သူတို့အိမ် အခန်း (၂၀၅)

ဆူးငှက်

 

 

အရပ်ကူပါ လူဝိုင်းပါ
———————-
ကျွန်တော် မြေလေးတစ်ကွက် ဝယ်မယ်ဆိုတော့ ကိုအောင်မင်း (ကိုမောင်မောင်မြင့်) က အိမ်လခ တစ်နှစ်စာ အစား ငွေ၃သိန်း ကူညီသည်။ သူတို့ ဇနီးမောင်နှံက သူတို့ ကြီးကြပ် တာဝန်ယူရသည့် သောက်ရေသန့်နှင့် ရေသန့်ရေခဲ လုပ်ငန်းအတွက် တံဆိပ်လိုဂိုတွေ အရောင်တွေ၊ ကားစတစ်ကာ ဒီဇိုင်းတွေ၊ ဗူးဒီဇိုင်းတွေ၊ စမ်းသပ်ထုတ်လုပ်သည့် အခြားပစ္စည်းအတွက် ဗူးဒီဇိုင်းတွေ စသည်ဖြင့် ကျွန်တော်က ကူညီလုပ်ကိုင်ပေးသောကြောင့် ဆုချသည့် သဘောလည်း ဖြစ်သည်။ ကြားကာလ ကလည်း ကျွန်တော့်ကို လုပ်အားခ သဘော ပေးပါသေးသည်။ ထို့နောက် ကိုမြင့်ဆွေ (ဆရာ နီမင်းဆွေ) က ၃သိန်း ကူညီသည်။ အခု မြစ်ကြီးနား ဥတ္တရလမင်းစာပေ ဦးသန်းဆွေ ကလည်း ၁သိန်းကူညီသွားသည်။

 

 

တစ်ဆက်တည်းပင် မုံရွာက အစ်ကိုဝမ်းကွဲ ကိုမောင်ဝင်း မရီရီမြင့် ကလည်း ၁သိန်း လှမ်းပို့ ကူညီသည်။ မုံရွာ ငွေငန်း မိသားစုက ကျွန်တော်နှင့် တက္ကသိုလ်တက်ဖက် အေးအေး (မအေးအေးမိုး) ကလည်း ၁သိန်းကူညီသည်။ ကျွန်တော် မြေရှာနေတာ သိသည့် ကိုထွန်းဦး က ကျွန်တော်မြန်မာ့ဓန မဂ္ဂဇင်းမှာ လစဉ်ရေးနေသည့် မန္တလေး မျဉ်းဖြောင့်များ ကို စုစည်းစာအုပ်ထုတ်မည့် အစီအစဉ်အတွက် ကြိုတင် စရံငွေ ၅သောင်းလည်း ထုတ်ပေးသည်။ ထို့ကြောင့် ကျွန်တော့် လက်ထဲမှာ ငွေသားချည်း ၉သိန်း၅သောင်း ရှိနေပါပြီ။ ကျွန်တော့် လက်ထဲ အတိုအထွာ ရှိနေတာရောဆို ထားပါတော့ ၁၀သိန်းပေါ့။ ထို ၁၀သိန်းနှင့် မြေလေးရှာရခြင်း ဖြစ်သည်။

 

ရေနီမြောင်းဘောင်က ၁၀သိန်းတန်ခြံ
—————————————–
ထိုသို့ ရှာရင်းဖွေရင်း မြေကံ မစပ်သေးဘဲ အဆင်မပြေ ဖြစ်နေချိန် ဟေမာဇလရပ်တွင် အတူနေခဲ့ဖူးသည့် ကိုအောင်နိုင်လင်းက ကျွန်တော်နှင့် အမှတ်မထင် တွေ့စဉ် သတင်း တစ်ခု ပေးသည်။ မာန်အောင်တိုက်အနီးက ရခိုင်ကြီးမုန့်ဟင်းခါးဆိုင်က ပြောသတဲ့။ သူတို့အိမ်နား ရေနီမြောင်းဘောင်မှာ ခြံရော တစ်ထပ်အိမ်လေးရော ၁၀သိန်းတဲ့ ရောင်းစရာရှိတယ်တဲ့။ ထိုသတင်းကို ကိုအောင်နိုင်လင်းထံက သိလျှင်သိချင်း ရခိုင်ကြီး မုန့်ဟင်းခါးဆိုင်ရှင်အိမ်က မာန်အောင်တိုက်ရဲ့ အရှေ့နားမှာဆိုတော့ ရေနီမြောင်းဆိုတာ ဓမ္မစကြာရိပ်သာအရှေ့ဘက်က ရေနီမြောင်းပဲ ဖြစ်မှာဟု ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး ရေနီမြောင်း အနောက်ဘက် လမ်းလေးအတိုင်း ရေစစ်ကန်သို့ ဝင်သည့် လမ်းမှသည် နန်းရှေက ၁၉လမ်းအထိ မြောင်းဘောင်တစ်လျှောက် စက်ဘီးနှင့် အခေါက်ခေါက် ပတ်ကြည့် ဖြစ်သည်။

 

 

ထိုစဉ်က ထိုနေရာမှာ ခြံကျယ်ကြီးများပဲ ရှိသေးသည်။ တစ်ထပ်အိမ်နှင့် ခြံဆိုသည်က တစ်နေရာပဲ တွေ့သည်။ ခြံက အတော်ကျယ်တာမို့ ၁၀သိန်းဆိုတာ ဟုတ်ပါ့မလားဟု သံသယ ဝင်မိသည်။ အကယ်၍ ဟုတ်လျှင် လက်ခမောင်း ခတ်ပေရော၊ ပေ၂၀၀ ပတ်လည်လောက် ရှိမည့် ခြံကြီး၊ ခြံထဲမှာ သရက်ပင် အပါအဝင် အရိပ်ရပင်တွေရှိသည်၊ ငှက်ပျောပင် အုပ်အုပ်တွေပင် လှမ်းမြင်ရသည်။ ခြံအလယ်မှာ သွပ်မိုး အုတ်ကာ တစ်ထပ်အိမ်လေး၊ ၂ခန်း ပတ်လည်လောက် ရှိမှာပေါ့။ လူရိပ်တော့ မမြင်ရ။ သေချာအောင်က ရခိုင်ကြီး မုန့်ဟင်းခါးဆိုင် ပိုင်ရှင်ကို တွေ့မှ ဖြစ်မည်။

 

 

အိပ်မက်က တစ်ညပင်မခံ ၊ ထိုနေရာကို သွားကြည့်ပြီး ရခိုင်ကြီးမုန့်ဟင်းခါးဆိုင်တွင် ဝင်မေးဖို့အသွား ဥပုသ်နေ့ ဆိုင်ပိတ်တာမို့ အိမ်နေရာ သိဖို့ ၇၅လမ်းနှင့် ၂၇လမ်းထောင့်က ကိုအောင်နိုင်လင်းထံ ဝင်မေးသောအခါ ရေနီမြောင်းဘေးဆိုသည်မှာ ပုသိမ်ကြီးဘက်က ရေနီမြောင်းတဲ့။ နန်းရှေ့က ရေနီမြောင်း မဟုတ်ဘူးတဲ့။ ပုသိမ်ကြီးတောင်မှ မြို့အရှေ့ဘက် ရန်ကင်းတောင် အရှေ့ခြမ်းမှာတဲ့။ ကိုင်း.. ထားခဲ့တော့။

 

 

နောက်ရက် ဒိတ်ကဖေးမှာ ကိုသန်းဦးနှင့် ဆုံကြရင်း ထိုအကြောင်းကို စကားစပ်မိသည်။ ထိုအခါ သူက “အေးဗျ၊ ကျွန်တော်တို့လည်း မန္တလေး လေးပြင်လေးရပ်တော့ စုံနေပြီ။ ရေစစ်ကန်အရှေ့ဘက်တကြော မရောက်သေးဘူးဗျ၊ အဲ့ဒီမှ အဆင်မပြေရင် ပုသိမ်ကြီးဖက် ရှာရအောင်ဗျာ” ဟု ပြောပြီး ကျွန်တော်လည်း စိတ်မပါ့တပါဖြင့် သူ့ဆိုင်ကယ်နောက်က ထိုင်၍လိုက်သည်။ သူက ဒိတ်ကဖေးမှသည် အရှေ့တက်ပြီး ၆၂လမ်းအတိုင်း မြောက်သို့ချိုးသည်။ ဣန္ဒြိယာရာမတိုက် ရောက်တော့ ရေနီမြောင်းအတိုင်း အရှေ့သို့တက်သည်။ ဓမ္မစကြာရပ်သာရှေ့ရောက်တော့ တစ်ဖက်က ရေစစ်ကန် တစ်ဖက်က ရိပ်သာ ထိုကြား ကျောက်လမ်းလေး တဖက်တချက်မှာ ကုက္ကိုပင်အရိပ်တွေနှင့် အေးမြလှ၏။

 

 

တစ်ဖက်မှာ ရိပ်သာ တစ်ဖက်မှာ ရေစစ်ကန်
————————————————-
ရေစစ်ကန်ကို ဖြတ်တိုက်လာသော လေကလည်း လတ်ဆတ်နေသည်။ အေးမြကြည်နူးစရာ ကောင်းလှချည့်၊ အသံဟူ၍လည်း ရိပ်သာထဲက ဖွင့်ထားသည့် တရားသံပဲရှိသည်။ လူသူကလည်းရှင်းသည်။ ရိပ်သာပေါက်တွင် အမှိုက်လှဲကျင်းနေသော ယောဂီအဖွားအိုနှင့် ဘေးမှ အမှိုက်ကူသိမ်းနေသူ သီလရှင်လေး တစ်ပါးပဲရှိသည်။ ကျွန်တော်က လွန်ခဲ့သည့် နှစ်၂၀ ကျော် ၁၀တန်း ကျောင်းသား ဘဝက ရည်းစားနှင့် ရောက်ခဲ့ဖူးသည့် သည်နေရာလေးကို သတိရနေသည်။ ထိုစဉ်က ရိပ်သာမှာ ဆောက်လက်စ၊ အုတ်တံတိုင်းပင် လက်စမသတ်နိုင်သေး။ အခုတော့ ရိပ်သာက ပြီးစီးရုံမက ကျောင်းတွေ အဆောင်တွေ ဓမ္မာရုံတွေနှင့် ပြည့်စုံနေပါပြီ။ ရိပ်သာ၏ အရှေ့ဘက် ယခင် လယ်ကွင်း တွေကလည်း ခြံကျယ် ဝင်းကျယ်တွေနှင့် လူနေအဆောက်အဦးတွေ ရောက်လာပြီ။ ရေစစ်ကန်၏ အရှေ့မြောက်ထောင့် မှာလည်း အငြိမ်းစား တပ်မတော် အရာရှိကြီး ၂ဦး၏ ခြံဝင်းတွေကိုလည်း ကြေးဆိုင်းဘုတ် ကိုယ်စီနှင့် သပ်ရပ်ဆိတ်ငြိမ်စွာ တွေ့နေရသည်။

 

 

ရေစစ်ကန် အရှေ့မြောကိထောင့်က အရာရှိခြံကြီးများကို ငေးရင်း ကိုသန်းဦးနှင့် ကျွန်တော်က ထိုနေရာ၏ အပြောင်းအလဲများကို အံ့သြစကားတွေ ပြောဖြစ်နေ၏။ ထိုခြံတွေရှေ့က လမ်းက ညာဖက်သို့ ကွေးသွားသည်။ ထိုအကွေးအစ၏ တစ်ဖက်မှာ မြောက်ဘက် ၁၉လမ်းသို့ ထွက်သည့် လမ်းကြားလေးရှိသည်။ ထိုထိပ်တွင် ထန်းရွက်လေးတွေ မိုးထားသည့် လက်ဖက်ရည်ဆိုင်လေး ရှိသည်။ ထိုလက်ဖက်ရည်ဆိုင်လေးတွင် ရွှေဝတ်ရည် မဂ္ဂဇင်း ထုတ်ဝေစဉ်ကာလက ဆရာပေါ်ဦးသက်ထံ မျက်နှာဖုံးပန်းချီအတွက်လာရင်း ဆရာပေါ်ဦးသက်နှင့် အတူထိုင်ဖူးသည်။ ထိုစဉ်ကာလ ဆရာ့ထံလာကြတော့ ကိုအော်ပီကျယ်ရော ကိုစိုးဝင်းငြိမ်းရော ပါသည်။ ဆရာပေါ်ဦးသက်အိမ်က အရှေ့ဘက် တစ်လမ်းကျော်မှာ ရှိသည်။ လက်ဖက်ရည်ဆိုင်လေးနှင့် လမ်းဦးတိုက် တစ်ဖက်မှာ ဆရာမြို့မငြိမ်း၏သား ဦးရွှန်းမြိုင်၏ အိမ်ရှိသည်။ ထိုစဉ်က ဆရာဦးရွှန်းမြိုင်အိမ်က သစ်ပင်အုပ်ကြားက ခြေတံရှည် အိမ်လေးဖြစ်သည်။

 

 

ထိုနေရာ တဝိုက် တွေ့လိုက်ရသည်
——————————————-
ထိုသို့ ထိုနေရာလေးတွေကို သတိတရနှင့် ဟိုသည်ကြည့်ရင်း လာခဲ့ရောက်ခဲ့ဖူးသည်များကို ပြောဖြစ်ကြတော့ ဆိုင်ကယ်တစ်စီးနှင့် ကျွန်တော်တို့ ၂ဦးသားမှာ ဖြည်းဖြည်းညင်သာ မောင်းရင်း စူးစမ်းအကြည့်တွေက သိသာနေ၏။ ထိုစဉ် လမ်းအကွေးအတိုင်း ခပ်ဖြည်းဖြည်း နင်းလာသော စက်ဘီးတစ်စီးကလည်း မနက် ၈နာရီခွဲလုပေမယ့် လူခြေပြတ်သော နေရာမှာ ဟိုကြည့်သည်ကြည့်နှင့် ဆိုင်ကယ်ဖြည်းဖြည်း မောင်းလာသော လူရွယ် ၂ဦးကို ခပ်လှမ်းလှမ်းကပင် သတိထားမိပြီး အကဲခတ်နေပုံရသည်။ ထိုစက်ဘီးကို စီးလာသူ အပေါ် အင်္ကျီဖြူ ရင်စေ့လက်ရှည်နှင့် အောက်က မရမ်းစေ့ရောင် ထမီနှင့် ဖြစ်သည်။

 

 

ဆံပင်ကို နောက်သို့ သပ်ရပ်စွာ စည်းထားပြီး မန္တလေးသူတို့ ထုံးစံအတိုင်း လက်တစ်ဖက်က ခေါက်ထီးကို ဆောင်းပြီး လက်တစ်ဖက်နှင့် စက်ဘီးကို စီးရင်း ကျွန်တော်တို့ကို အကဲခတ်လာပုံရ၏။ အနားရောက်လာတော့ သူ့စက်ဘီးလက်ကိုင်မှာ ထမင်းဘူးနှင့် ခြင်းလေးတစ်လုံး ချိတ်လာလို့ ဝန်ထမ်း တစ်ယောက် ဖြစ်လိမ့်မည်။ ထမီက မရမ်းစေ့ရောင်ဆိုတော့ အစိုးရရုံးတစ်ရုံးက ဖြစ်မှာပေါ့။ တောစံပယ် ပန်းရိုင်း ပင်လေးတွေနှင့် ကုက္ကိုပင်ရိပ်ကြီးအောက်က ခပ်ကျဉ်းကျဉ်း လမ်းအကွေးလေးမှာ ကျွန်တော်တို့ ဆိုင်ကယ်နှင့် သူ့စက်ဘီးလေး နီးကပ်စွာ မျက်နှင်းချင်းဆိုင် ဆုံမိတော့ ဆိုင်ကယ်မောင်းသည့် ကိုသန်းဦးကလည်း တစ်ဖက်က စက်ဘီးစီးလာသူကို သဲသဲကွဲကွဲ မြင်လိမ့်မည်။

 

ကျွန်တော်ကတော့ ဆိုင်ကယ်နောက်က ထိုင်ရင်း မလျမ်းမကမ်းကတည်းက စက်ဘီးစီးလာသူကို မြင်နေလို့ သူ့အဝတ်အစားကအစ သတိထားမိနေသည်။ အနားရောက်လာတော့ အသားဖြူဖြူသန့်သန့်နှင့် ချောသည့်ဘက် နွှယ်သည့် ရုပ်ရည်ဖြစ်ကာ စီးလာသည့် စက်ဘီးကလည်း ခရမ်းရောင် ဖီးဆင့်လေး ဖြစ်သည်။ ကိုသန်းဦးကလည်း သူ့ဆိုင်ကယ်နှင့် ပွတ်ကာသီသာ ကပ်ရှောင်သည့် စက်ဘီးကို အကဲခတ်၊ စက်ဘီးစီးလာသူကလည်း သည်လိုနေရာမှာ ဆိုင်ကယ် တစ်စီးနှင့် ဟိုကြည့်သည်ကြည့် မသင်္ကာဖွယ် လူ၂ယောက်ကို ခပ်လှမ်းလှမ်းကတည်းက သတိထားမိ။ အခု ၂ဦးသား ကပ်ရှောင်လိုက်ချိန်ကျ ကိုသန်းဦးက စက်ဘီးစီးလာသူကို ရုတ်ခြည်း မှတ်မိသွားကာ အံ့အားတသင့် နှုတ်ဆက်လိုက်သည်။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW