ယနေ့ခေတ် လူနေမှုဘဝမှာ အလုပ်သွားအလုပ်ပြန်၊ ဈေးသွားဈေးပြန်၊ ကျောင်းသွားကျောင်းပြန်၊ လမ်းလျှောက်သွားလာခြင်း၊ ဘတ်စ်ကားစီးခြင်း၊ Taxi သို့မဟုတ် App မှတစ်ဆင့် အငှားယာဉ်ခေါ်ယူစီးနင်းခြင်းတို့ဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ လူအများစုအတွက်တော့ ဒီလိုသွားလာခြင်းတွေဟာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့ ခိုးယူမှု၊ လုယက်မှု၊ လိမ်လည်မှုနဲ့ ကိုယ်ထိလက်ရောက် အန္တရာယ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။
အထူးသဖြင့် လမ်းဘေးမှာ ဖုန်းကိုင်ပြီး စကားပြောနေချိန်၊ ဖုန်းကြည့်ရင်း လမ်းလျှောက်နေချိန်၊ လက်ကိုင်အိတ်ကို လမ်းမဘက်ခြမ်းမှာ လွယ်ထားချိန်၊ ဆိုင်ကယ် သို့မဟုတ် ကားပေါ်က ဆင်းတက်နေချိန်တွေဟာ မိမိရဲ့အာရုံစူးစိုက်မှု လျော့နည်းနေတတ်တဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲဒီလိုအချိန်တွေကို အခွင့်ကောင်းယူပြီး ဖုန်း၊ အိတ်၊ ရွှေဆွဲကြိုးနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယူသွားနိုင်ပါတယ်။
ဒါကြောင့် “ကိုယ့်ဆီမှာတော့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး” ဆိုတဲ့အတွေးထက် “မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ” ဆိုတဲ့အတွေးကို လူတိုင်း မွေးမြူထားသင့်ပါတယ်။
မိမိကိုယ်ကို ကာကွယ်ခြင်းဆိုတာ အမြဲတမ်း စိုးရိမ်ကြောက်ရွံ့ပြီး သွားလာနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သတိပြုတတ်ခြင်း၊ အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေကို ကြိုတင်သိမြင်တတ်ခြင်းနဲ့ မလိုအပ်တဲ့အန္တရာယ်ထဲ မဝင်မိအောင် ရှောင်ရှားတတ်ခြင်းကို ဆိုလိုတာပါ။
လမ်းလျှောက်တဲ့အခါ ဖုန်းမျက်နှာပြင်ကိုသာ အာရုံစိုက်ပြီး ခေါင်းငုံ့လျှောက်နေခြင်းကို ရှောင်သင့်ပါတယ်။ နားကြပ်တပ်ထားရင်လည်း ပတ်ဝန်းကျင်က ယာဉ်သံ၊ လူခေါ်သံနဲ့ သတိပေးသံတွေ ကြားနိုင်အောင် အသံကို မကျယ်လွန်းစေသင့်ပါဘူး။ လမ်းပေါ်မှာ ကိုယ့်ပတ်ဝန်းကျင်ကို သိရှိနေခြင်းဟာ မိမိအတွက် ပထမဆုံးကာကွယ်ရေးစနစ် ဖြစ်ပါတယ်။
ဖုန်းကိုလည်း လမ်းမဘက်ကို ထုတ်ကိုင်ပြီး အသုံးပြုတာမျိုး မလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုတစ်ခု လုပ်ရမယ်ဆိုရင် လမ်းမနဲ့အနည်းငယ်ဝေးပြီး လုံခြုံတဲ့နေရာမှာ ရပ်ပြီးမှ ပြောတာက ပိုကောင်းပါတယ်။ ဆိုင်ကယ်တစ်စီး အနီးကပ်ဖြတ်မောင်းလာပြီး ဖုန်းကို ရုတ်တရက်ဆွဲယူသွားတဲ့အခါ လူတစ်ယောက်ရဲ့ သဘာဝတုံ့ပြန်မှုအရ ပြန်ဆွဲမိနိုင်ပါတယ်။ အဲဒီအခါ ဖုန်းဆုံးရှုံးရုံမကဘဲ ကိုယ်တိုင်လဲကျပြီး ဒဏ်ရာရနိုင်ပါတယ်။
အလားတူ လက်ကိုင်အိတ်ကိုလည်း လမ်းမဘက်ခြမ်းမှာ မလွယ်ထားသင့်ပါဘူး။ ဖြစ်နိုင်ရင် ကိုယ်ကိုဖြတ်ပြီးလွယ်နိုင်တဲ့ အိတ်မျိုးကို အသုံးပြုသင့်ပြီး အိတ်ရဲ့ဇစ်တွေကို သေချာပိတ်ထားသင့်ပါတယ်။ လူစည်ကားတဲ့နေရာ၊ ဈေး၊ ဘတ်စ်ကားမှတ်တိုင်၊ ပွဲလမ်းသဘင်နဲ့ လူများတဲ့နေရာတွေမှာတော့ အိတ်ကို နောက်ကျောဘက်ထားတာထက် ကိုယ်မြင်နိုင်တဲ့ အရှေ့ဘက်မှာ ထားခြင်းက ပိုကောင်းပါတယ်။
ပိုက်ဆံအိတ်၊ ဖုန်းနဲ့ အရေးကြီးစာရွက်စာတမ်းအားလုံးကို အိတ်တစ်လုံးထဲမှာပဲ စုပြုံထည့်ထားတာလည်း မသင့်တော်ပါဘူး။ ပစ္စည်းတစ်ခု ဆုံးရှုံးသွားရင် အရာအားလုံး တစ်ပြိုင်နက်ဆုံးရှုံးသွားနိုင်ပါတယ်။ နေ့စဉ်အသုံးပြုဖို့ လိုအပ်တဲ့ငွေကိုသာ ယူဆောင်သွားပြီး မလိုအပ်တဲ့ ငွေသားအမြောက်အမြား၊ အဖိုးတန်ပစ္စည်းတွေကို သယ်ဆောင်သွားခြင်း ရှောင်သင့်ပါတယ်။
လမ်းပေါ်မှာ ငွေသားအမြောက်အမြား ထုတ်ရေတွက်ခြင်း၊ အဖိုးတန်ပစ္စည်းတွေကို လူမြင်သာအောင် ထုတ်ဖော်ပြသခြင်းတွေဟာလည်း မလိုအပ်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ မိမိမှာ ဘာပစ္စည်းတွေရှိတယ်၊ ငွေဘယ်လောက်သယ်လာတယ်ဆိုတာ သူစိမ်းတွေ မသိအောင် သတိထားခြင်းက ရိုးရှင်းပေမယ့် ထိရောက်တဲ့ ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။
ATM မှာ ငွေထုတ်တဲ့အခါလည်း ပတ်ဝန်းကျင်မှာ မသင်္ကာစရာလူ ရှိမရှိ အရင်သတိထားကြည့်သင့်ပါတယ်။ PIN နံပါတ်ရိုက်တဲ့အခါ လက်နဲ့ဖုံးပြီးရိုက်သင့်သလို ငွေထုတ်ပြီးတဲ့အခါ လမ်းဘေးမှာရပ်ပြီး ပြန်ရေတွက်နေခြင်းမျိုးထက် လုံခြုံတဲ့နေရာရောက်မှ စစ်ဆေးတာက ပိုသင့်တော်ပါတယ်။
အခုခေတ်မှာ ဖုန်းတစ်လုံး ပျောက်ဆုံးသွားတာဟာ ဖုန်းတစ်လုံးရဲ့တန်ဖိုး ဆုံးရှုံးသွားတာတင် မဟုတ်တော့ပါဘူး။ ဖုန်းထဲမှာ ဓာတ်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ၊ လူမှုကွန်ရက် Account တွေ၊ Email တွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ App တွေနဲ့ အခြားအရေးကြီးအချက်အလက်တွေ ပါရှိနိုင်ပါတယ်။
ဒါကြောင့် ဖုန်းမှာ Screen Lock ထားခြင်း၊ ခိုင်မာတဲ့ Password အသုံးပြုခြင်း၊ အရေးကြီး Account တွေအတွက် Two-Factor Authentication အဆင့်နှစ်ဆင့်အတည်ပြုစနစ် ဖွင့်ထားခြင်းနဲ့ ဖုန်းပျောက်ဆုံးသွားရင် ရှာဖွေနိုင်တဲ့စနစ်ကို ကြိုတင်ဖွင့်ထားခြင်းတွေ လုပ်ဆောင်သင့်ပါတယ်။ ဖုန်းထဲမှာ အရေးကြီး Password တွေကို အလွယ်တကူမြင်နိုင်တဲ့ Note အဖြစ် သိမ်းထားတာမျိုးလည်း ရှောင်သင့်ပါတယ်။
Taxi သို့မဟုတ် App ကနေ ခေါ်ယူတဲ့အငှားယာဉ် စီးတဲ့အခါမှာလည်း လုံခြုံရေးကို မမေ့သင့်ပါဘူး။ App ထဲမှာ ဖော်ပြထားတဲ့ ကားအမျိုးအစား၊ ယာဉ်နံပါတ်နဲ့ ရောက်လာတဲ့ယာဉ် ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီးမှ စီးသင့်ပါတယ်။ ခရီးဝေးသွားရမယ်၊ ညဘက်စီးရမယ်ဆိုရင် မိသားစုဝင် သို့မဟုတ် ယုံကြည်ရသူတစ်ဦးဆီကို မိမိရဲ့ခရီးစဉ်အချက်အလက် ပေးထားတာက ပိုကောင်းပါတယ်။
ယာဉ်မောင်းနဲ့ စကားပြောရင်း မိမိတစ်ယောက်တည်းနေကြောင်း၊ အိမ်မှာ ဘယ်သူမှမရှိကြောင်း၊ မိမိရဲ့ငွေကြေးအခြေအနေ၊ နေထိုင်ရာနေရာနဲ့ အခြားကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မလိုအပ်ဘဲ အသေးစိတ်ပြောပြခြင်း မပြုသင့်ပါဘူး။ ယဉ်ကျေးစွာ စကားပြောနိုင်ပေမယ့် ကိုယ်ရေးအချက်အလက်ကိုတော့ စည်းခြားထားဖို့ လိုပါတယ်။
ညဘက် တစ်ယောက်တည်းသွားလာရတဲ့အခါ လူသွားလူလာရှိတဲ့လမ်း၊ အလင်းရောင်ကောင်းတဲ့လမ်းကို ဦးစားပေးရွေးသင့်ပါတယ်။ ခရီးနည်းနည်းတိုသွားမယ်ဆိုပြီး မှောင်မိုက်တဲ့ဖြတ်လမ်း၊ လူရှင်းတဲ့လမ်းတွေကို အသုံးပြုခြင်းဟာ မလိုအပ်တဲ့အန္တရာယ်ကို တိုးစေနိုင်ပါတယ်။
တစ်ယောက်ယောက်က မိမိနောက်ကို လိုက်နေသလို ခံစားရရင် မိမိအိမ်ဆီကို တန်းပြီးပြန်သွားတာထက် လူများတဲ့ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ လုံခြုံရေးရှိတဲ့နေရာ စတဲ့ လုံခြုံရာနေရာတစ်ခုကို ဝင်သင့်ပါတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ကိုလည်း ဆက်သွယ်ပြီး မိမိရဲ့အခြေအနေကို အသိပေးထားသင့်ပါတယ်။
အထူးသဖြင့် ပစ္စည်းလုယူခံရတဲ့အခါမှာတော့ အရေးကြီးဆုံးဆုံးဖြတ်ချက်က “ပစ္စည်းကို ကာကွယ်မလား၊ မိမိအသက်ကို ကာကွယ်မလား” ဆိုတာ ဖြစ်ပါတယ်။
ဆိုင်ကယ်နဲ့ အိတ်ကို ဆွဲလုသွားတဲ့အခါ အိတ်ကို အတင်းဆွဲထားခြင်းကြောင့် မိမိပါ ဆိုင်ကယ်နောက်ကို ပါသွားတာ၊ လမ်းပေါ်လဲကျတာ၊ ခေါင်းထိခိုက်တာ၊ အရိုးကျိုးတာ၊ အခြားယာဉ်နဲ့ တိုက်မိတာ စတဲ့ ပိုမိုပြင်းထန်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ လုယက်သူမှာ လက်နက်ရှိမရှိလည်း မသိနိုင်တဲ့အတွက် အခြေအနေကို ပိုမိုပြင်းထန်အောင် မလုပ်မိဖို့ အရေးကြီးပါတယ်။
ပစ္စည်းပျောက်သွားတာ နစ်နာမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စည်းကို ပြန်ရှာနိုင်ပါတယ်၊ ပြန်ဝယ်နိုင်ပါတယ်။ အသက်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကိုတော့ ငွေနဲ့ ပြန်ဝယ်လို့ မရပါဘူး။
လုယက်မှုဖြစ်ပြီးနောက် တစ်ယောက်တည်း အန္တရာယ်ရှိစွာ လိုက်ဖမ်းတာထက် လုံခြုံတဲ့နေရာကို အရင်ရောက်အောင်သွားပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်၊ နေရာ၊ ဆိုင်ကယ် သို့မဟုတ် ကားအမျိုးအစား၊ အရောင်၊ ယာဉ်နံပါတ်၊ ထွက်ပြေးသွားတဲ့လမ်းကြောင်းနဲ့ မိမိမှတ်မိနိုင်တဲ့ ထူးခြားချက်တွေကို မှတ်သားထားပြီး သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားတာက ပိုသင့်တော်ပါတယ်။
တစ်ဖက်မှာလည်း အန္တရာယ်ဖြစ်မှာကြောက်လို့ အပြင်မထွက်ရဲ၊ လူတိုင်းကို မသင်္ကာဖြစ်နေဖို့ မလိုပါဘူး။ လူမှုဘဝမှာ ပုံမှန်သွားလာနေထိုင်ရင်း သတိရှိခြင်းကို အလေ့အကျင့်တစ်ခုအဖြစ် မွေးမြူထားဖို့သာ လိုပါတယ်။
ကားတံခါးပိတ်ပြီးပြီလား တစ်ချက်စစ်ခြင်း၊ ဖုန်းကို လမ်းမဘက်မှာ မကိုင်ခြင်း၊ အိတ်ဇစ်ပိတ်ထားခြင်း၊ ညဘက်လူရှင်းတဲ့လမ်း မရွေးခြင်း၊ အငှားယာဉ်နံပါတ် စစ်ခြင်း၊ ခရီးစဉ်ကို မိသားစုကို အသိပေးထားခြင်း၊ ဖုန်းမှာ လုံခြုံရေးစနစ် ထားရှိခြင်းတို့ဟာ အသေးအဖွဲကိစ္စလေးတွေလို ထင်ရပါတယ်။ ဒါပေမယ့် တကယ်အန္တရာယ်ဖြစ်လာမယ့်အချိန်မှာ ဒီအလေ့အကျင့်လေးတွေကပဲ အန္တရာယ်ကြီးတစ်ခုကို ရှောင်ရှားနိုင်စေပါတယ်။
မတော်တဆဖြစ်ပြီးမှ “အဲဒီတုန်းက သတိထားခဲ့ရင် ကောင်းမှာပဲ” လို့ နောင်တရတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ။
လုံခြုံမှုဆိုတာ ကံကောင်းခြင်းတစ်ခုတည်းအပေါ် မူတည်နေတာ မဟုတ်ပါဘူး။ သတိရှိခြင်း၊ ကြိုတင်စဉ်းစားခြင်းနဲ့ မှန်ကန်တဲ့အလေ့အကျင့်တွေကလည်း မိမိရဲ့လုံခြုံမှုကို ဖန်တီးပေးပါတယ်။
မိမိပစ္စည်းကို တန်ဖိုးထားပါ။ မိမိပိုင်ဆိုင်ရာကိုလည်း ကာကွယ်ပါ။ ဒါပေမယ့် အရာအားလုံးထက် မိမိအသက်နှင့် ကိုယ်ခန္ဓာလုံခြုံရေးကို ပထမဦးစားပေးပါ။
ဘာကြောင့်လဲဆိုတော့
ပစ္စည်းတစ်ခု ဆုံးရှုံးသွားရင် ပြန်လည်ရရှိနိုင်ပေမယ့် အသက်တစ်ချောင်းကိုတော့ အစားထိုးလို့ မရနိုင်ပါဘူး။
သတိရှိခြင်းဟာ ကြောက်ရွံ့ခြင်းမဟုတ်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါ။
မန္တလာ ဆရာမျိုး
