အင်းလေလံအောင်ထားပေမယ့် ၃နှစ်ကျော်သည်ထိ လုပ်ကိုင်ခွင့်မရတဲ့ အင်းလုပ်ငန်းရှင်တွေ နစ်နာမှု

 

မိုးညို ၊ စက်တင်ဘာလ ၂၅ ရက် ။

လမင်း (VOM)။

 

သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်မှာ အင်းလုပ်ကိုင်နေကြတဲ့ အင်းသားကြီးတွေက သိန်း ၁၀၀ ကျော် ၃ နှစ်ဆက်တိုက်လေလံဆွဲ လေလံအောင်ခဲ့တဲ့ ရှောင်ပင်ထုံးအင်းကို ယခုအချိန်ထိ အင်းလုပ်ကိုင်ခွင့်မရှိသလို ဆုံးရှုံးနစ်နာမှု့တွေဖြစ်ပေါ်နေတာတွေကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့က အင်းဂရမ်ကိုင်ဦးသက်နိုင်ထွန်းအပါအဝင် အင်းလုပ်သားတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

 

” ကျွန်တော်တို့ကဒီအင်းကို ၂၀၁၇ ၊ ၂၀၁၈ တုန်းက သိန်းတစ်ရာကျော်အခွန်ဆောင်တယ် ၂၀၁၈ ၊ ၂၀၁၉ ကျလေးဆယ့်ငါးသိန်း ၂၀၁၉ ၊ ၂၀၂၀ ကျငါးဆယ့်ခြောက်သိန်းနဲ့ အင်းခွန်ဆောင်ပြီးလုပ်ခဲ့တာပါ ခုချိန်ထိငါးလုပ်ငန်းကိုကောင်းကောင်းမလုပ်ရသေးဘူး ဦးမျိုးသန့်ပါအဝင်ထိန်ကုန်းရွာသားတွေကမင်းမဲ့စရိုက်ဆန်ဆန် ငါးတွေကိုခိုးယူဖမ်းဆီးနေတာတွေ နှစ်စဉ်ကြုံတွေ့နေရလို့ သတင်းစာရှင်းလင်းပွဲလုပ်တာပါ ” လို့ လေလံအောင်အင်းဂရမ်ကိုင် ဦးသက်နိုင်ထွန်းကဟြေပါတယ် ။

 

အင်းအတွင်းကို တရားမဝင် ဝင်ရောက်ငါးဖမ်းနေမှု့ဖြစ်စဉ်မှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး ယခုနှစ်စက်တင်ဘာ ၁၈ ရက်နေ့က ထိန်ကုန်းကျေးရွာမှ ဦးမျိုးသန့်ဆိုသူဦးစီးကာ လူအင်အား ၈၀ ခန့်က လှေအစီး ၄၀ နဲ့ တုတ် ၊ လှံ ၊ ဓား ၊ လေး တို့ကိုင်ဆောင်ပြီး အင်းအတွင်းဝင်ရောက်ကာ ငါးများခိုးယူဖမ်းဆီးနေတာတွေကြောင့် အဆိုပါအင်းအားလုပ်ကိုင်ခွင့်ရထားသော အင်းဂရံကိုင်ဖြစ်သူ ဦးသက်နိုင်ထွန်းက မိုးညိုမြို့မရဲစခန်းသို့ တိုင်ကြားထားသောကြောင့် မိုးညိုမြို့မရဲစခန်းမှ( ပ) ၃၇၃၂/ ၂၀၁၉ရာဇသတ်ကြီးပုဒ်မ  ၄၄၇/၄၂၇/ ၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရပါတယ် ။

 

” ဒီအင်းကို ၁၉၉၇ ခုနှစ်တည်းက အင်းလေလံတင်ပြီး နှစ်စဉ်ရောင်းခဲ့တာပါ ပဲခူးတိုင်းဝန်ကြီးချုပ် ထိန်တောလာပြီးလူထု့တွေ့ဆုံပွဲလုပ်တုန်းကလည်း မြို့မရှောင်ပင်ထုံးအင်းကို အင်းအဖြစ်စွန့်ပေးမယ်လို့ဟြေဆိုခဲ့ပေမယ့် ဒီအင်းကတရားဝင်လေလံရောင်းပြီးအင်းဖြစ်ပါတယ် အင်းဧရိယာနယ်နိမိတ်ကိုလည်း ကျွန်တော်တို့ဌာနကမြေပုံအတိုင်းဖော်ဆောင်ထားပါတယ် ဒီအင်းထဲကို ကျူးကျော်ပြီးငါးဖမ်းကြတဲ့ ဦးမျိုးသန့်အပါ ၁၂ ဦးကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဒုဦးစီးက တရားလိုလုပ်ပြီးတရားစွဲထားပါတယ် ” လို့ မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးသန်းထိုက်ကဟြေပါတယ် ။

 

အဆိုပါသတင်းစာရှင်းလင်းပွဲကို သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် ၊ မိုးညိုမြို့ ၊ ရေကင်းရပ်ကွက် ၊ ရွှေဥဒေါင်းလမ်းကြီးရှိ အင်းဂရမ်ကိုင်ဦးသက်နိုင်ထွန်းနေအိမ်တွင်ပြုလုပ်ခဲ့တာဖြစ်ပြီး အင်းလုပ်သား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပါတယ် ။

 

#voiceofmyanmar #မိုးညို #အင်းလေလံ

 

Related posts

Leave a Comment

VOM News

FREE
VIEW