ခင်ဦးနယ် ရွာသန်းကျေးရွာမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ သားအဖ ၂ ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ရွာသန်းကျေးရွာက ဒလန်လို့ နာမည်ထွက်နေသူ သားအဖ ၂ ယောက် မနေ့သြဂုတ် ၂ ရက် ၊ ည ၁၁ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ခင်ဦးမြို့ခံတစ်ယောက်က ” ရွာသန်းကျေးရွာက ကိုဖိုးပြားနဲ့ သူ့သား မောင်ချစ်ဦး တို့ ၂ ယောက် သတ်ခံရတာလို့ ဒီမနက်မှာ ကြားရတယ် ၊ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ကိုဖိုးပြား မိန်းမ ခင်မိုးမြင့်လည်း ကျည်ဆံထိမှန် ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ် ။
 
အသတ်ခံရတဲ့ သားအဖ ၂ ယောက်နဲ့မိသားစုဟာ ရွာသန်းရွာကို သက်ဆိုင်ရာက နယ်မြေရှင်းလင်းရေး လာရောက်တဲ့အခါ လက်ခံဧည့်ဝတ်ပြုတာတွေရှိခဲ့တာကြောင့် ရွာဝန်းကျင်လူတချို့က ဒလန်မိသားစုဖြစ်တယ်လို့ ပြောဆိုကြတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရှိခဲ့တယ်လို့ အဲ့ဒီဒေသက ရွာခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစလို့ ရက်ခြားလိုလို လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်ရှိကာ သေဆုံးသူအများစုကတော့ ကျည်ဆံထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာဖြစ်သလို ဓားဒဏ်ရာနဲ့ သေဆုံးခဲ့သူတွေလည်း ရှိပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့က ” ဒီဘက်မှာ မိုးအဆက်မပြတ်ရွာတယ် ၊ သွားလာရေး အဆင်မပြေတာတော့ရှိတယ် ၊ ဖြစ်စဥ်အားလုံးကို အမှုဖွင့် ဆောင်ရွက်ထားပါတယ် ” လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြား ပြောဆိုပါတယ် ။
 
#voiceofmyanamr #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW