မန်တုံမှာ ဒေသခံတွေ သဘောတူညီမှု မရှိပေမယ့် မြေရှားသတ္တု တူးဖော်လာ

ဩဂုတ် ၂၅၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မန်တုံမြို့နယ်မှာ ဒေသခံတွေ အားလုံးရဲ့ သဘောတူညီမှု မရပေမယ့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေရှားသတ္တု တူးဖော်တာတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မန်တုံဒေသမှာ မြေရှားသတ္တုတွေ တူးနေတာ အများကြီးရှိနေတယ်။ နမ့်ခမ်း၊ မိုင်းဝီး ဘက်တွေမှာလည်း မြေတွေ လိုက်စမ်းထားတာ အများကြီးပဲ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်းက မန်တုံ နဲ့ နမ္မတူ လမ်းကြောင်းတွေဘက်ကနေ လားရှိုးမြို့ပြင်လမ်းကြောင်းအတိုင်း သိန္နီ – ချင်းရွှေဟော် ဘက် သတ္တုတင် တရုတ်ကား တရက် တရက်ကို ရာချီဖြတ်သန်းနေတာ တွေ့ရကြောင်းလည်း ဒေသခံ တချို့က ပြောပါတယ်။
“ကျမတို့ မန်တုံမှာ ဒေတာကောက်ယူပြီး ဆန့်ကျင်တားဆီးတာတွေ လုပ်ပေမယ့် လက်ရှိထိ ကြီးကြီးမားမား လုပ်နေတာက မြေရှားသတ္တုတူးဖို့ စမ်းသပ်တဲ့နေရာတွေ အရမ်းများပြီ” လို့ ဒေသခံအမျိုးသမီး တယောက်က ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မြေရှားသတ္တု လုပ်ငန်းရှင်တွေဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်ကစပြီး မန်တုံဒေသဘက်ကို ရောက်လာတာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလလောက်ကစပြီး မြေရှားသတ္တု တူးဖော်တာတွေ စတင်လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒေသခံတွေက မြေရှားသတ္တုတူးဖော်တာတွေကြောင့် သူတို့ သောက်ရေ၊ သုံးရေရရှိတဲ့ ရေထွက်ဦးနေရာတွေ ထိခိုက်လာမှာကို အဓိက စိုးရိမ်နေကြတာလို့ သူက ထပ်မံ ပြောပြပါတယ်။
မန်တုံဒေသမှာရှိတဲ့ ပလောင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ မြေရှားသတ္တု တူးဖော်တဲ့ ကုမ္ပဏီတွေထံကိုလည်း မြေရှားသတ္တု တူးဖော်မှုနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်း နဲ့ ဒေသခံတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့ စာတွေ ပေးပို့ထားတယ်လို့လည်း သူက ပြောပါတယ်။
“အခု တူးနေတာက ပလောင်ရွာနဲ့ လီဆူရွာတွေမှာပဲ တူးတယ်။ ကချင်ရွာတွေမှာတော့ မြေစမ်းသပ်တာတွေ လုပ်တယ်။ ဒါပေမယ့် တူးနေတာတော့ မရှိသေးဘူး။ အဲဒါကြောင့် ကချင်ရွာက ဒေသခံတွေ သဘောမတူဘူးဆိုပြီး တချို့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ပြန်သွားကြတာရှိတယ်” လို့ သူက ရှင်းပြပါတယ်။
မန်တုံမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ လီဆူကျေးရွာတွေမှာလည်း ရွာနောက်ဘက်မှာ မြေရှားသတ္တု တူးဖော်တာတွေ ရှိနေပြီး တူးဖော်ရာက ထွက်လာတဲ့ ရေတွေဟာ ရွှေလီမြစ်ထဲ စီးဝင်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလောင်ကျေးရွာတွေမှာ တူးဖော်တာတွေကလည်း ရွာအနီးမှာရှိတဲ့ ချောင်းတွေထဲကို စီးဝင်နေတာကြောင့် အဲဒီချောင်းရေကို သောက်သုံးနေရတဲ့ ဒေသခံတွေအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“တချို့က ပြောမယ်ဆိုရင် ဒေသခံတွေရဲ့ သောက်ရေ၊ သုံးရေ အရင်းမြစ်၊ ရေထွက်ဦးနေရာဘက် မထိခိုက်အောင် ဒေသခံတွေ ပြောတာဟုတ်တယ်။ လီဆူရွာကတော့ မန်တုံမြို့နဲ့ ၅ မိုင်လောက် ဝေးတယ်။ တချို့က အဲဒီရွာနောက်ကျောမှာပဲ တူးတယ်ဆိုတော့ ရွှေလီမြစ်ထဲ စီးဝင်တယ်။ ပလောင်ရွာတွေမှာ တူးတဲ့ဟာတွေလည်း ရွာဘေးက ကျမတို့ ခပ်သောက်တဲ့ချောင်းရေထဲ စီးဝင်တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မြေရှားသတ္တုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်တွေထဲမှာ လားရှိုးနဲ့ နမ့်ခမ်းဘက်က လူတွေ ပါဝင်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် မြေရှားသတ္တု တူးဖော်တဲ့ လုပ်ငန်းရှင်တွေကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ အမြင်မှာတော့ TNLA က တိုက်ပွဲတွေအတွင်း သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေမှာ မြေရှားသတ္တု တူးဖော်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်လာတာလို့ လည်း ဆိုပါတယ်။
Stimson Center ရဲ့ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်အရ မန်တုံမြို့နယ် TNLA ထိန်းချုပ်နယ်မြေထဲမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက် အနည်းဆုံး ၁၂ ခု ပေါ်လာနေပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက မြေရှားသတ္တုနဲ့ ဆက်စပ်တဲ့ ဓာတ်သတ္တုရည် စုဆောင်းကန်တွေကို ဂြိုဟ်တုဓာတ်ပုံတွေကနေ တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
Stimson ရဲ့ လေ့လာချက်မှာ မြေရှားသတ္တု တူးဖော်တဲ့နေရာတွေက ဓာတုပစ္စည်းတွေနဲ့ မြေထဲက သတ္တုရည်တွေကို ရေထဲစီးဝင်စေနိုင်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ရေထုစမ်းသပ်မှုတွေက အလွန်အမင်း အက်ဆစ်ဓာတ်များတဲ့ pH အဆင့်နဲ့ ညစ်ညမ်းပစ္စည်း ပမာဏမြင့်မားတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဟာ မြောက်ပိုင်းရှမ်းပြည်နယ်က ရွှေလီနဲ့ မြစ်ငယ်မြစ်ဝှမ်းတွေမှာလည်း ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ Stimson Center က သတိပေးထားပါတယ်။
ဒါ့အပြင် Stimson ရဲ့ လေ့လာချက်အရ မြေရှားသတ္တုတူးဖော်ရာမှာ အသုံးပြုတဲ့ leaching လုပ်ငန်းစဉ်က ရက်ပေါင်း ၁၅၀ ကနေ ၄၀၀ အထိ ကြာနိုင်တာကြောင့် မန်တုံမှာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တွေ့ရှိထားတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကို သတ္တုတင်ပို့မှုတွေ စတင်နေပြီးဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ မန်တုံမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုတွေကို ရပ်တန့်ပေးဖို့ ဒေသခံတွေက ကန့်ကွက်စာတွေ ပေးပို့ထားပေမယ့် ထိရောက်တဲ့ တုံ့ပြန်မှု မရသေးဘူးလို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ ဩဂုတ် ၁၈ ရက်က ထုတ်ပြန်တဲ့ Kachin News Group သတင်းမှာလည်း မခုတ်ချောင်းဖျားမှာ မြေရှားသတ္တုလုပ်ငန်း လုပ်ဆောင်နေတာကြောင့် ရေဦးရေထွက်ကို အသုံးပြုနေတဲ့ လွယ်ယား၊ တုန်ဟုန်းခမ်း၊ မန်ပြိန်းနဲ့ ညောင်တန်ကျေးရွာတွေက ဒေသခံတွေ ကန့်ကွက်စာတင်ထားတာ ၄ လခန့်ရှိပြီလို့ ဖော်ပြထားပါတယ်။
အဲဒီနေရာမှာ အဓိက စိုးရိမ်စရာက မြေရှားသတ္တုတူးဖော်မှုကြောင့် တောတောင်ပျက်စီးတာထက် ရေထွက်ဦးနေရာတွေ ထိခိုက်ပြီး ဒေသခံတွေရဲ့ နေ့စဉ်သောက်သုံးရေ အရင်းအမြစ် ပျက်စီးသွားနိုင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျမတို့က မြေရှားသတ္တု မတူးရဘူးလို့ပဲ ပြောတာမဟုတ်ဘူး။ ကျမတို့သောက်တဲ့ရေ၊ သုံးတဲ့ရေ အရင်းအမြစ်ကို မထိခိုက်အောင် လုပ်ပေးဖို့ ပြောတာ။ အခုက ရေထွက်ဦးနေရာမှာတောင် လာလုပ်နေတော့ ကျမတို့အတွက် စိုးရိမ်စရာ ဖြစ်တယ်” လို့ မန်တုံ ဒေသခံ နောက်ထပ် အမျိုးသမီး တယောက်လည်းက ပြောပါတယ်။
မန်တုံမြို့နယ်အတွင်း TNLA ထိန်းချုပ်နယ်မြေမှာ မြေရှားသတ္တုလုပ်ကွက်တွေ တိုးပွားလာနေတာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ သုတေသနအဖွဲ့တွေကလည်း အတည်ပြုဖော်ပြထားပြီး ဩဂုတ် ၁၉ ရက် ဧရာဝတီသတင်းမှာ မန်တုံမြို့နယ်အတွင်း လုပ်ကွက်သစ်တွေနဲ့ လက်ရှိတူးဖော်နေဆဲ လုပ်ကွက် စုစုပေါင်း ၉ ကွက်အထိ တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မြေရှားသတ္တုတူးဖော်မှုတွေ တိုးလာနေချိန်မှာ ဒေသခံတွေရဲ့ သဘောတူညီမှု မရရှိသေးတဲ့နေရာတွေမှာပါ တူးဖော်မှုတွေ ဆက်လုပ်မယ်ဆိုရင် ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပြင် ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေကြား ပဋိပက္ခတွေ ပိုမိုကြီးထွားလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတွေက သတိပေးထားကြောင်း Stimson Center ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo Crd# Stimson Center

Related posts

Leave a Comment

VOM News

FREE
VIEW