မောင်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေး ၁၀ ယောက် ဒဏ်ရာရ

သြဂုတ် ၂၁ ၊၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် ကလေးငယ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
သြဂုတ် ၂၀ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီကျော်လောက်လောက်မှာ ကလေးငယ် ၁၀ ယောက်ဟာ စစ်ကျန်ဗုံးသီးကို ထုရိုက်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အဲဒီထဲမှာ ခြောက်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့သိရ ပါတယ်။
” ကလေးတွေက သူတို့ကစားနေကျ ခြံလွတ်ထဲမှာ သွားပြီး ကစားကြတာ ။ အဲဒီမှာ ဗုံးသီးကို ဘယ်ကဘယ်လိုရတယ်မသိဘူး ။ထုကြရိုက်ပြီး ဆော့ ကြတော့ ဗုံးကပေါက်ကွဲမှုဖြစ်တာ။ ခုထိအကုန်လုံး ဆေးကုသမှုခံယူနေရပါတယ်။ဖြစ်တဲ့ကလေးတွေက အင်ဒင်းရွာက ငါးယောက် ၊ ပဲရုံရွာက ငါးယောက်ပါတယ် ။ ” လို့ စစ်ရှောင် ကူညီနေသူက ပြောပါတယ် ။
ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ၅ နှစ်အရွယ် မမိုးနွယ်ဦး ၊ အသက် ၆ အရွယ် မောင်မိုးအောင်ဌေး၊ အသက် ၈ နှစ်အရွယ်တွေဖြစ်တဲ့ မောင်အောင်ဟိန်းထက်၊ မောင်အောင်ငြိမ်းထက်၊ မောင်မြတ်လင်းအောင် ၊ မောင်မင်းမြတ်သာကီ နဲ့ အသက် ၉ နှစ်အရွယ် မမိုးရွှေပန်း နဲ့အသက် ၁၁ နှစ်အရွယ်ဖြစ်တဲ့ မစိန်ရတီဦး နဲ့ မောင်ခိုင်သူရိန်ထွန်း၊အသက် ၁၀ နှစ်အရွယ် မောင်ပြည့်ဆန်းကျော်စွာ တို့ဖြစ်တယ်လို့ သိရပါတယ် ။
ဇွန် ၂၇ ရက်ကလည်း မောင်တောမြို့နယ်၊လေးမိုင်ရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မင်းပြားမြို့နယ်မှာ စစ်ကျန်‌ဗုံးသီးတလုံး ပေါက်ကွဲပြီး နှစ်ယောက် သေဆုံးခဲ့သလို ဖေဖော်ဝါရီ ၈ ရက်ကလည်း မောင်တောမြို့နယ်၊အီတာလီယာကျေးရွာမှာ မြေမြှုပ်မှိုင်းကိုထုခွဲရာကနေ ပေါက်ကွဲလို့ ကလေးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ကလည်း ရခိုင်ပြည်နယ်မှာမြေမြှုပ်မိုင်း နဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၉၀ နီးပါးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW