ငဝန်တာ ရေကျော်တဲ့နေရာမှာ သံမဏိ တာတားတိုင် ၆၉ ချောင်း ရိုက်သွင်းပြီးစီး

ဩဂုတ် ၂၇ – ၂၀၂၆
SN (VOM)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုးပေါက်မှု ပိတ်ဆို့မှု လုပ်ငန်းစဉ်အတွင်း ငဝန်တာ (ပန်းတောတမံ) ရေကျော်တဲ့နေရာမှာ အရှည် ၁၂ မီတာရှိ Steel Sheet Pile (သံမဏိ တာတားပြား) တွေကို အလျား ၈၉၀ ပေခန့် ရေတားနံရံအဖြစ် အုပ်မိုး၊ ရိုက်သွင်းနေပြီး စုစုပေါင်း ၂၈၆ ချောင်းအနက် ၆၉ ချောင်းကို အောင်မြင်စွာ ရိုက်သွင်းပြီးစီးပြီလို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က မနေ့ ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ရေစီးအလွန်သန်တဲ့ နေရာတွေနဲ့ သဲကြောတွေမှာ ရေကာနံရံ ပိုမိုခိုင်ခံ့စေဖို့ Steel Pipe Pile (သံမဏိ ပိုက်တိုင်ကြီးတွေ) ကို Crawler Crane (ကြိုးဆွဲကရိန်းကြီးတွေ) နဲ့ ရေအောက်အုတ်မြစ်အထိ မ တင် စိုက်ထူပေးနေတယ်လို့ သိရပါတယ်။
တပြိုင်တည်းမှာပဲ သဲစုပ်စက်လှေ ၁၃ စီးမှ စုပ်ယူပေးတဲ့ သဲတွေကို Geo Bag အိတ်ကြီးတွေထဲ အပြည့်ဖြည့်တင်းကာ ရိုက်စိုက်ထားတဲ့ Sheet Pile နံရံတွေရဲ့ ဘေးပတ်လည်နဲ့ တာနိမ့်ကျတဲ့ နေရာတွေမှာ ရေအောက်အထိ စနစ်တကျ ဖိသိပ်ချပေးခြင်း၊ သဲအိတ်တွေနဲ့ အထပ်ထပ်စီရီပြီး အရေးပေါ် ရေတားနံရံ တည်ဆောက်ခြင်းတို့ကိုလည်း တာဝန်ရှိသူတွေက နေ့ရောညပါ ရေနဲ့အပြိုင် အချိန်လု ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက “ရေကာတာကို ပိတ်နိုင်ဖို့ကို ကျွန်တော်သိသလောက်က တိုင်းအစိုးရအဖွဲ့ရော၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရော၊ တပ်မတော်သားတွေရော အကုန်လုံး အင်တိုက်အားတိုက်နဲ့ ကြိုးစားပြီး ဖာထေးနေပါတယ်။ Sheet Pile Sheet တွေ ရိုက်နေတယ်။ လူအားရော၊ စက်အားရော လုပ်နေတာတွေ့ခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိ လေးမျက်နှာမြို့နယ်အတွင်းမှာ မနေ့ ဩဂုတ် ၂၆ ရက်အထိ အခြေအနေအရ ၃ ပေခွဲ၊ ၄ ပေနီးပါးလောက် ရေပြန်ကျနေပေမယ့် ရေဘေးရှောင်သူတွေ နေအိမ်ပြန်ဝင်နိုင်ဖို့ကတော့ ကျိုးနေတဲ့ရေကာတာကို အပြီးပိတ်နိုင်မှသာ အဆင်ပြေနိုင်မယ်လို့ လေးမျက်နှာမြို့နယ် ပညာရေးစေတနာ့ဝန်ထမ်း ပရဟိတလူမှုကူညီရေးအသင်းနဲ့ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
“မြို့ပေါ်နဲ့ ကတ္တရာလမ်းတွေပေါ်မှာ ရေက တချို့နေရာတွေမှာ ခါးစောင်းလောက်ရှိတယ်။ တချို့နေရာတွေမှာ ရင်စို့လောက်ရှိတယ်။ မြို့နယ်စိုက်ပျိုးရေးရုံးတို့၊ ဥပဒေရုံးတို့၊ ရဲစခန်းတို့ အဲဒီဘက်တွေဆိုရင် ရင်စို့လောက် ရေရှိပါသေးတယ်။ အိမ်တွေပေါ်မှာတင် အနည်းဆုံး ခါးစောင်းလောက်အထိ ရေရှိသေးတယ်။ ဒါကြောင့် ရေဘေးရှောင်တွေ အိမ်ပြန်နေဖို့ အဆင်မပြေနိုင်သေးဘူး။ တာကျိုးပေါက်ကြီးကို ပိတ်တာ လုံသွားရင်တော့ ပြန်နေလို့ရမယ်ပေါ့။ မလုံသေးဘဲနဲ့ ပြန်နေလို့၊ နောက်ရေများ လာမလားပေါ့။ နောက်ရေလာရင် နောက်တခေါက် ထပ်ပြေးရမယ့် အနေအထားမျိုး ဖြစ်နိုင်တယ်” လို့ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
လက်ရှိမှာ ‌ဒေသအခေါ် “ရေဦး” ပြီးသွားပြီဖြစ်ကာ ဒုတိယတကြိမ် ထပ်တက်လာနိုင်တဲ့ “ရေလယ်” ကျန်နေသေးတာကြောင့် အဲဒီ ဒုတိယရေဟာ ပထမရေလို မကြီးမှသာ မြို့နယ်အတွင်း ရှိနေတဲ့ အောက်ရေတွေဟာ တဖြည်းဖြည်း လျောဆင်းပြီး ဒါးကချောင်းကနေတဆင့် ပင်လယ်ထဲကို ထွက်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါးကချောင်းကနေ ရေထွက်ပြီး ရေကျသွားတဲ့အချိန်မှသာ တာကျိုးပေါက်ကို အဆင်ပြေပြေ ပိတ်နိုင်မှာဖြစ်တယ်လို့ သိရပြီး လေးမျက်နှာမြို့ရဲ့ သဘောသဘာဝအရ မြို့ကို စတည်ကတည်းက ဒယ်အိုးခွက်လို ပုံစံမျိုးထဲမှာ တည်ထားတာဖြစ်လို့ မိုးရွာပြီး ကြီးတဲ့ရေတောင် ခုနစ်ရက်လောက်ကြာမှ ပြန်ဆင်းနိုင်တယ်လို့ သူက ပြောပါတယ်။
“မိုးရေတောင် တခါတစ်လေ မြုပ်နေတာ။ အခုဒီလို တာအိပြီးတော့ ထူးပေါက်ကနေပြီး ရေကျော်ဝင်ရောက်တယ် ဆိုတာကတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် အခု မြို့တွင်းမှာရှိနေတဲ့ရေတွေက မြို့ပတ်တာကနေ ထွက်ဖို့ဆိုတာ ထပ်ပြီး အချိန်ယူရလိမ့်မယ်ထင်တယ်” လို့ သူက ပြောပါတယ်။
တကယ်လို့ တာကျိုးပေါက်ကို ပိတ်နိုင်ပြီဆိုရင်တောင် လက်ရှိ အတွင်းထဲမှာ ရှိပြီးသားရေဟာ တဖြည်းဖြည်းချင်း ကျမယ့်သဘောသာ ရှိနေပြီး လေးမျက်နှာကနေတဆင့် ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တွေအထိ ရေရောက်ရှိကာ ပုသိမ်၊ ဒါးကချောင်းကနေ ရေပြန်ထွက်မှာဖြစ်တာကြောင့် ရေပြန်ကျဖို့ အချိန်ကြာနိုင်တယ်လို့ သူက ပြောပါတယ်။
ရေကြီးမှုကာလ ရက်ရှည်လာတာနဲ့အမျှ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာအခက်အခဲ ရှိလာနိုင်ပြီး လတ်တလော လိုအပ်ချက်အနေနဲ့ ချက်ပြုတ်ဖို့အတွက် မီးဖို၊ လောင်စာအနေနဲ့ မီးသွေး၊ ထင်းနဲ့ သောက်သုံးရေတို့ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ရေဘေးသင့် ပြည်သူတွေအနေနဲ့ ရေပြန်ကျချိန် နေအိမ်ပြန်ဝင်ရမယ်ဆိုပါက လျှပ်စစ်မီး ချက်ချင်း မရနိုင်တဲ့အတွက် ဆိုလာပြားလေးတွေနဲ့ မီးလုံးတွေ လိုအပ်သလို ပိုးမွှားအန္တရာယ်တွေလည်း ရှိနိုင်တာကြောင့် လက်နှိပ်ဓာတ်မီးတွေလည်း လိုအပ်နိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရေကြီးမှုမှာ ရေမြုပ်သွားတဲ့ ဧရိယာနဲ့ ရေဝင်တဲ့ ဧရိယာဆိုပြီး နှစ်မျိုးရှိကာ ရေဝင်တယ်ဆိုတာက ကိုယ့်အိမ်ခြံထဲ ရေဝင်ရုံသာဝင်ပြီး ဘာမျှ ဆုံးရှုံးမှုမရှိတာဖြစ်ပြီး ရေမြုပ်သွားတာကတော့ နေအိမ်တွေ၊ ကျောင်းတွေ၊ အစိုးရပိုင်း ဌာနဆိုင်ရာ အဆောက်အအုံတွေ ဆုံးရှုံးတာဖြစ်ကာ လယ်တွေ ပျက်စီးသွားလည်း ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိ‌ ရေကြီးမှုကြောင့် လေးမျက်နှာမှာ စိုက်ပျိုးဧက ထောင်နဲ့ချီ၊ ဟင်္သာတဘက်မှာ ဧက ရာဂဏန်းလောက်၊ ကျုံပျော်၊ ငါးသိုင်းချောင်းဘက်တွေမှာ ဧက ထောင်ဂဏန်းလောက် ဆုံးရှုံးသလို ပုလောပီနံ စိုက်ဧကတွေလည်း ဆုံးရှုံးတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ရေပြန်ကျချိန်မှာ တချို့နေအိမ်တွေ သဲဖုံးသွားတာရှိသလို အိမ်တွေကျွတ်ပြီး ရေမျောသွားတာ၊ အိမ်တွေ ပြိုသွားတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
“ကျွန်းတဲရွာဆိုရင် အိမ်ခြေ ငါးလုံးလောက် သဲဖုံးသွားတယ်။ အိမ်ထဲမှာ သဲတွေက ခါးစောင်းလောက်ရှိတယ်။ တာကျိုးပေါက်နဲ့ တည့်တည့်မှာရှိတဲ့ မူလတန်းကျောင်း တကျောင်းဆိုရင် ရှေ့မှာသဲက တော်တော်များတယ်။ ပြန်လည်ထူထောင်ရေး၊ သန့်ရှင်းရေး လုပ်တဲ့အခါဆိုရင် တော်တော်လေး လုပ်ယူရမယ့် အနေအထားမျိုးရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဧရာဝတီတိုင်း ရေကြီးမှုအတွင်း လာရောက် ကူညီ၊ လှူဒါန်းပေးကြသူတွေကို ရေဘေးဒုက္ခသည်တွေကိုယ်စား ကျေးဇူးအထူးတင်ပြီး ပြန်လည် ထူထောင်ရေးကာလ ရောက်ရှိလာတဲ့အခါမှာလည်း ဝိုင်းဝန်း ကူညီပေးစေချင်တယ်လို့ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
အလှူရှင်တွေအနေနဲ့ လှူဒါန်းရေး၊ သွားလာရေးပိုင်းတွေမှာ အကူအညီတွေ လိုအပ်ပါက ပညာရေးစေတနာ့ဝန်ထမ်း ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းထွဋ်ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၉၈၉၁၅၅၃၄၄၀ နဲ့ ၀၉၂၅၁၁၁၆၃၆၃ ကို တိုက်ရိုက် ဆက်သွယ်နိုင်ပြီး အလှူရှင်တွေ သွားလာရေးအတွက် အခမဲ့ အကုန် ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ဧရာဝတီတိုင်းအစိုးရအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW