ဩဂုတ် ၂၉၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နဲ့ ၁၀၅ မိုင်ကြားက MNDAA နဲ့ AA တပ်ဖွဲ့တို့ ဂိတ်မှာ ကားသမား တယောက် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ဩဂုတ်လ ၂၉ ရက် စနေ့ နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်မှာ MNDAA နဲ့ AA တပ်ဖွဲ့တို့ ဂိတ်ချထားပြီး စစ်ဆေးရေး ပုံမှန် လုပ်နေကျ နေရာမှာ အစစ်ဆေးမခံတဲ့ ကားသမား တယောက် ပစ်သတ်ခံရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကားမောင်းတဲ့ အမျိုးသမီးက ညအိပ် ဝတ်စုံ ဝတ်ဆင်ထားကာ ဆေးကြောင်တယ်လို့ ယူဆရပြီး အဲဒီ စစ်ဆေးရေးဂိတ်က ဘန်ကာတောင် ပြားနေအောင် ကားနဲ့ တိုက်ထားတယ်လို့ သူက ပြောပါတယ်။
“မူဆယ်အထွက်က ရခိုင်ဂိတ်မှာ ကားသမား တယောက် ရခိုင်စစ်သားတွေကို လိုက်တိုက်လို့ ကားသမားကို လိုက်ပစ်တယ်။ ကားလမ်းတောင် ပိတ်သွားတယ်” လို့ ယာဉ်မောင်း တယောက်ကလည်း ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားနေချိန် ကားလမ်းကို ပိတ်လိုက်တာဖြစ်ပြီး မွန်းလွဲ ၂ နာရီကျော်ခန့်မှာမှ ကားလမ်း ပြန်ဖွင့်ပေးတယ်လို့ သူက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ် ညီနောင် တပ်ဖွဲ့နဲ့ နီးစပ်သူ သတင်းရင်းမြစ်တယောက်ကတော့ အဲဒီ ကားသမား အမျိုးသမီးဟာ စစ်ဆေးရေးဂိတ်က ဘန်ကာကို တိုက်သွားပြီး စစ်ဆေးဖို့ တားဆီးရာမှာ မရပ်ပဲ ကားမောင်းသွားတာကြောင့် လုံခြုံရေး လုပ်ထုံးလုပ်နည်းအရ လိုက်လံ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။
ကားသမား ထိမှန်သွားပြီး ဆေးရုံကို ပို့ဆောင်ထားဆဲ ဖြစ်ကာ သေဆုံးမှု ရှိမရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း မူဆယ် – နမ့်ခမ်း လမ်းမပေါ်က KIA စစ်ဆေးရေး ဂိတ်စခန်းမှာ ကားတစီး တားဆီးချိန် မောင်းပြေးသွားတာကြောင့် လိုက်လံ ပစ်ခတ်ရာက တခြားကားပေါ်က ကားသမားတယောက် ထိမှန် ဒဏ်ရာရတာရှိခဲ့ပါတယ်။
Video Crd# ဒေသခံ
