ပြည်တွင်းဝင်လာမယ့် လျှပ်စစ်ကား ဘယ်လောက် ခရီးပေါက်နိုင်မလဲ

ဒီဇင်ဘာ ၂၂ – ၂၀၂၂
SN (VOM)

Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေ အခုနှစ်ကုန် တင်သွင်းတော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လျှပ်စစ်ကား တင်သွင်းရောင်းချခြင်းနဲ့ ပတ်သက်ပြီး စိစစ်ကြပ်မတ်ဖို့ ကော်မတီ ၅ ခု ဖွဲ့စည်းထားတယ်လို့ နစကက ပြောဆိုထားပြီး အဲ့ဒီကော်မတီတွေကနေ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပတ်သတ်လို့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး မူကြမ်းတစောင်ကို နိုင်ငံတော်အဆင့်အနေနဲ့ ထုတ်ပြန်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေနဲ့ပတ်သတ်လို့ ကာလတို၊ ကာလလတ်၊ ကာလရှည် ကာလအပိုင်းအခြားသုံးခုနဲ့ လုပ်ကိုင်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ အဆင့်လိုက် ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတော့ နိုင်ငံတော်အနေနဲ့ အားပေးတဲ့ မက်လုံးတွေ၊ အခွင့်အရေးတွေပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း နစကက ပြောဆိုထားပါတယ်။ ဒီပြောဆိုချက်မတိုင်ခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက လျှပ်စစ်နဲ့ ဘတ္ထရီသုံး ဘယ်လိုယာဥ်မျိုးမဆို အခွန်သုညရာခိုင်နှုန်းသတ်မှတ်တယ်လို့ ထုတ်ပြန် ကြေညာထားပါသေးတယ်။

ပြည်ပကနေ CBU စနစ်၊ CKD စနစ်၊ SKD စနစ်တွေနဲ့ တင်သွင်းတဲ့ ဘက်ထရီကနေ လျှပ်စစ်စွမ်းအင် ရယူမောင်းနှင်တဲ့ လျှပ်စစ်သုံးယာဉ် (BEV) အမျိုးအစားတွေကို မြန်မာ့အကောက်ခွန်နှုန်းထားစာရင်း ၂၀၂၂ မှာ သတ်မှတ်ထားတဲ့ အကောက်ခွန်နှုန်းတွေကို သုညအထိလျှော့ချလိုက်တာပါ။ အကောက်ခွန်လျှော့ချလိုက်တဲ့ အမျိုးအစားတွေထဲမှာ လူစီးယာဉ်၊ ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးနဲ့ ကုန်တင်သုံးဘီးတပ်ယာဉ်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး စတာတွေအပါအဝင် ယာဉ် ၁၁ မျိုးအထိ ပါဝင်ပါတယ်။

ဒါ့အပြင် ဒီလျှပ်စစ်သုံးယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ အားသွင်းရုံဆိုင်ရာပစ္စည်းတွေ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းတွေကိုလည်း အကောက်ခွန်လျော့ချပေးထားပါတယ်။ အခုလို အကောက်ခွန်နှုန်းလျော့ပေးတဲ့အတွက် EV တွေကို စိတ်ဝင်စားမှု မြင့်လာနိုင်ပြီး သုံးစွဲမှုပိုတက်စေဖို့ဆိုရင် အခွန်လျှော့တာအပြင် နိုင်ငံတကာကလို အခြားထောက်ပံ့မှုတွေ ပေးတာတွေကိုပါ ဆောင်ရွက်သင့်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ဒီလျှပ်စစ်ကားတွေက မူရင်းဈေးနှုန်းကိုက ကြီးမြင့်နေတာပါ။ ဒါ့အပြင် ပြည်တွင်းမှာ ငွေလဲနှုန်းကပါ မြင့်နေတဲ့အတွက် ထောက်ပံ့မှုတွေပေးမှသာ ပိုအဆင်ပြေနိုင်မယ်”လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက သုံးသပ်ပါတယ်။

လျှပ်စစ်ကားနည်းပညာ တိုးတက်လာပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး နေရာကို ရယူနေတဲ့ တရုတ်နိုင်ငံဟာ Tesla ကားကုမ္ပဏီကို ပြည်တွင်းမှာလာရောက်ထုတ်လုပ်ရောင်းချဖို့ ဖိတ်ခေါ်စဉ်က ဒီကားတွေကိုဝယ်ရင် ဝယ်ယူခွန် (Purchase Tax)ကင်းလွတ်ခွင့်ပြုထားပြီး တခြားအခွန်တွေကိုလည်း ကင်းလွတ်ခွင့်မက်လုံးတွေပေးပြီး ခေါ်ခဲ့တာပါ။

အရှေ့တောင်အာရှမှာ လျှပ်စစ်ကားဈေးကွက်ထွန်းကားနေတဲ့ ထိုင်းနိုင်ငံကတော့ ၂၀၂၃ အထိ အခွန်ကင်းလွတ်ခွင့်ပေးထားပြီး ၂၀၂၄ ကနေ ၂၀၂၅ အထိ အခွန်နှစ်ရာခိုင်နှုန်းကောက်ခံတဲ့ မူဝါဒကိုကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။

လျှပ်စစ်ကားသွင်းမယ့် ကုမ္ပဏီမှာ Distributor ဖြစ်ရမှာဖြစ်ပြီး 3S showroom၊ EV Charging Station သတ်မှတ်ချက်အတိုင်း 315 KVA ပါရှိရမှာ ဖြစ်တဲ့အပြင် ကားနှစ်စီး အမြန်အားသွင်းနိုင်မယ့် Stand ၅ ခုနဲ့ နှစ်စီး အမြန်အားသွင်းနိုင်မယ့် Stand ငါးခုရှိရမယ်လို့လည်း သိရပါတယ်။

အဲ့ဒီ့ EV ကားတွေဟာ ပြည်တွင်းဈေးကွက်ထဲကို အခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာနဲ့ လာမယ့် ၂၀၂၃ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အနည်းအကျဉ်း စတင်ရောက်လာနိုင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ရောင်းချနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ လျှပ်စစ်ကားတွေ အားဖြည့်သွင်းနိုင်မယ့် Charger Station တွေ ဘယ်လောက်ထောင်နိုင်မလဲ၊ နောက်တခုက မီးအားကို ဘယ်လောက်မှန်အောင် ပေးနိုင်မလဲ။ နောက်တခုက မီးအားဗို့အားက အားသွင်းတဲ့အားဆွဲသွားတာကို ဘယ်လောက်ထိ တောင့်ခံပေးနိုင်မလဲ၊ မီးကြိုးတွေရဲ့ အနေအထား၊ ဒါတွေလည်း အများကြီး ပြင်ဆင်ရဦးမှာပါ။ အဓိကကတော့ မြန်မပြည်မှာ မီးမှန်ဖို့နဲ့ ဗို့အားတောင့်ဖို့ပဲ လိုပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

ပြည်ပကနေ လျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်တွေအရ ပြည်တွင်းကို တင်သွင်းရောင်းချမယ့် လျှပ်စစ်ကားတွေဟာ လျှပ်စစ်စွမ်းအင်သုံး ဘတ္ထရီအားသွင်းစနစ်ယာဉ် (BEV-Battery Electric Vehicle) တမျိုးတည်းကိုသာ ခွင့်ပြုထားပါတယ်။ BEV-Battery Electric Vehicle စနစ်သုံး လူစီးယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကိုပဲ ခွင့်ပြုမှာဖြစ်လို့ ဆိုလာစနစ်သုံးအမျိုးအစား၊ တပိုင်းကလျှပ်စစ် တပိုင်းကစွမ်းအင်သုံး အမျိုးအစားတွေကို တင်သွင်းခွင့် မရသေးပါဘူး။

“Sale, service and Sparepart တွေ Waranty တွေပါဝင်တဲ့ BYD အမှတ်တံဆိပ် Electric Vehicle တွေဖြစ်တဲ့ Dolphin, Att0-3 နှင့် Han အမျိုးအစားကားတွေကို တင်သွင်းရန်ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်တဲ့အတွက် Partner တွေနဲ့ပူးပေါင်းကာ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းပေးသွားဖို့ စီစဉ်ပါမယ်”လို့ လျှပ်စစ်ကား တင်သွင်းရောင်းချဖို့ ပြင်ဆင်နေတဲ့ Farmer Auto မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာဈေးကွက်အတွင်းမှာ BYD အမှတ်တံဆိပ် လျှပ်စစ်ကားတွေ တင်သွင်းရောင်းချနိုင်ဖို့အတွက် ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိသေးပေမယ့် ဈေးနှုန်းသတ်မှတ်နိုင်ဖို့ အရောင်းကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမှုပြုလုပ်နေပြီး လက်ရှိ ဒေါ်လာပေါက်ဈေးအတိုင်း ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။

“လျှပ်စစ်ကားတစီးက သိန်းထောင်ကျော်တယ်။ တကယ့်ကားအကောင်းစားတွေနဲ့ တွက်မယ်ဆိုရင် သိန်း ၁၆၀၀ လောက်ရှိတယ်။ အခြေခံလူတန်းစား၊ လူလတ်တန်းစား ဆိုတာကတော့ ဆီဈေးကြီးလို့ဆိုပြီး ဒီလောက်ဈေးကြီးတာကြီး ဝယ်မစီးနိုင်ဘူးလေ။ သုံးလေးငါးရာတန်ဝယ်စီး၊ ကျန်တဲ့တစ်ထောင်ကျော်က အရင်းအနှီးလုပ်လို့ရတာပဲ။ နောက် လျှပ်စစ်မီး မှန်တာတို့ မမှန်တာတို့ ဒါတွေလည်း အများကြီးရှိပါသေးတယ်။ အဲ့ဒီတော့ ဆီဈေးပေါ်မှာမူတည်တာပဲ။ တကယ်တမ်း ဆီဈေး ကျကြည့်ပါလား၊ ဒီလျှပ်စစ်ကားကို ဘယ်သူကဝယ်စီးမှာလဲ။ အားသွင်းရင်လည်း ကားရဲ့ဆွဲအားက အိမ်မီးသုံးနဲ့မတူဘူး၊ ဗို့အားကပြင်းတယ်။ မီးကလည်းမှန်ဦးမှကိုး” လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

တင်သွင်းရောင်းချမယ့် လျှပ်စစ်ကား (EV) တွေဟာ အရည်အသွေးနဲ့ နည်းပညာမြင့်မားတဲ့ တရုတ်နိုင်ငံထုတ် ကား အများဆုံးဖြစ်ပြီး အဲ့ဒီနိုင်ငံက ကားကုမ္ပဏီအများအပြား မြန်မာဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တဦးချင်း တင်သွင်းခွင့်ပြုနိုင်ဖွယ်ရှိနေတယ်လို့ ပြင်ပမှာ သတင်းတွေထွက်ပေါ်နေပေမယ့် ပြည်ပကနေ တင်သွင်းလာတဲ့ ဓါတ်ဆီနဲ့ ဒီဇယ်သုံးကားတွေကို ၂၀၁၂ ခုနှစ်ကစပြီး တဦးချင်းတင်သွင်းခွင့် (free permit)ပြုထားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်ကစပြီး ပြန်ပိတ်လိုက်တာကြောင့် ပြည်တွင်းကို တင်သွင်းရောင်းချမယ့် ဘယ်လိုကားမျိုးမဆို ကုမ္ပဏီတွေနဲ့ပဲ တင်သွင်းခွင့်ရှိနေပါတယ်။

အခုနှစ် နိုဝင်ဘာ ၁၆ ရက်ကထုတ်ပြန်တဲ့ ပြည်ပမှလျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းချက်တွေအရ တဦးချင်းတင်သွင်းခွင့် (Free Permit) ပေးထားတာကို မတွေ့ရပါဘူး။ ဒါ့ကြောင့် လျှပ်စစ်ကားတင်သွင်းရောင်းချခွင့်ကို တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေပဲ ရကြမယ်လို့ သိရပါတယ်။

ဒါ့အပြင် Model Year သတ်မှတ်ချက်နဲ့ ပတ်သက်လို့လည်း နိုင်ငံတော်အဆင့်ထုတ်ပြန်မယ့် မူကြမ်းထွက်ရှိမှုအပေါ် မူတည်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်လျှပ်စစ်ကားတွေဟာ ၂၀၂၂-၂၀၂၃ မော်ဒယ်လ်တွေဖြစ်နေပါတယ်။ မြန်မာကိုဝင်လာမယ့် ကားတွေအပေါ် Model Year သတ်မှတ်ချက် ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါ။ ဒီဇယ်နှင့် ဓါတ်ဆီသုံးကားတွေကတော့ ရောက်ရှိခုနှစ်ကို Model Year သတ်မှတ်ထားလို့ လျှပ်စစ်ကားတွေကိုလည်း ဒီလိုပဲသတ်မှတ်မလားဆိုတာ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။

ဒီ လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားအသွင်ကူးပြောင်းရေးက ငါးနှစ်လောက်အချိန်ယူပြီး တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ ထိုင်းရဲ့ လျှပ်စစ်ကား အသွင်ကူးပြောင်းရေးကတော့ အခုထိ ရုပ်လုံးပေါ်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လျှပ်စစ်ကားတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်အကျော်က စတင်ကာ ဝင်ရောက်ခဲ့‌ပေမယ့် လျှပ်စစ်မီး၊ ဘတ်ထရီနဲ့ မီးစက်အပိုတွေပါ ဆောင်ထားရတာကြောင့် အဆင်မပြေခဲ့ပါဘူး။

ဒါ့ကြောင့် လာမယ့်နှစ် မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကား အသွင်ကူးပြောင်းရေးက မည်သို့မည်ပုံ ဖြစ်ပေါ်လာမလဲ၊ မငြိမ်းချမ်းနိုင်‌သေးတဲ့ အခြေအနေ၊ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု၊ လျှပ်စစ်မီး မမှန်မှုတွေကြား ဘယ်လိုရှေ့ဆက်သွားနိုင်မလဲ၊ ဘယ်လောက်အထိ ခရီးပေါက်၊ ခရီးရောက်နိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမယ့် အနေအထားတခု ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #လျှပ်စစ်ကားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW