××××××××××××××××××××
ဆူးငှက်
“ထပ်ထပ်ကယ်သာ စောတော့တယ်၊
မြကြောငယ်ရစ်သီ။
ကိုက်ဖူးငယ်စီသည်
ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့
ရှစ်ရပ်ကယ်တစ်ခိုက စိုလှတယ်လေး။”
တောင်လေကသုန်သုန်တိုက်လာသည်။ လေသုန်သုန်မှာဖုန်လုံးကြီးတွေဝှေ့ပါလာတတ်သေး၏။ နေကလည်း ရဲရဲပွင့်သည်။ ဖုန်သောသောကပ်၊ ချွေးစိုစိုမှာ လေအဟုန်ကြောင့် တစ်ခဏ၊ တစ်ဒင်္ဂ အပူသက်သာစေ၏။
သို့သော် နေအပူကို လေမကူနိုင်ပါချေ။ ကောင်းကင်သည် ဟင်းလင်းပွင့်နေ၏။ မြူတိမ်တစ်စ ကြက်မတစ်ဝပ်စာ ပြာလွင်လွင်သည် အရပ်ရှစ်မျက်နှာမှ စုန်စုန့်တက်လာကာ တလောကလုံး ဖုံးလွှမ်းထားသည်။ ကောင်းကင်ပြာအောက်တွင် ရိုးတံကျဲသစ်ပင်တချို့ ပုရစ်ဖူးနုနုဖြင့် အစိမ်းသစ် ဆင်ထားသည်။ အပြာ နှင့် အစိမ်းနုက အပူရောင် အဝါကို အနားသပ်ထားသဖြင့် တန်ခူးဆန်းစ “နွေ”သည်နေပျော်ပါသေး၏။တော်သေးသည်။ သဘာဝသည် ‘အကောင်း’ဘက်က စစ်ကူထိုးပေးသည်။ ရွက်ဖူးကိုက်စီအစိမ်းမှာ လဲ့လဲ့ရွှေရောင် ပွင့်ငုံဖူးလေးတွေလည်း စွင့်လာဖို့ အားယူလာသည်။ မကြာမီ ရွှေရင်ခတ်တို့ ဝါဝါထိန်လာတော့မည်။ သည်လိုဖြင့် လောကရှစ်ခွင် ကြည်နူးသာယာဖွယ်အတိ ဖြစ်တော့မှာသေချာသည်။
ရွှေရင်ခတ်တို့ လန်းလန်းပွင့်ချိန်ရာက်လျှင်ဖြင့် တောင်လေသည် မိုးတိမ်အစအနများ အပါခေါ်လာကြရော့မည်။ အနောက်တောင်ဆီမှ ကနဦးမိုးတိမ်စတွေ စုဝေးခေါ်ယူရောက်ရှိလာချိန်မှာ အပြာလွင်လွင် ကင်းဗတ်စပင်ညီပေါ်၌ တိမ်အရုပ် ဆေးစုတ်ချက်တွေ တင်ရော့မည်။ ကောင်းကင်သည် အရွယ်စုံ၊ သဏ္ဌာန်စုံ ရုပ်ပုံတိမ်ကားချပ်များဖြင့် ပြည့်လုချိန်မှာတောင် လေ၌ မိုးရနံ့လေးစွက်လာတော့သည်။
တောင်သမန် တံတားအို၊ ‘ကင်းခြေများ’အောက်က ကိုင်းတောယာမြေတွင် ရိုးပြတ်မီးခိုးတွေ အူလာပြီး ထွန်တုံးပေါ်မှ ငေါက်သံတဟဲ့ဟဲ့ ကြားလာရ၏။ ဟိုး …အောင်ပင်လယ်
တဘက်ကျစေတီလေးဘေး တရုတ်စကားရိပ်မှာတော့ ထမင်းအိုး၊ ဟင်းအိုးတောင်းကိုယ်စီနှင့် ထယ်ရေးငင်နေသည့် အိမ်သားတွေဆီ သမ္မတောသူတို့ မျှော်ကြည့်ကာ ဝိုင်းဖွဲ့နေကြပြီ။ ဝါခင်းကုန်းစေတီတော်ရိပ်ကကိုရင်ငယ်သည် အရိပ်ခိုရင်း “ယံမင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသုသဒေဝကာ”ကိုရွတ်အံနေသည်။ တံမြက်စည်းစုရွာကလေးထိပ် နဒီကမ်းဘေးက အတန်းကျောင်းကလေး၏ ဝါးကပ်မိုးတဲကလေးထဲမှာ ပထမတန်းကျောင်းသားလေးသည် မကြာမီရက်ပိုင်းအတွင်း ဖြေဆိုရတော့မည့် အတန်းတင်စာမေးပွဲအတွက်
“မနေ့ကလေလာ၏။
အသီးနုနုမခူးရ။
ဥတုရာသီအေး၏။
ငါးအူရေဆေးထားပါ။
အတူတူပူး၍ မထားရ..”ဟု မျက်စိစုံမှိတ်ကာ ဟစ်အော်ရွတ်အံနေသည်။
ပတ်ကုံးဝန်းကျင်ရပ်၊ ရုံးကြီးနံဘေးက မယ်ဇလီပင်လေးတွေ အုပ်မိုးနေသည့် ကတ္တရာလမ်းပြောင်ပြောင်မှာ ရထားလုံးတစ်စီး ခွာသံတခွပ်ခွပ်ပေးရင်း လေးတိလေးတွဲ မောင်းနှင်သွားသည်။
တောင်ဘက် ကျုံးနံဘေး၊ ဓာတ်စက်ရုံကြီးအရှေ့ဘက် ဟေမာဇလရပ်ကွက် ၂၇လမ်းနှင့် ၇၆ လမ်းထောင့်က စာကြည့်အသင်း အဆောက်အအုံလေးအတွင်းတွင် ရပ်ကွက်လူငယ်ကလေးတွေ စုစည်းမိနေကြသည်။ ဥပုသ်နေ့မို့ မနက်ပိုင်းကတည်းက ဆုတောင်းပြည့်ဘုရားကြီး၏ ဥပုသ်သီလပွဲအတွက် ရပ်ကွက်အနှံ့ ဆွမ်းကြီးခံထွက်ပြီးပြီ။ ထို့နောက် ဥပုသ်သီတင်းသီလယူပြီးကြပြီ။ သီလပေးဆရာတော်ကျောင်းသို့လည်း သီလပွဲတွေ ပို့ပြီးကြပြီ။ ဘုရားဝင်းအတွင်း ဥပုသ်ဝေယျာဝစ္စတွေ ပြုလုပ်ဆောင်ရွက်ကြပြီးကြလို့ နားရက်လည်းဖြစ်သောကြောင့် အိမ်မပြန်ကြဘဲ စာကြည့်သင်းအခန်းလေးထဲ စုစည်းမိကြသည်။
တစ်ယောက်က ဖတ်လက်စ ဝတ္ထုစာအုပ်ထဲမှ စာသားလေးတစ်ပိုင်ဒ်အား အသံထွက် ရွတ်ဆိုပြလိုက်သည်။
“ငွေဖလားနှင့် ခင်တို့ပက်မယ်
ကန်တော့ပန်းဆင်ကာရယ်
နောင်နှစ်ကျရင် ခေါ်စမ်းပါမယ်
အမည်ကလေးပြောပါကွယ်
ပျော်ပျော်ရွှင်ရွှင် ရေသဘင်ပွဲတော်
အခါကြီးဝယ် တူနွှဲပျော်မယ် …”တဲ့။
တကယ်တော့ မိဿရာသီ၊ စိတြကြယ် ထွန်းလင်းသောအချိန်သည် “ဂိမှာန်”အခါဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးသောအချိန်မှာ အတာကူးသည့် နှစ်ဦးသင်္ကြန်ပွဲကို ဆင်နွှဲကြသည်။
မန္တလေးသည် နောက်ဆုံးမင်းနေပြည် နန်းစိုက်တည်ရာရှေးမြို့တော်ကြီးဖြစ်ခဲ့သည့် အားလျော်စွာ မြန်မာ့စရိုက်၊ မြန်မာ့ဓလေ့၊ မြန်မာ့ထုံးတမ်းနှင့် မြန်မာယဉ်ကျေးမှုအပေါ် အလေးပေး အားသာခဲ့ကြသည်။
အခါကြီးရက်ကြီး အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ပွဲလမ်းများကို ရိုးရာဓလေ့ ထုံးတမ်းနှင့် တစ်သမတ်တည်း မတိမ်းမစောင်းစေရဘဲ လက်ဆင့်ကမ်းအမွေယူ ပြုမူကျင်းပခဲ့ကြ၏။ အထူးသဖြင့် ရိုးရာကိုဘာသာတရားနှင့် ထပ်မံထိန်းကွပ်ကာ ဘာသာတရား၏ အရိပ်အာဝါသနှင့် မကင်းလွတ်စေဘဲ ပြုမူဆောင်ရွက်ခဲ့ကြတာ အစဉ်အလာလို ဖြစ်နေပါသည်။
သင်္ကြန်ကိုပဲ ကြည့်လေ …။
‘နှစ်သစ်ကူးခြင်း မင်္ဂလာအခါသမယ’ ဟူသော မင်္ဂလာအတိတ်နိမိတ်တွင် ဘာသာတရားကို အလေးထား အထွတ်အမြတ်ပြုကြခြင်းက အဓိကပဲဖြစ်ပါ၏။ ထို့ကြောင့် သင်္ကြန်တွင်းရောက်လျှင် ရိုးရာအစဉ်အလာအရ
သင်္ကြန်ကြိုခြင်း၊ သင်္ကြန်ပန်းနှင့် အတာအိုးထိုးခြင်းကိစ္စပြုဖွယ်ရာများအား အကြိုနေ့ကတည်းက မမေ့မလျော့ ပြုလုပ်ခဲ့ကြပြီးနောက် သင်္ကြန်အကျနေ့မှသည် နှစ်ဆန်းတစ်ရက်နေ့အထိ လေးရက်လေးလီ အချို့နှစ်များ၌ အကြတ် (၂)ရက်ထပ်သဖြင့် ငါးရက်ငါးလီအား ဥပုသ်သီတင်းစောင့်ထိန်းကြခြင်း၊ ဘုရားကျောင်းကန်အရိပ်ခိုလှုံကြခြင်း၊ ဘာသာတရား၏ အဆုံးအမ နာခံကြခြင်းဖြင့်သာ ကုန်ဆုံး ကုန်လွန်စေခဲ့ကြသည်။
ထို့ကြောင့် အိမ်ရှိလူကုန် အရွယ်ရောက်သူတိုင်း ဘုရားကျောင်းကန်သွားကာ ဥပုသ်သီတင်းဆောက်တည်ကြသဖြင့် အိမ်စောင့်လက်ကျန် ကလေးငယ်အချို့သာလျှင် ရေချောင် ကလေးတွေ သံဖြူတန်းရေပြွတ်ကလေးတွေ၊ ဖလားကလေးတွေနှင့် ရေပက်ကစားခြင်းပြုခဲ့ကြ၏။
ပီဘိကလေးငယ်လေးတွေသာ ပျော်မြူးကြပြီး လူပျိုပေါက်၊ အပျိုပေါက်၊ လူပျိုဖား၊ အပျိုဖားများပင် လူကြီးသူမများနှင့်အတူ ဥပုသ်သီတင်းဆောက်တည်ကြလို့ ရေပက်ကစားသူ ‘ကလေးကြီး’အရွယ်များနှင့် သူတို့နှင့် မတိမ်းမယိမ်းအရွယ်များ၏ မျက်လွှာချ ဣန္ဒြေကြီးများဖြင့် ယောဂီတဘက် ပခုံးတင်ကာ ဥပုသ်စခန်းဝင်ကြခြင်းအပေါ် မချင့်မရဲ ဖြစ်ကြသောကြောင့် …။ “ဥပုသ်သည်ကိုရေမပက်နဲ့ ငရဲကြီးလိမ့်မယ် …”ဟု သံချပ်ထိုးကာ တားဆီးစောင့်ထိန်းခဲ့ကြ၏။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး