ရတနာပုံမ်နေပြည်…၊ တာရဲတန်း မှသည်…

ဆူးငှက်

မန္တလေးသည် မြန်မာတို့၏ နောက်ဆုံးမင်းဆက် စိုးစံခဲ့သော မြို့တော်အဖြစ် ထင်ရှားခဲ့ရုံ သာမက ရိုးရာယဉ်ကျေးမှု အနုပညာများဖြင့် မြန်မာ၏ပြယုဂ်ကို ဖော်ဆောင်ခဲ့ရာ နေရာဒေသအဖြစ်လည်း မြို့တည်နန်းတည်နှစ် ၁ဝဝ သက်တမ်းအတွင်း ကျော်ကြားခဲ့သည်။
မန္တလေးမြို့တည် နန်းတည်စဉ်ကာလ ပြင်သစ်၊ အင်္ဂလိပ်စသော ဥရောပတိုက်ရှိ နိုင်ငံကြီးများနှင့် ဆက်ဆံခဲ့ရုံမက အိမ်နီးချင်းခြံစည်းရိုးချင်းဆက်နိုင်ငံများနှင့် ဆက်ဆံနေရာပေးမှုကလည်း သိသာထင်ရှားခဲ့၏။

မင်းတုန်းမင်းကြီးက မြန်မာတို့၏ မင်းနေပြည် မန္တလေးရတနာပုံမ် ရွှေမြို့တော်တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ဝင်းနှင့် အစုအဖွဲ့များကို စံနစ်တကျ နေရာချထားပေးရာ၌ လူမျိုးခြားများနှင့် ပတ်သက်၍လည်း သီးခြားစဉ်းစား နေရာပေးမှုများကလည်း ဂရုပြုဖွယ်ဖြစ်၏။ သံဝင်းတဲ့၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီစသော သံအရာရှိများ တစ်စုတစ်ဝေးတည်း နေထိုင်ကြသည့်နေရာဖြစ်သည်။ ယခု အောင်မြေသာစံမြို့နယ်၊
သီရိမာလာအရှေ့ရပ်ကွက်တွင် တည်ရှိသည်။ ထို့နောက် ယိုးဒယားဈေး ဝင်းတဲ့။ အမရပူရခေတ် ကတည်းက သုံ့ပန်းများအဖြစ်ရာက်ရှိလာသော ထိုင်းလူမျိုးတို့ကို ချထားနေထိုင်ရောင်းဝယ်စေသော နေရာဖြစ်သည်။ ယခု ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ ရပ်ကွက်တွင် ရှိသည်။

ထို့နောက် တာရဲတန်းတဲ့။ မွန်ဂို တရုတ်တာရဲ (turk) များကို မြန်မာအသံထွက် ပီပီဖြင့် တာရဲ ဟုခေါ်ပြီး ထိုသူတို့ စုဝေးနေထိုင်ရာ အရပ်ဖြစ်သည်။ တာတာနွယ်ဝင် တရုတ်များဟုလည်းခေါ်ကြသည်။ လမ်း ၈ဝ၊ ၃၇ လမ်းမှ ၄၂လမ်းကြား နေရာဖြစ်သည်။

လမ်း ၈ဝနှင့် ၃၅ လမ်းထောင့်မှာလည်း မင်းတုန်းမင်း၏ ဗိုလ်ချုပ်ကြီး ကူဝင်ရူစလေမန် ဆောက်လုပ်လှူဒါန်းခဲ့သော ပန်းသေးဗလီ ကြီးလည်းရှိသည်။ အေဒီ ၁၈၆၈ ခုနှစ်ဝင်ဘာ ၁၃ ရက်နေ့တွင် ပန်းသေးခေါင်း မတူတူက ခုနစ်ရွာမိဖုရားထံမှ ငွေရှစ်ဆယ်ဖြင့် ဝယ်ယူခဲ့သောနေရာဖြစ်သည်။ အခုဆိုရင် နှစ်ပေါင်း ၁၄ဝ ကျော်ပြီပေါ့။

မန္တလေးမြို့တည်နန်းတည်ပြီး ၁ဝ နှစ်ဝန်းကျင် အတွင်းမှာပင် ရွှေမြို့တော်၏ အချက်အချာနေရာများ၌ ဆွေမျိုးပေါက်ဖော်တို့ မင်းခစားအဖြစ် တခန်းတနား နေရာရလာကြသည့် သဘောဖြစ်သည်။ မင်းတုန်းမင်းခေတ် လက်ထက်ကြီး၌သာမက သားတော် သီပေါမင်းခေတ် လက်ထက်တော်လေး ကာလအထိ မန္တလေးရတနာပုံမ်နေပြည်တော်တွင် ဆွေမျိုးပေါက်ဖော်တို့က အဓိက အရေးပါသော စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းကြရာတွင် တရုတ်ဗိုလ်မင်းကြီး ဆွင်တာလောရဲ သည်လည်း ထင်ရှားသည်။ ဆွင်တာလောရဲက မြန်မာအမျိုးသမီးနှင့်ပင် အိမ်ထောင်ရက်သားကျပြီး အေဒီ ၁၉ဝ၂ခု ဇူလိုင် ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။

ကိုလိုနီခေတ်ဦး မန္တလေးလွှတ်တော် စာတော်ပြန် ဝန်ထောက်မင်း တော်စိန်ခိုသည်လည်း သက္ကရာဇ် ၁၂၂၆ ခုနှစ် နတ်တော်လဆန်း ၉ ရက်(ခရစ် ၁၈၆၄ ခုနှစ်)တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၌ အဖ တရုတ် ဥတည်ဘုရင် မဟာမျိုးနွယ်လေးမျိုးဝင် တော်ဂုတ္တအနွယ်တာ်စိန်ထွန်း၊ အမိဒေါ်နုတို့က မွေးဖွားခဲ့ပြီး ၁၂၂၈ ခုနှစ် မင်ကွန်းမြင်းခုန်တိုင် အရေးအပြီး မန္တလေးရတနာပုံမ်နေပြည်တော်သို့ ပြောင်းရွေ့ရောက်ရှိခဲ့သည်။
မန္တလေးရွှေမြို့တော်မှ နာမည်ကျော် ဒေါက်တာမတ်
ကျောင်း (သံတဲကျောင်း)တွင် သီပေါမင်းသားနှင့်အတူ ပညာသင်ခဲ့၏။ ပါတော်မူပြီးနောက် မန္တလေးလွှတ်တော်တွင် စာတော်ပြန်ဝန်ထောက်၊ ၁၈၉၃ တွင် ဒုတိယ အတွင်းဝန်ထောက်၊ ၁၈၉၃ တွင် ဒုတိယအတွင်းဝန်။ ၁၈၉၇ တွင် တရုတ်ပညာသင်၊ ၁၈၉၉တွင် အတွင်းဝန်ကလေး စသည်ဖြင့် အမှုထမ်းခဲ့ပြီး ရှေးဟောင်သုတေသနနှင့်လွှတ်တော်ဆိုင်ရာတွင် ကျွမ်းကျင် ပညာရှင်ဖြစ်ခဲ့၏။

အနုသုခုမဖက်တွင်လည်း ကြည့်ပါဦး။ မန္တလေးမြို့မှ တန်စုရဟူသော တရုတ်လူမျိုးက မြန်မာ့သုခုမ အငြိမ့်သဘင်ကို မြတ်နိုးတွယ်တာလိုက်သည်ကပြောကြစို့ ဆိုလျှင် မခြေကျင်း မငွေမြိုင်ကို တစ်ဖက်သက်မြတ်နိုးခဲ့ပြီး ယခု မလွန်ရပ်ရှိ ပရိယတ္တိသာသနဟိတအသင်း ဗိမာန်တော်ကြီး တည်ရှိရာနေရာ ဒင်္ဂါးဝင်းတွင် ‘ဒင်္ဂါးဇာတ်ရုံ’အမည်ဖြင့် ဇာတ်ရုံကြီးထိုးပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများ ခြိမ့်ခြိမ့်သည်း ရုံသွင်းကပြစေခဲ့သည်။

ထို့ပြင် ယနေ့ထက်တိုင် ခိုင်မာဆဲဖြစ်သော မြို့မ အပျော်တမ်းတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ် က စတင်တည်ထောင်ခဲ့သူများတွင် ဆိုင်းတန်းရပ်မှ အပေါင်ဆိုင် လုပ်ငန်းပိုင်ရှင် ဦးတော်လုံ သည်လည်း တရုတ်လူမျိုးဖြစ်သည်။ ဓားတန်းဦးသန့်၊ ကိုဘညိန်း၊ ကိုလှဒင်စသော ဂီတဝါသနာရှင် လူငယ်လေးများကို လိုအပ်သော တူရိယာပစ္စည်းများနှင့်အတူ လိုအပ်သော အကူအညီများပေးခဲ့ပြီး လူငယ်လေးများ သီဆိုတီးမှုတ်ကြပုံကို ဘေးမှထိုင်နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေသည်ကိုလည်း ပြောစမှတ်ဖြစ်ခဲ့ရသည်။

တေးရေး အနုပညာရှင်ကြီး နန်းတော်ရှေ့ဆရာတင်ကပင် “….မေတ္တာတော်ပို … ချစ်ပါနောဆို…၊ မြို့မရဲ့၊ မြို့မရဲ့… မြို့မရဲ့ခေါ်သကို… အို… ခေါ်သလို၊ ဦးတော်လုံ၊ ဦးတော်လုံ… ဥက္ကဌ… ဆို
နန်းတော်… ရှေ့ကမောင်တင်၊ မြစ်ဝပြင်ကျယ်…
ရေဆုံးပင်လယ်… အသင်းထဲရောက်သလို…
ကြားဖူးကြရဲ့လားဗျို” ဟူသော သီချင်းတွင် ဥက္ကဋ္ဌ ဦးတော်လုံကို တခုတ်တရ ထည့်သွင်းစပ်ဆိုခဲ့ဖူးလေ၏။

တကယ်တော့ မန္တလေးရတနာပုံမ်နေပြည်တော်သို့ ကနဦးရောက်စ ဆွေမျိုးပေါက်ဖော်များကား ပုဂံခေတ်ကတည်းကလို ဧကရာဇ်ဝါဒဖြင့် စစ်ရေးဗျူဟာဆိုင်ရာ ဝင်ရောက်ချယ်လှယ်လိုမှုမျိုး သိသာထင်ရှားစေခြင်းမရှိဘဲ မြန်မာဧကရာဇ်၏ သစ္စာတော်ခံအမှုထမ်းအဖြစ် ရိုကျိုး ပျဝပ်ခဲ့ပြီး ဘာသာရေးမှအစ လူမှုရေးယဉ်ကျေးမှုအထိ ပီဘိမြန်မာအသွင် လက်ခံလိုက်နာခဲ့ကြသည်မှာ ငြင်းဖွယ်မရှိချေ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW