အောက်တိုဘာ ၃၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ပန်ဝါ လဂွေ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ ၇ ဦး သေဆုံး ၁၁ ဦး ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အသက်သေဆုံးသွားသူ ခုနှစ်ယောက်ရှိတယ်။ ရွာသူ နှစ်ယောက်ပါတယ်။ တရုတ် သူဌေးလည်း သေတယ်လို့ သိရတယ်။ လေး ယောက်တော့ ဘယ်သူမှန်း မသိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ အားလုံး ၁၁ ယောက်ရှိပြီး ငါးယောက်ကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်တာကြောင့် တရုတ်နိုင်ငံဘက် ပို့ဆောင် ကုသရမယ်ဘို့ သိရတယ်လို့ သူက ပြောပါတယ်။
“စာသင်ကျောင်းဆောင်တွေ၊ ကျောင်း ဝန်ထမ်းတွေနေတဲ့ နေအိမ်တွေ နဲ့ ဆိုင်ကယ်ပြင်ဆိုင် တဆိုင် ပျက်စီးသွားတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီ ယမ်းတွေကို လမ်းလုပ်ငန်း ကန်ထရိုက် ယူထားတဲ့ တရုတ် လုပ်ငန်းရှင် တယောက်က စာသင်ကျောင်းနဲ့ ဧည့်ရိပ်သာကြား ဂိုဒေါင် တခုမှာ သိုလှောင်ထားခဲ့ရာက ပေါက်ကွဲ လာခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်၊ မနက် ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာအုပ်စု၊ မန်မိုင်ရွာ အထက်ကုန်းပေါ်ရှိ MNDAA ရုံးဝင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ရှိ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာရှိ ယမ်းသိုလှောင်ရုံ တခု ပေါက်ကွဲလို့ ဒေသခံ ၅၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
