇင်က ကိုယ့်အခန်းရှေ့ထွက်ကာ ကြိမ်ခုံလေးနှင့် ထွက်ထိုင်တတ်သည်။ တိုက်ခန်းအတွင်းက ပိတ်လှောင်နေသောကြောင့် နေအကျတွင် အရှေ့ဖက်ဘက်လှည့် တိုက်ခန်းလေးရှေ့ ကွက်လပ်တွင် ယပ်တောင်လေး တဖျပ်ဖျပ်ခတ်ရင်း လေညင်းခံ ထိုင်တာပေါ့။ ၂ရက်လောက်နေတော့ ကိုတင်ထွန်း ဇနီး မရီက အိမ်ထဲက ထွက်လာပြီး ခင်သော်ဇင့်ကို လာပြောသည်။ “မသော်၊ မသော် ညနေစောင်းရင် အိမ်ရှေ့ထွက်ထိုင်မနေနဲ့၊ တော်ကြာရှင့်ကို ဈေးမေးပြီး ခေါ်သွားလိမ့်မယ်” တဲ့။ ခင်သော်ဇင်က နားမလည်။ မရီက ပွင့်ပွင့်လင်းလင်း ရှင်းပြမှ ခင်သော်ဇင်လည်း သဘောပေါက်ပြီး နေဝင်လျှင် တိုက်ခန်းတံခါး ပိတ်ပြီး အထဲမှာပဲ တီဗွီ ကြည့်နေတော့သည်။ ဘယ်လောက်ပူပူ အိုက်အိုက် အပြင်မထွက်ရဲတော့။

အအေး ရောင်းတာတဲ့
———————————-

ဟုတ်တာပေါ့။ ကျွန်တော်တို့ မြောက်ဘက် တိုက်ခန်းက အအေးဆိုင်ဆိုသော်လည်း အခန်းထဲမှာ ခပ်အိုအို ရေခဲသေတ္တာ တစ်လုံးနှင့် ဖွင့်လျှင် တကျီကျီ အသံမြည်သော မျက်နှာကြက် ပန်ကာကြီး တစ်လုံးပဲရှိကာ ၆၀ဝပ် မီးလုံးလေးပဲ ထွန်းထားသည်။ တစ်ခန်းနှင့် တစ်ခန်းကလည်း အုတ်တစ်လွှားသာကာထားပြီးနံကပ်မို့ တစ်ဖက်အခန်းက အသံတွေ အတိုင်းသား ကြားနေရသည်။ သစ်သားတန်းနှင့် အုတ်ကြား အဟ ကပ်ကြည့်လျှင်လည်း တစ်ဖက်ခန်းထဲကို အကုန်မြင်နေရသည်။ ည၈နာရီလောက်ရောက်လျှင် ဆယ်လူလာခါးချိတ်ထားသူ၏ ခုနစ်သံချီ တယ်လီဖုန်းဆက်သံကို နားပူအောင်ကြားရတော့သည်။

 

 

သူက သူ့အခန်းထဲရှိ ဆက်တီဟောင်းလေးမှာ ထိုင်ရင်း အော်ကြီးဟစ်ကျယ် တယ်လီဖုန်း ဆက်နေသည်။ ပြောနေသည့် အသံက အညာသားအသံဖြစ်ကာ သေချာနားထောင်တာက ဘွတ်ကင် လက်ခံတာ၊ ပစ္စည်းသစ် ကြေညာတာ၊ ဖောက်သည်ဟောင်းကို ပုံမှန်ယူနေကျပစ္စည်း ယူမယူမေးတာ။ ဖုန်းပြောပြီးလို့ နားလိုက်တာနှင့် တစ်ဖက်ဖုန်းက ဝင်လာပြီး ဈေးဆစ်တာ၊ အချိန်ညှိတာ၊ လူညှိတာ၊ ပြောင်းတာ စသည့် အရောင်းအဝယ်စကားသံချည်း စီစီညံနေတော့သည်။ ထို့နောက် ဆိုင်ကယ်ထိုးဆိုက်သံ လူသံတွေကြားရသည်။ အများဆုံးအသံက မိန်းခလေးများ၏ ချွဲနွဲ့နွဲ့ အသံတွေ။ သူတို့က အခန်း နောက်ဘက်အစွန် ရေချိုးခန်းအိမ်သာအနီးကနေ မျက်နှာသစ်တာလား ဆေးကြောတာလား ရေချိုးတာလား သေချာမသိရဘဲ အသံများပဲ ကြားနေရခြင်း ဖြစ်သည်။ သူတို့က အချင်းချင်းပြောကြရင်း ဆယ်လူလာဆရာ မေးတာ မြန်းတာ ဖြေကြသည့် အသံဖြစ်သည်။

 

 

၉နာရီလောက်ရောက်တော့ အိမ်ရှေ့မှာ ဆိုင်ကယ်သံ တစ်စီးတစ်လေ ကားသံတွေ လူသံတွေ ကြားရပြီး စောစောက မိန်းကလေးအသံတွေက တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားကြသည်။ ထိုအချိန်မှ ည သန်းခေါင် မတိုင်ခင် လောက်ထိတော့ ဆယ်လူလာဆရာ၏ မေးသံ ဖြေသံ တိုတိုတုတ်တုတ်မှ လဲ၍ အနည်းငယ် ငြိမ်သက် သွားသည်။

 

ကြက်သီးထဖွယ် အသံများ
—————————

ဟော သန်းခေါင်ကျော်မှသည် လင်းလုလုအချိန်ထိကတော့ ဆိုင်ကယ်သံ ကားသံတွေ ပြန်ကြားလာရပြီး အသံတွေ ညံလာပြန်သည်။ နှုတ်ဆက်သံ၊ မခွဲနိုင် မခွာရက် ညုသံခရာသံ တပြွတ်ပြွတ စုပ်သံ၊ အော်င်္သ ငေါက်သံ ရန်တွေ့ ရန်ဖြစ်သံ ပျစ်ပျစ်နှစ်နှစ် ဆဲသံ၊ ပိုက်ဆံရေသံ၊ ဆွဲလုသံ၊ ပါးရိုက်သံ၊ ဆယ်လူလာဆရာကို တိုင်တောသံ၊ ဆယ်လူလာ ဆရာက အိပ်ချင်မူးတူးအသံဖြင့် ခပ်ပြတ်ပြတ်ပြောသံ၊ ဆယ်လူလာဆရာ အရိုက်ခံရလို့ ညောင်နာနာနှင့် တောင်းပန်သံ၊ ပုလင်းဖွင့်သံ၊ ပုလင်းရိုက်ခွဲသံ၊ ငိုနေသော မိန်ကလေးဆီက ရုန်းကန် အော်ဟစ် ဆဲဆိုသံ၊ ခဏနေတော့ ငြိမ်သွားကာ ငြီးငြူသံ၊ ကုပ်ဖဲ့သံ၊ အို… အသံပေါင်းစုံက စီ၆၀ တစ်ခွေစာမက တစ်ဖက်ခန်းက ကြားနေရတာ ညစဉ်မို့ ထိုအသံများသည် လူမမြင်ရပေမယ့် သူတို့ဇာတ်ဝင်ခန်းတွေက ကြက်သီးထဖွယ်များ ဖြစ်သည်။ ဘုရားဘုရား ကလေးတွေ မကြားမိကြ ပါစေနှင့်။ အအေးဆိုင် အမည်ခံသော်လည်း တစ်ညလုံးမှာ အအေးတစ်ပုလင်း ရောင်းသံ မကြားရ။

 

 

ထိုအခါမှ ရောက်ကာစ ညနေစောင်းတာနှင့် အခန်းရှေ့ ကွက်လပ်မှာ ခုံလေးနှင့် ထွက်ထိုင် တတ်သည့် ခင်သော်ဇင့်ကို အစွန်ခန်းက အင်ဂျင်နီယာ ကတော် မရီက “မသော်၊ မသော် ညနေစောင်းရင် အိမ်ရှေ့ထွက်ထိုင်မနေနဲ့၊ တော်ကြာရှင့်ကို ဈေးမေးပြီး ခေါ်သွားလိမ့်မယ်”ဟူသော စကား၏ ဆိုလိုရင်းကို သဘောပေါက်တော့သည်။ မရီက ဆက်ပြောသေးသည် ဘာတဲ့ “မသော်ရော ကျွန်မရော အတူထိုင်နေရင် ဈေးတောင် ဆစ်မှာ မဟုတ်ဘူး၊ လက်ဖျောက်တီးပြီး တစ်ခါတည်း ခေါ်သွားလောက်တယ်” တဲ့။ သူက ပြောရင်း ရယ်သည်။ ဘောလီးဝု မင်းသမီး မျက်နှာပေါက် မရီက ဆံပင်ရှည် အဖျားကောက်နှင့် လုံကြီးပေါက်လှ၊ အိမ်က ခင်သော်ဇင် ကလည်း သိတဲ့အတိုင်း ဆံပင်တိုနှင့် ဟော့ရှော့ ခပ်မိုက်မိုက်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW