အသည်းအဆီဖုံးရောဂါ

 

 

 

မန္တလာ ဆရာမျိုး

 

 

အရက်မသောက်သူများတွင်လည်း တိတ်တဆိတ် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးပြဿနာ

 

 

လူအများ၏အမြင်တွင် အသည်းရောဂါဟုဆိုလိုက်သည်နှင့် အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောင် အသားဝါရောဂါပိုးများ ကူးစက်ခြင်း သို့မဟုတ် အဆိပ်အတောက်တစ်မျိုးမျိုးကြောင့် အသည်းပျက်စီးခြင်းတို့ကိုသာ အရင်ဆုံး စဉ်းစားတတ်ကြပါသည်။ သို့သော် ယနေ့ခေတ်တွင် အရက်မသောက်သူများအပါအဝင် သာမန်အားဖြင့် ကျန်းမာနေသည်ဟု ထင်ရသူများ၌ပင် အသည်းအတွင်း အဆီများ တဖြည်းဖြည်းစုဝေးလာသည့် အသည်းအဆီဖုံး ရောဂါ ကို မကြာခဏ တွေ့ရှိလာရပါသည်။

 

 

ဤရောဂါသည် အစောပိုင်းတွင် နာကျင်မှုမရှိ၊ သိသာသောလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ တိတ်တဆိတ် တည်ရှိနေနိုင်သည်။ လူတစ်ဦးသည် အခြားအကြောင်းအရာတစ်ခုကြောင့် သွေးစစ်ခြင်း၊ ဝမ်းဗိုက်အာထရာဆောင်း စစ်ခြင်း သို့မဟုတ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းမှသာ အသည်းအဆီဖုံးနေသည်ဟူသော အဖြေကို မတော်တဆ သိရှိရတတ်သည်။ အချို့လူများတွင် ရိုးရိုးအဆီစုနေသည့်အဆင့်၌ပင် ရပ်တန့်နေနိုင်သော်လည်း အချို့တွင် အသည်း ရောင်ရမ်းခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအထိ တဖြည်းဖြည်း တိုးတက်နိုင် သည်။ ထို့ကြောင့် အသည်းအဆီဖုံးရောဂါကို အဆီနည်းနည်းတက်တာပဲဟု ပေါ့ပေါ့ဆဆ သဘောမထားသင့်ပေ။

 

 

အသည်းက ခန္ဓာကိုယ်အတွက် မည်သည့်အလုပ်များ လုပ်ဆောင်ပေးသနည်း

 

 

အသည်းသည် လူ့ခန္ဓာကိုယ်အတွင်းရှိ အကြီးဆုံးသော ကိုယ်တွင်းအင်္ဂါများအနက် တစ်ခုဖြစ်ပြီး အသက် ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အလုပ်များစွာကို နေ့စဉ်ဆောင်ရွက်နေသည်။ အစားအစာမှ ရရှိသည့် သကြားဓာတ်၊ အဆီဓာတ်နှင့် ပရိုတင်းဓာတ်တို့ကို ခန္ဓာကိုယ်အသုံးပြုနိုင်သည့်ပုံစံသို့ ပြုပြင်ပေးခြင်း၊ လိုအပ်သည့် အချိန်တွင် အသုံးပြုနိုင်ရန် စွမ်းအင်သိုလှောင်ပေးခြင်း၊ ဆေးဝါးများနှင့် အဆိပ်အတောက်များကို ခွဲခြမ်းဖယ်ရှားခြင်း၊ သွေးခဲစေသောဓာတ်များနှင့် အရေးကြီးသော ပရိုတင်းများထုတ်လုပ်ခြင်း၊ သည်းခြေရည်ထုတ်လုပ်ပေးခြင်းနှင့် ကိုယ်ခံအားဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။

 

 

ဤမျှအရေးကြီးသော အင်္ဂါတစ်ခုအတွင်း အဆီများ လွန်ကဲစွာစုဝေးလာသောအခါ အသည်းဆဲလ်များ၏ ပုံမှန်လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အသည်းအတွင်း အဆီအနည်းငယ်ရှိခြင်းမှာ ပုံမှန်ဖြစ်နိုင် သော်လည်း အသည်းဆဲလ်များအတွင်း အဆီများ လွန်ကဲစွာ စုဝေးလာခြင်းကို Steatosis သို့မဟုတ် Steatotic Liver Disease ဟု ခေါ်ဆိုပါသည်။ အရက်အလွန်အကျွံသောက်ခြင်းမရှိဘဲ ဇီဝကမ္မဆိုင်ရာ အန္တရာယ်များနှင့် ဆက်စပ် ဖြစ်ပေါ်သော အသည်းအဆီဖုံးရောဂါကို ယခုအခါ Metabolic Dysfunction-Associated Steatotic Liver Disease (MASLD) ဟု ခေါ်ဆိုကြပါသည်။ ယခင်က အသုံးများခဲ့သော Non-Alcoholic Fatty Liver Disease (NAFLD) အမည်အစား MASLD ဆိုသည့် အမည်ကို နိုင်ငံတကာဆေးပညာအဖွဲ့အစည်းများက ပိုမိုအသုံးပြုလာကြသည်။ MASLD ဟု သတ်မှတ်ရန် အသည်းအတွင်း အဆီစုဝေးမှုရှိခြင်းနှင့်အတူ ဇီဝကမ္မနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်အချက် အနည်းဆုံးတစ်ခု ရှိရပါသည်။

 

 

အဆီဖုံးခြင်း” နှင့် “အသည်းရောင်ရမ်းခြင်း” မတူညီပါ

 

 

အသည်းအဆီဖုံးရောဂါရှိသူအားလုံးတွင် အသည်းပျက်စီးမှု အဆင့်တူညီခြင်းမရှိပါ။ အချို့သူများတွင် အသည်းဆဲလ်များအတွင်း အဆီစုဝေးနေသော်လည်း သိသာသော ရောင်ရမ်းမှုနှင့် ဆဲလ်ပျက်စီးမှု မရှိသေးပေ။ ဤအခြေအနေကို Metabolic Dysfunction-Associated Steatotic Liver (MASL) ဟု ခေါ်နိုင်သည်။ လူနာအချို့တွင် အဆီစုဝေးခြင်းနှင့်အတူ အသည်းဆဲလ်များ ထိခိုက်ပျက်စီးခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်တစ်သျှူးများ ဖြစ်ပေါ်လာခြင်းတို့ ပါဝင်လာနိုင်သည်။ ယင်းကို Metabolic Dysfunction-Associated Steatohepatitis (MASH) ဟု ခေါ်သည်။ ယခင်က Non-Alcoholic Steatohepatitis (NASH) ဟု ခေါ်ဆိုခဲ့သည့် အခြေအနေဖြစ်သည်။ MASH သည် ရိုးရိုးအဆီစုဝေးခြင်းထက် ပိုမိုပြင်းထန်ပြီး အသည်းအမာရွတ်၊ အသည်းခြောက်နှင့် အသည်းကင်ဆာသို့ တိုးတက်နိုင်ခြေ ပိုများသည်။

 

 

အရက်မသောက်ဘဲ ဘာကြောင့် အသည်းအဆီဖုံးနိုင်သနည်း

 

 

အစားအစာမှ ရရှိသည့် စွမ်းအင်သည် ခန္ဓာကိုယ်အသုံးပြုသည့် စွမ်းအင်ထက် ပိုများနေသောအခါ ပိုလျှံသည့် စွမ်းအင်ကို အဆီအဖြစ် သိမ်းဆည်းထားသည်။ အဆီများကို အရေပြားအောက်နှင့် ဝမ်းဗိုက်ပတ်ဝန်းကျင်တွင်သာမက အသည်းအတွင်း၌လည်း စုဆောင်းနိုင်သည်။ ခန္ဓာကိုယ်သည် အင်ဆူလင်ဟော်မုန်း၏ လုပ်ဆောင်မှုကို ကောင်းစွာ မတုံ့ပြန်တော့သည့် အင်ဆူလင်ခုခံမှု (Insulin Resistance) ဖြစ်ပေါ်လာလျှင် သွေးတွင်းသကြားဓာတ်နှင့် အဆီအက်စစ်များ များပြားလာနိုင်သည်။ ထိုအဆီအက်စစ်များ အသည်းထဲသို့ ဝင်ရောက်လာခြင်းနှင့် အသည်းကိုယ်တိုင် အဆီအသစ်များ ပိုမိုထုတ်လုပ်လာခြင်းကြောင့် အသည်းဆဲလ်များအတွင်း အဆီစုဝေးလာသည်။

 

 

အဆီများပြားလာသည်နှင့်အမျှ ဆဲလ်များအတွင်း ဓာတ်တိုးပျက်စီးမှု၊ ရောင်ရမ်းမှုနှင့် ဆဲလ်ပျက်စီးမှုတို့ ဖြစ်လာနိုင်သည်။ ပျက်စီးနေသောနေရာများကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ရန်ကြိုးစားစဉ် အမာရွတ်တစ်သျှူးများ ဖြစ်ပေါ်လာသည်။ ဤဖြစ်စဉ် ဆက်လက်တိုးတက်နေပါက Fibrosis ဟုခေါ်သော အသည်းအမာရွတ်ဖြစ်ခြင်းမှ Cirrhosis ဟုခေါ်သော အသည်းခြောက်ခြင်းသို့ ရောက်ရှိနိုင်သည်။

 

 

မည်သူများတွင် ဖြစ်နိုင်ခြေပိုများသနည်း

 

 

အဝလွန်သူများ၊ အထူးသဖြင့် ဗိုက်ပူပြီး ဝမ်းဗိုက်အတွင်းအဆီများသူများတွင် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေမြင့်သည်။ သို့သော် ပိန်သူများတွင် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။ အပြင်ပန်းအားဖြင့် ကိုယ်အလေးချိန် မများသော်လည်း ဝမ်းဗိုက်အတွင်း အဆီများခြင်း၊ ကြွက်သားနည်းခြင်း၊ ဆီးချို၊ သွေးတွင်းအဆီနှင့် မျိုးရိုးဗီဇဆိုင်ရာ အန္တရာယ်များရှိပါက အသည်းအဆီဖုံးနိုင်သည်။

 

 

အဓိကအန္တရာယ်အချက်များမှာ ကိုယ်အလေးချိန်ပိုခြင်း သို့မဟုတ် အဝလွန်ခြင်း၊ ဗိုက်ပူခြင်းနှင့် ဝမ်းဗိုက်အတွင်းအဆီများခြင်း၊ ဆီးချိုအမျိုးအစား ၂ (Type 2 Diabetes Mellitus)၊ ဆီးချိုမဖြစ်မီအဆင့် (Prediabetes)၊ သွေးတွင်း Triglyceride မြင့်ခြင်း၊ HDL Cholesterol နည်းခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ လှုပ်ရှားမှုနည်းပြီး အချိန်ကြာမြင့်စွာ ထိုင်နေခြင်း၊ အချိုရည်၊ သကြား၊ သန့်စင်ကာဗိုဟိုက်ဒရိတ်နှင့် စွမ်းအင်များသော အစားအစာများကို မကြာခဏစားခြင်း၊ အိပ်နေစဉ် အသက်ရှူပိတ်ခြင်း (Obstructive Sleep Apnoea)၊ အချို့သော ဟော်မုန်းနှင့် ဇီဝကမ္မရောဂါများ၊ မျိုးရိုးဗီဇနှင့် မိသားစုရာဇဝင်၊ အချို့ဆေးဝါးများကို ရေရှည်သုံးစွဲခြင်းတို့ ဖြစ်သည်။ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီမမှန်ခြင်းတို့သည် MASLD နှင့် အလွန်နီးကပ်စွာ ဆက်စပ်နေသည်။ အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ ရှိသူများတွင် အသည်းအဆီဖုံးခြင်းသာမက အသည်းအမာရွတ်တိုးတက်ခြင်းအန္တရာယ်ပါ မြင့်မားသည်။

 

 

ကလေးများတွင်လည်း ဖြစ်နိုင်ပါသလား

 

 

အသည်းအဆီဖုံးရောဂါသည် လူကြီးများ၏ရောဂါတစ်မျိုးသာ မဟုတ်တော့ပေ။ ကလေးနှင့် ဆယ်ကျော်သက် များတွင် ကိုယ်အလေးချိန်ပိုခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အချိုရည်နှင့် စွမ်းအင်များသော အစားအစာစားသုံးမှု မြင့်မားလာခြင်းတို့နှင့်အတူ အသည်းအဆီဖုံးခြင်းကို တွေ့ရှိလာရသည်။ ကလေးဘဝမှ စတင်သော အဝလွန်ခြင်းသည် လူကြီးဘဝတွင် ဆီးချိုနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေကို မြင့်စေသည့်အပြင် အသည်းရောဂါ၏ ကြာချိန်ကိုလည်း ရှည်လျားစေနိုင်သည်။ ထို့ကြောင့် ကလေးများတွင် ကိုယ်အလေးချိန်မြင့်လာခြင်းကို ကြီးထွားလို့ဝလာတာ ဟုသာ သဘောမထားဘဲ အစားအသောက်၊ လှုပ်ရှားမှုနှင့် အိပ်စက်မှုပုံစံများကို ဂရုစိုက်ပေးရန် လိုအပ်ပါသည်။

 

 

လက္ခဏာများ မပြဘဲ နေနိုင်သည်

 

 

အသည်းအဆီဖုံးရောဂါ၏ အရေးကြီးဆုံးလက္ခဏာမှာ အများအားဖြင့် လက္ခဏာမရှိခြင်းပင်ဖြစ်သည်။ လူနာအများစုသည် ရောဂါအစောပိုင်းတွင် မည်သည့်အရာမျှ မခံစားရပေ။ အသည်းအမာရွတ် တိုးတက်နေသည့်တိုင် လက္ခဏာမပြဘဲ နေနိုင်သူများလည်း ရှိသည်။ အချို့သူများတွင် မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်လျော့နည်းခြင်း၊ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းတွင် မအီမသာဖြစ်ခြင်း၊ ကိုယ်လက်လေးလံခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်းတို့ ရှိနိုင်သည်။ သို့သော် ဤလက္ခဏာများသည် အသည်းအဆီဖုံးရောဂါအတွက် သီးခြားလက္ခဏာများ မဟုတ်သဖြင့် အဆိုပါ လက္ခဏာများကိုသာ အားကိုးပြီး ရောဂါသတ်မှတ်၍မရပေ။

 

 

အသည်းခြောက်သည့်အဆင့်သို့ ရောက်လာပါက မျက်လုံးနှင့်အရေပြားဝါခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်း၊ ခြေထောက် ဖောခြင်း၊ အစာစားချင်စိတ်လျော့ခြင်း၊ ကြွက်သားလျော့နည်းခြင်း၊ အရေပြားယားယံခြင်း၊ အလွယ်တကူ သွေးထွက်ခြင်း၊ သတိမရှင်းခြင်းနှင့် သွေးအန်ခြင်းကဲ့သို့သော ပြင်းထန်သည့်လက္ခဏာများ ပေါ်လာနိုင်သည်။ ဤလက္ခဏာများရှိပါက အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သည်။

 

 

အသည်းအင်ဇိုင်းပုံမှန်ဖြစ်လျှင် ရောဂါမရှိဟု ဆိုနိုင်သလား

ရောဂါမရှိဟု မဆိုနိုင်ပါ။ အသည်းအဆီဖုံးရောဂါရှိသူအချို့တွင် Alanine AminotransferaseALT နှင့် Aspartate Aminotransferase—AST စသည့် အသည်းအင်ဇိုင်းများ မြင့်နိုင်သော်လည်း အချို့သူများတွင် အင်ဇိုင်းပမာဏ ပုံမှန်ဖြစ်နေသည့်တိုင် အသည်းအဆီဖုံးခြင်း သို့မဟုတ် အမာရွတ်တိုးတက်ခြင်း ရှိနိုင်သည်။

 

 

ထို့ကြောင့် “Liver Function Test ပုံမှန်ဖြစ်လို့ အသည်းလုံးဝကောင်းတယ်” ဟု တစ်ထစ်ချကောက်ချက်ချခြင်း မပြုသင့်ပေ။ သွေးစစ်ချက်များကို ကိုယ်အလေးချိန်၊ ခါးပတ်လည်၊ ဆီးချို၊ သွေးတွင်းအဆီ၊ အာထရာဆောင်းနှင့် အမာရွတ်အန္တရာယ်တွက်ချက်မှုများနှင့် ပေါင်းစပ်သုံးသပ်ရသည်။

 

 

 

ရောဂါကို မည်သို့စစ်ဆေးသနည်း

 

 

ဆရာဝန်သည် အရက်သောက်သုံးမှု၊ ဆေးဝါးသုံးစွဲမှု၊ ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီ၊ အဝလွန်ခြင်း၊ မိသားစုရာဇဝင်နှင့် အခြားအသည်းရောဂါအန္တရာယ်များကို မေးမြန်းမည်ဖြစ်သည်။ ခါးပတ်လည်၊ ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်ကို တိုင်းတာပြီး အသည်းကြီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်းဆိုင်ရာ လက္ခဏာများကို စစ်ဆေးနိုင်သည်။

သွေးစစ်ဆေးမှုများတွင်

  • ALT, AST, ALP, GGT နှင့် Bilirubin
  • Albumin နှင့် သွေးခဲစနစ်
  • သွေးတွင်းသကြားနှင့် HbA1c
  • Cholesterol နှင့် Triglyceride
  • သွေးဥအရေအတွက်
  • Hepatitis B နှင့် Hepatitis C စစ်ဆေးမှုများ
  • လိုအပ်သည့် အခြားအသည်းရောဂါဆိုင်ရာ စစ်ဆေးမှုများ ပါဝင်နိုင်သည်။

ဝမ်းဗိုက်အာထရာဆောင်းသည် အသည်းအတွင်း အဆီများခြင်းကို သိရှိရန် အများဆုံးအသုံးပြုသည့် စစ်ဆေးနည်းတစ်ခုဖြစ်သည်။ သို့သော် အဆီနည်းနည်းသာ စုနေခြင်းကို မတွေ့နိုင်ခြင်းရှိသကဲ့သို့ အသည်းရောင်ရမ်းမှုနှင့် အမာရွတ်အဆင့်ကို တိတိကျကျ ခွဲခြားမပေးနိုင်ပေ။

 

 

အသည်းအမာရွတ်အန္တရာယ်ကို ပထမအဆင့်တွင် သွေးစစ်ချက်နှင့် အသက်တို့ကိုအသုံးပြု၍ FIB-4 ကဲ့သို့သော အန္တရာယ်တွက်ချက်မှုဖြင့် ခန့်မှန်းနိုင်သည်။ အန္တရာယ်မြင့်သူများတွင် FibroScan သို့မဟုတ် အခြား Elastography စစ်ဆေးမှုများဖြင့် အသည်းတောင့်တင်းမှုကို တိုင်းတာနိုင်သည်။ သံလိုက်ဓာတ်မှန် MRI အခြေခံစစ်ဆေးမှုများကို အထူးအခြေအနေများတွင် အသုံးပြုနိုင်သည်။ ယနေ့ခေတ်လမ်းညွှန်ချက်များသည် သွေးအခြေခံနှင့် ရုပ်ပုံအခြေခံ Non-Invasive Tests များကို အဆင့်လိုက်အသုံးပြု၍ အမာရွတ်အန္တရာယ်မြင့်သူများကို ရွေးထုတ်ရန် အလေးပေးထားသည်။

 

 

အသည်းအသားစယူစစ်ဆေးခြင်းကို လူတိုင်းလုပ်ရန် လိုပါသလား

 

 

အသည်းအသားစယူစစ်ဆေးခြင်း (Liver Biopsy) သည် အဆီစုဝေးမှု၊ ရောင်ရမ်းမှု၊ အသည်းဆဲလ်ပျက်စီးမှုနှင့် အမာရွတ်အဆင့်တို့ကို တိတိကျကျ အကဲဖြတ်နိုင်သည့် စစ်ဆေးမှုဖြစ်သည်။ သို့သော် ခန္ဓာကိုယ်အတွင်းသို့ အပ်ထိုး၍ တစ်သျှူးယူရသော စစ်ဆေးမှုဖြစ်သဖြင့် လူနာတိုင်းတွင် ပုံမှန်ပြုလုပ်ရန် မလိုအပ်ပေ။

 

ရောဂါအမျိုးအစား မရှင်းလင်းခြင်း၊ အခြားအသည်းရောဂါများနှင့် ခွဲခြားရန်လိုခြင်း၊ Non-Invasive Tests များ၏ အဖြေများ မကိုက်ညီခြင်း သို့မဟုတ် ရောင်ရမ်းမှုနှင့် အမာရွတ်အဆင့်ကို တိကျစွာ သိရန်လိုအပ်သည့် အခြေအနေများတွင် အထူးကုဆရာဝန်က စဉ်းစားဆုံးဖြတ်နိုင်သည်။

 

 

အသည်းအဆီဖုံးရောဂါသည် အသည်းတစ်ခုတည်း၏ ပြဿနာမဟုတ်ပါ

 

 

MASLD သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ဇီဝကမ္မဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ ဤရောဂါရှိသူများတွင် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် အခြားဇီဝကမ္မဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေ တိုးလာနိုင်သည်။

 

 

လူနာအများစုအတွက် အသည်းပြဿနာတစ်ခုတည်းကိုသာ ကြည့်ရှုကုသခြင်းထက် သွေးပေါင်၊ သွေးချို၊ သွေးတွင်းအဆီ၊ ကိုယ်အလေးချိန်၊ ဆေးလိပ်၊ လှုပ်ရှားမှုနှင့် အိပ်စက်မှုတို့ကို တစ်ပြိုင်နက် ထိန်းချုပ်ခြင်းက ပိုမိုအရေးကြီးသည်။ MASLD စီမံခန့်ခွဲမှုသည် အသည်းကို ကာကွယ်ရုံသာမက နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် သွေးကြောများကိုပါ ကာကွယ်ခြင်းဖြစ်သည်။

 

 

ရောဂါတိုးတက်မှုကို အသည်းအမာရွတ်က ဆုံးဖြတ်ပေးသည်

 

အသည်းထဲတွင် အဆီဘယ်လောက်များသည်ဆိုခြင်းထက် အသည်းအမာရွတ် ဘယ်လောက်တိုးတက်နေသည် ဆိုခြင်းက ရေရှည်ရလဒ်အတွက် ပိုမိုအရေးကြီးသည်။ Fibrosis ကို အများအားဖြင့် F0 မှ F4 အထိ ခွဲခြားနိုင်သည်။

  • F0 – အမာရွတ်မရှိသေးခြင်း
  • F1 – အမာရွတ်အနည်းငယ်ရှိခြင်း
  • F2 – အလယ်အလတ်အဆင့် အမာရွတ်
  • F3 – ပြင်းထန်သောအမာရွတ်
  • F4 – အသည်းခြောက်ခြင်း

F2 နှင့် F3 အဆင့်များသည် အထူးစောင့်ကြည့်ကုသရန် လိုအပ်သည့် အဆင့်များဖြစ်ပြီး F4 သို့ရောက်ပါက အသည်းခြောက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများနှင့် အသည်းကင်ဆာအန္တရာယ်ကို စောင့်ကြည့်ရန် လိုအပ်သည်။

 

ကုသမှု၏ အခြေခံသည် လူနေမှုပုံစံပြောင်းလဲခြင်းဖြစ်သည်

လူနေမှုပုံစံပြောင်းလဲခြင်းကို ဆေးမဟုတ်သော အားဖြည့်နည်းဟု မမြင်သင့်ပေ။ MASLD အတွက် အခြေခံအကျဆုံးနှင့် လူနာအားလုံးနီးပါး လိုက်နာရမည့် ကုသမှုအဖြစ် သဘောထားသင့်သည်။

 

ကိုယ်အလေးချိန်ကို ဖြည်းဖြည်းနှင့် တည်ငြိမ်စွာလျှော့ချခြင်း

 

 

ကိုယ်အလေးချိန်ပိုသူများတွင် မူလကိုယ်အလေးချိန်၏ ၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါက အသည်းအတွင်း အဆီပမာဏ လျော့နည်းနိုင်သည်။ ကိုယ်အလေးချိန်ပိုမိုလျှော့ချနိုင်လျှင် ရောင်ရမ်းမှုနှင့် အမာရွတ်တိုးတက်မှုတွင် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှု ရရှိနိုင်သည်။ သို့သော် လျင်မြန်လွန်းသည့် အစာဖြတ်ခြင်း သို့မဟုတ် အာဟာရမပြည့်ဝသောနည်းများဖြင့် ကိုယ်အလေးချိန်ကျစေရန် မကြိုးစားသင့်ပေ။ ရေရှည်လိုက်နာနိုင်သည့် စနစ်တကျအစားအသောက်နှင့် လှုပ်ရှားမှုပုံစံကို ရွေးချယ်သင့်သည်။

 

လေ့ကျင့်ခန်းသည် ကိုယ်အလေးချိန်မကျသေးလျှင်ပင် အကျိုးရှိသည်

 

 

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုသည် အင်ဆူလင်၏လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး အသည်းအဆီကို လျော့နည်း စေနိုင်သည်။ ကိုယ်အလေးချိန်သိသိသာသာ မကျသေးလျှင်ပင် လေ့ကျင့်ခန်း၏ ကျန်းမာရေးအကျိုးကျေးဇူး ရရှိနိုင်သည်။

သွက်လက်စွာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း သို့မဟုတ် မိမိနှစ်သက်သည့် အလယ်အလတ်ပြင်းထန်သော လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်သင့်သည်။ ကြွက်သားသန်စွမ်းရေး လေ့ကျင့်ခန်းများ ကိုလည်း တစ်ပတ်အတွင်း ပေါင်းစပ်ပြုလုပ်ခြင်းက ကောင်းမွန်သည်။ ကြာရှည်ထိုင်နေသူများသည် နာရီဝက် သို့မဟုတ် တစ်နာရီလျှင် တစ်ကြိမ် ထ၍လှုပ်ရှားခြင်းကို အလေ့အထပြုသင့်သည်။

 

 

အစားအသောက်ကိုလည်း သိရန်လိုသည်

 

 

အသည်းအဆီဖုံးသူသည် ထမင်းနှင့် အဆီအားလုံးကို လုံးဝဖြတ်ရန် မလိုအပ်ပေ။ အဓိကမှာ စားသုံးသည့် စုစုပေါင်းစွမ်းအင်၊ အစားအစာအရည်အသွေး၊ စားသုံးပမာဏနှင့် ရေရှည်လိုက်နာနိုင်မှုတို့ ဖြစ်သည်။ ပိုမိုစားသင့်သည် များမှာ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အချိုဓာတ်မများသော သစ်သီးများ၊ ပဲမျိုးစုံနှင့် အစေ့အဆန်များ၊ ဆန်လုံးညို၊ ဂျုံလုံးနှင့် အမျှင်ဓာတ်များသော ကာဗိုဟိုက်ဒရိတ်များ၊ ငါးနှင့် အဆီနည်းသော ပရိုတင်းအရင်းအမြစ်များ၊ အရည်အသွေး ကောင်းသော မပြည့်ဝဆီများ၊ ပြုပြင်ထုတ်လုပ်မှုနည်းသော သဘာဝအစားအစာများ ဖြစ်သည်။

 

 

လျှော့ချသင့်သည်များမှာ သကြားပါသော အချိုရည်များ၊ Soft Drink၊ Energy Drink နှင့် Bubble Tea များ၊ အချိုထည့်ကော်ဖီနှင့် လက်ဖက်ရည်များ၊ ကိတ်မုန့်၊ ဘီစကစ်၊ သကြားလုံးနှင့် အချိုပွဲများ၊ အဆီကြော်နှင့် Fast Food များ၊ အဆီများသော ပြုပြင်ထားသည့်အသားများ၊ အဖြူရောင်ပေါင်မုန့်နှင့် သန့်စင်ကာဗိုဟိုက်ဒရိတ်များကို ပမာဏ လွန်ကဲစွာစားခြင်း၊ အစာတစ်ခါတည်း အလွန်အကျွံစားခြင်းတို့ ဖြစ်သည်။

 

 

သစ်သီးကို အတော်အသင့်စားခြင်းနှင့် သစ်သီးဖျော်ရည်သောက်ခြင်းတို့ မတူညီပေ။ သစ်သီးဖျော်ရည်တွင် အမျှင်ဓာတ်နည်းပြီး သကြားဓာတ်ကို လျင်မြန်စွာ အများအပြားသောက်မိနိုင်သောကြောင့် သစ်သီးစားခြင်းက ပိုကောင်းသည်။ အစားအသောက်ကို ကျန်းမာမျှတစွာစားခြင်း၊ စားသုံးပမာဏကို ထိန်းခြင်းနှင့် ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ကို အဓိကထားရန် အကြံပြုပါသည်။

 

 

အရက်ကို ဘယ်လိုသဘောထားသင့်သနည်း

 

 

MASLD ဟုခေါ်သော်လည်း အရက်ကို လုံးဝအန္တရာယ်မရှိဟု မဆိုလိုပေ။ အသည်းတွင် အဆီစုဝေးခြင်း သို့မဟုတ် အမာရွတ်ရှိနေသူတွင် အရက်သည် အသည်းပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ အသည်းရောင်ရမ်းမှု၊ အမာရွတ်အဆင့်မြင့်ခြင်း သို့မဟုတ် အသည်းခြောက်ခြင်းရှိသူများသည် အရက်ရှောင်ရန် အထူးအရေးကြီးသည်။

 

မိမိ၏ အရက်သောက်သုံးပမာဏကို လျှော့ပြောခြင်းမပြုဘဲ ဆရာဝန်အား မှန်ကန်စွာပြောပြရန် လိုအပ်သည်။ ရောဂါအမျိုးအစားနှင့် အန္တရာယ်ကို သတ်မှတ်ရာတွင် အရက်သောက်သုံးမှုသည် အရေးကြီးသောအချက်ဖြစ်သည်။

 

 

ဆီးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီကို ထိန်းချုပ်ရမည်

MASLD ကို ကုသရာတွင် အသည်းစစ်ချက်များကိုသာ ကြည့်နေ၍မရပေ။ သွေးချိုကို ပန်းတိုင်အတိုင်းထိန်းခြင်း၊ သွေးပေါင်ကို ကောင်းစွာထိန်းခြင်း၊ သွေးတွင်း Cholesterol နှင့် Triglyceride ကို လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် ကိုယ်အလေးချိန်ကို ထိန်းခြင်းတို့သည် နှလုံးသွေးကြောအန္တရာယ်နှင့် အသည်းရောဂါတိုးတက်မှုကို လျှော့ချရာတွင် အရေးကြီးသည်။

 

 

အသည်းအဆီဖုံးခြင်းရှိသည်ဟုဆိုကာ သွေးတွင်းအဆီကျဆေးများကို ကိုယ့်သဘောဖြင့် ရပ်ခြင်းမပြုသင့်ပေ။ လူနာတစ်ဦးချင်း၏ အသည်းအခြေအနေ၊ နှလုံးသွေးကြောအန္တရာယ်နှင့် ဆေးဝါးလိုအပ်မှုကို ဆရာဝန်က ပေါင်းစပ်ဆုံးဖြတ်ရမည်ဖြစ်သည်။

 

 

အသည်းအဆီဖုံးရောဂါအတွက် ဆေးရှိပြီလား

 

အသည်းအဆီဖုံးရောဂါအတွက် ဆေးလုံးဝမရှိဟူသောအချက်သည် ယခုအခါ လူနာအားလုံးအတွက် မှန်ကန်တော့ခြင်းမရှိပေ။ သို့သော် ရိုးရိုးအသည်းအဆီဖုံးသူတိုင်း ဆေးသောက်ရမည်ဟုလည်း မဆိုလိုပါ။ ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်တွင် အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က အသည်းခြောက်ခြင်း မဖြစ်သေးဘဲ အလယ်အလတ်မှ ပြင်းထန်သော အမာရွတ် F2–F3 ရှိသည့် MASH လူနာအချို့အတွက် Resmetirom ကို အစားအသောက်နှင့် လေ့ကျင့်ခန်းတို့နှင့် ပေါင်းစပ်အသုံးပြုရန် အမြန်ခွင့်ပြုချက်ပေးခဲ့သည်။

 

 

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် Semaglutide ကိုလည်း အသည်းခြောက်ခြင်းမဖြစ်သေးသော၊ F2–F3 အမာရွတ်ရှိသည့် အရွယ်ရောက် MASH လူနာများအတွက် FDA က အမြန်ခွင့်ပြုချက်ပေးခဲ့သည်။ ဤခွင့်ပြုချက်များသည် သီးခြားသတ်မှတ်ချက်နှင့် ကိုက်ညီသော လူနာများအတွက်သာဖြစ်ပြီး ဆေးဝါး၏ အကျိုးကျေးဇူး၊ ဘေးထွက်ဆိုးကျိုး၊ အခြားဆေးများနှင့် အပြန်အလှန်သက်ရောက်မှုတို့ကို အထူးကုဆရာဝန်က စနစ်တကျ အကဲဖြတ်ပြီးမှ အသုံးပြုရသည်။

 

 

ဆေးဝါးရှိလာခြင်းက လူနေမှုပုံစံပြောင်းလဲမှုကို အစားထိုးပေးခြင်းမဟုတ်ပေ။ အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်နှင့် ဇီဝကမ္မအန္တရာယ်များကို ထိန်းချုပ်ခြင်းသည် ဆက်လက်၍ ကုသမှု၏ အခြေခံဖြစ်နေဆဲဖြစ်သည်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆေးဝါးခွင့်ပြုချက်နှင့် ရရှိနိုင်မှု မတူညီနိုင်သဖြင့် ကိုယ့်သဘောဖြင့် ဝယ်ယူသုံးစွဲခြင်း မပြုသင့်ပေ။

 

 

အသည်းအားဆေး” နှင့် “Detox” များကို သတိထားပါ

 

 

အသည်းသည် သဘာဝအတိုင်း အဆိပ်အတောက်များကို စီမံဖယ်ရှားပေးသည့် အင်္ဂါဖြစ်သည်။ အွန်လိုင်းနှင့် လူမှုကွန်ရက်များတွင် ကြော်ငြာသည့် “အသည်းသန့်စင်ဆေး”၊ “Detox Juice”၊ “အဆီဖုံးပျောက်ဆေး” နှင့် အမည်မသိ အားဖြည့်ဆေးများသည် အကျိုးရှိကြောင်း ခိုင်လုံသောအထောက်အထားမရှိနိုင်သကဲ့သို့ အချို့ထုတ်ကုန်များကိုယ်တိုင် အသည်းထိခိုက်စေနိုင်သည်။

 

“သဘာဝပစ္စည်း” ဟု ရေးထားခြင်းက အန္တရာယ်ကင်းကြောင်း အာမခံချက်မဟုတ်ပေ။ အားဖြည့်ဆေး၊ ဆေးဖက်ဝင်အပင်ထုတ်ကုန် သို့မဟုတ် ကိုယ်အလေးချိန်ကျဆေးတစ်မျိုးမျိုး သုံးမည်ဆိုပါက ပါဝင်ပစ္စည်းများကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား ပြသတိုင်ပင်သင့်သည်။

 

 

 

အသည်းအဆီဖုံးသူများ သိထားသင့်သော အယူအဆအမှားများ

 

 

            “အရက်မသောက်ရင် အသည်းအဆီမဖုံးဘူး” ဆိုသည်မှာ မှားပါသည်။ အဝလွန်ခြင်း၊ ဆီးချို၊ အင်ဆူလင်ခုခံမှု၊ သွေးတွင်းအဆီနှင့် လှုပ်ရှားမှုနည်းခြင်းတို့ကြောင့် အရက်မသောက်သူများတွင်လည်း MASLD ဖြစ်နိုင်သည်။

 

            “ပိန်တဲ့လူဆို မဖြစ်ဘူး” ဆိုသည်မှာ မှားပါသည်။ ကိုယ်အလေးချိန်ပုံမှန်ဖြစ်သော်လည်း ဝမ်းဗိုက်အတွင်း အဆီများခြင်း၊ ကြွက်သားနည်းခြင်း၊ ဆီးချိုနှင့် မျိုးရိုးဗီဇဆိုင်ရာအန္တရာယ်များကြောင့် ဖြစ်နိုင်သည်။

 

            “အသည်းအင်ဇိုင်းပုံမှန်ဆို အသည်းကောင်းတယ်” ဆိုသည်မှာ အမြဲမမှန်ပါ။ အသည်းအဆီဖုံးခြင်းနှင့် အမာရွတ်ရှိသူအချို့တွင် ALT နှင့် AST ပုံမှန်ဖြစ်နိုင်သည်။

 

            “အာထရာဆောင်းမှာ အဆီဖုံးတယ်ဆိုရင် အသည်းခြောက်နေပြီ” ဆိုသည်မှာ မဟုတ်ပါ။ အာထရာဆောင်းက အဆီစုဝေးမှုကို ခန့်မှန်းနိုင်သော်လည်း ရောင်ရမ်းမှုနှင့် အမာရွတ်အဆင့်ကို တိုက်ရိုက်မပြနိုင်ပါ။

 

            “ဆေးတစ်မျိုးသောက်လိုက်ရင် အဆီဖုံးပျောက်မယ်” ဆိုသည်မှာ လူနာတိုင်းအတွက် မမှန်ပါ။ ရိုးရိုးအဆီဖုံးသူအများစုတွင် လူနေမှုပုံစံပြောင်းလဲခြင်းနှင့် ဇီဝကမ္မအန္တရာယ်များကို ထိန်းချုပ်ခြင်းက အဓိကဖြစ်သည်။ လက်ရှိအထူးကုဆေးဝါးများသည် သတ်မှတ်ထားသော MASH နှင့် F2–F3 အမာရွတ်ရှိသူအချို့အတွက်သာ သင့်တော်သည်။

 

            “အဆီမစားရင် အသည်းအဆီမဖုံးတော့ဘူး” ဆိုသည်မှာ မဟုတ်ပါ။ အသည်းအဆီသည် စားသည့်အဆီ တစ်ခုတည်းကြောင့် ဖြစ်ခြင်းမဟုတ်ပေ။ စုစုပေါင်းစွမ်းအင်ပိုလျှံခြင်း၊ သကြားနှင့် သန့်စင်ကာဗိုဟိုက်ဒရိတ်များခြင်း၊ အင်ဆူလင်ခုခံမှုနှင့် လှုပ်ရှားမှုနည်းခြင်းတို့လည်း အရေးကြီးသည်။

 

မည်သူတွေ စစ်ဆေးသင့်သနည်း

 

ကျန်းမာသူတိုင်းကို အာထရာဆောင်းတစ်မျိုးတည်းဖြင့် အစုလိုက်အပြုံလိုက် စစ်ဆေးရန် မဆိုလိုပေ။ သို့သော် အောက်ပါအခြေအနေများရှိသူများသည် ဆရာဝန်နှင့် တိုင်ပင်၍ အသည်းအန္တရာယ်ကို အကဲဖြတ်သင့်သည်။

  • ဆီးချိုအမျိုးအစား ၂ ရှိသူ
  • ကိုယ်အလေးချိန်ပိုခြင်း သို့မဟုတ် ဗိုက်ပူခြင်းရှိသူ
  • ဇီဝကမ္မအန္တရာယ်အချက်များ အများအပြားရှိသူ
  • သွေးတွင်းအဆီမမှန်သူ
  • အကြောင်းမသိဘဲ အသည်းအင်ဇိုင်းမြင့်နေသူ
  • အာထရာဆောင်းတွင် အသည်းအဆီဖုံးသည်ဟု တွေ့ထားသူ
  • အိပ်နေစဉ် အသက်ရှူပိတ်ခြင်းရှိသူ
  • မိသားစုတွင် ပြင်းထန်သောအသည်းရောဂါ သို့မဟုတ် အသည်းခြောက်ရာဇဝင်ရှိသူတို့ ဖြစ်သည်။

အန္တရာယ်ရှိသူများတွင် အသည်းအဆီရှိမရှိသိရုံသာမက အမာရွတ်အဆင့်မြင့်မမြင့်ကို စနစ်တကျ စစ်ဆေးရန် အရေးကြီးသည်။

 

 

မည်သည့်အချိန်တွင် အထူးကုဆရာဝန်ထံ လွှဲပြောင်းသင့်သနည်း

 

 

အသည်းအင်ဇိုင်းများ အချိန်ကြာမြင့်စွာ မြင့်နေခြင်း၊ FIB-4 သို့မဟုတ် FibroScan အရ အမာရွတ် အန္တရာယ်မြင့်ခြင်း၊ သွေးဥနည်းခြင်း၊ အသည်းခြောက်နိုင်သည့် လက္ခဏာများရှိခြင်း၊ အခြားအသည်းရောဂါများနှင့် ခွဲခြားရန်လိုခြင်း သို့မဟုတ် အထူးကုဆေးဝါးအသုံးပြုရန် စဉ်းစားရခြင်းတို့ရှိပါက အသည်းရောဂါအထူးကု သို့မဟုတ် သက်ဆိုင်ရာအထူးကုထံ လွှဲပြောင်းသင့်သည်။

 

အသည်းခြောက်ခြင်းရှိလာပါက အသည်းကင်ဆာစောင့်ကြည့်စစ်ဆေးခြင်း၊ အစာရေမျို သွေးကြောဖောင်းခြင်း နှင့် အခြားနောက်ဆက်တွဲပြဿနာများကို စနစ်တကျ စောင့်ကြည့်ရန်လိုသည်။

 

မိသားစုတစ်စုလုံး ပါဝင်ပြောင်းလဲမှ ရေရှည်အောင်မြင်နိုင်မည်

 

 

အသည်းအဆီဖုံးသူတစ်ဦးတည်းကို သီးခြားအစာချက်ကျွေးခြင်းထက် မိသားစုတစ်စုလုံး၏ အစားအသောက်နှင့် လှုပ်ရှားမှုပုံစံကို ကျန်းမာသောဘက်သို့ ပြောင်းလဲခြင်းက ပိုမိုရေရှည်တည်တံ့သည်။

အိမ်တွင် အချိုရည်သိုလှောင်မှုလျှော့ခြင်း၊ ဟင်းသီးဟင်းရွက်ပမာဏတိုးခြင်း၊ အဆီနှင့်ဆားကို ချင့်ချိန် အသုံးပြုခြင်း၊ စားပွဲပေါ်တွင် အစားအစာပမာဏအလွန်အကျွံမတင်ခြင်း၊ ညစာစားပြီးနောက် မိသားစုလိုက် လမ်းလျှောက်ခြင်းနှင့် ကလေးများ၏ ဖုန်းကြည့်ချိန်ကို လျှော့ပေးခြင်းတို့သည် အသည်းကျန်းမာရေးအပြင် မိသားစု တစ်စုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စေသည်။

 

 

ကာကွယ်ခြင်းသည် ကလေးဘဝမှ စတင်ရမည်

MASLD ကို ဆေးရုံတွင်သာ ဖြေရှင်းနိုင်မည့်ပြဿနာတစ်ခုဟု မမြင်သင့်ပေ။ ကျောင်း၊ မိသားစု၊ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းအဆင့်တွင် ကျန်းမာသောအစားအစာကို လွယ်ကူစွာ ရရှိနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားရန် ဘေးကင်းသောနေရာများ ဖန်တီးပေးခြင်း၊ အချိုရည်နှင့် အလွန်အမင်းပြုပြင်ထားသည့် အစားအစာစားသုံးမှု လျှော့ချခြင်းတို့ လိုအပ်သည်။

 

ကလေးများကို အစာဖြင့် ဆုချခြင်း၊ အချိုရည်ကို နေ့စဉ်သောက်စရာအဖြစ် ပေးခြင်းနှင့် ဖုန်းကြည့်နေစဉ် အစားအစာများ ဆက်တိုက်စားစေခြင်းတို့ကို ရှောင်သင့်သည်။ ကလေးဘဝတွင် တည်ဆောက်ထားသော အစားအသောက်နှင့် လှုပ်ရှားမှုအလေ့အထများသည် လူကြီးဘဝ၏ ဆီးချို၊ နှလုံးနှင့် အသည်းကျန်းမာရေးကို ဆုံးဖြတ်ပေးနိုင်သည်။

 

 

မိမိ၏အသည်းကို ယနေ့မှစ၍ မည်သို့ကာကွယ်မည်နည်း

 

နေ့စဉ်ဘဝတွင် ရိုးရှင်းသော အပြောင်းအလဲများမှ စတင်နိုင်သည်။ အချိုရည်တစ်ခွက်ကို ရေသန့်ဖြင့် အစားထိုးခြင်း၊ ဓာတ်လှေကားအစား လှေကားအသုံးပြုခြင်း၊ ညစာစားပြီး ၂၀ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ပန်းကန်၏ ထက်ဝက်ကို ဟင်းသီးဟင်းရွက်ဖြင့် ဖြည့်ခြင်း၊ အစာစားနေစဉ် ဖုန်းမကြည့်ခြင်းနှင့် ကိုယ်အလေးချိန်၊ ခါးပတ်လည်၊ သွေးပေါင်၊ သွေးချိုနှင့် သွေးတွင်းအဆီတို့ကို အချိန်မှန် စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။၏

 

လူနေမှုပုံစံပြောင်းလဲခြင်းတွင် ပြီးပြည့်စုံမှုထက် ဆက်လက်လုပ်ဆောင်နိုင်မှုက ပိုအရေးကြီးသည်။ တစ်ရက်တည်းနှင့် အလွန်အကျွံပြောင်းလဲပြီး နောက်ပိုင်းမလိုက်နာနိုင်ခြင်းထက် သေးငယ်သည့် အပြောင်းအလဲကို နေ့စဉ်ဆက်တိုက် လုပ်ဆောင်ခြင်းက ပိုမိုအကျိုးရှိသည်။

 

အသည်းအဆီဖုံးရောဂါသည် အစောပိုင်းတွင် ပြန်လည်ကောင်းမွန်နိုင်သည့် အခွင့်အလမ်းရှိသော ရောဂါ ဖြစ်သည်။ သို့သော် လက္ခဏာမပြသဖြင့် မသိရှိဘဲထားခြင်း သို့မဟုတ် သိရှိပြီးနောက် လျစ်လျူရှုခြင်းကြောင့် အသည်းရောင်ရမ်းမှု၊ အမာရွတ်၊ အသည်းခြောက်နှင့် အသည်းကင်ဆာအထိ တိုးတက်နိုင်သည်။

မိမိသည် အရက်မသောက်သူဖြစ်ခြင်း၊ ကိုယ်ခန္ဓာမနာကျင်ခြင်း သို့မဟုတ် အသည်းအင်ဇိုင်း ပုံမှန်ဖြစ်ခြင်း တို့ကြောင့် အသည်းရောဂါလုံးဝမရှိဟု မယူဆသင့်ပေ။ အထူးသဖြင့် ဆီးချို၊ အဝလွန်ခြင်း၊ ဗိုက်ပူခြင်း၊ သွေးတိုးနှင့် သွေးတွင်းအဆီပြဿနာများရှိပါက အသည်းကျန်းမာရေးကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။

 

အသည်းကို ကာကွယ်ခြင်းသည် အသည်းတစ်ခုတည်းကိုသာ ကာကွယ်ခြင်းမဟုတ်ပေ။ နှလုံး၊ သွေးကြော၊ ဦးနှောက်၊ ကျောက်ကပ်နှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ဇီဝကမ္မကျန်းမာရေးကို ကာကွယ်ခြင်းဖြစ်သည်။ အသည်းအဆီဖုံး ရောဂါကို စောစီးစွာသိရှိ၍ အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်နှင့် ဆက်စပ်ရောဂါများကို စနစ်တကျ ထိန်းချုပ်နိုင်ပါက ပြင်းထန်သောအသည်းရောဂါသို့ တိုးတက်ခြင်းကို လူနာအများအပြားတွင် ကာကွယ်နိုင်မည်ဖြစ်သည်။

 

ကျန်းမာသောအသည်းသည် ဈေးကြီးသော “Detox” ထုတ်ကုန်တစ်မျိုးမှ စတင်ခြင်းမဟုတ်ပါ။ နေ့စဉ် စားသောက်ပုံ၊ လှုပ်ရှားပုံ၊ အိပ်စက်ပုံနှင့် မိမိကျန်းမာရေးကို အချိန်မီစစ်ဆေးသည့် အလေ့အထမှ စတင်ခြင်းဖြစ်ပါသည်။

 

မှတ်ချက်။ ဤဆောင်းပါးသည် ကျန်းမာရေးပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး လူနာတစ်ဦးချင်းအတွက် ရောဂါရှာဖွေခြင်း သို့မဟုတ် ဆေးညွှန်းပေးခြင်းကို အစားမထိုးနိုင်ပါ။ အသည်းစစ်ချက်မမှန်ခြင်း၊ အသည်းအဆီဖုံးခြင်း သို့မဟုတ် အသည်းရောဂါလက္ခဏာများရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

 

 

မန္တလာ ဆရာမျိုး

 

မန္တလာ ဆရာမျိုးဟာ ဆေးတက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ်ဒေါက်တာမျိုးသက်တင်ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW