မုံရွာမှာ နယ်ထိန်းရဲကား ပစ်ခတ်ခံရလို့ ရဲ ၃ ဦး ပြင်းထန် ဒဏ်ရာရ ၊ လူ ၃ ဦးလည်း ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၂၇ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ မုံရွာနယ်မြေရဲစခန်းက နယ်ထိန်း ရဲ ၃ ဦးဟာ မနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက လှည့်ကင်းလှည့်ရင်း ကွမ်းယာဝယ်နေတုန်း ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” နယ်မြေရဲစခန်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ကားက နန္ဒဝန်ရပ်ကွက် ၊ သမစိတ္တ( ဂန့်ဂေါကျောင်း ) လမ်းနဲ့ သီရိမင်္ဂလာလမ်းဆုံ အင်ကြင်းခိုင် တည်းခိုခန်းနားက ပစ်တိုင်းထောင် ကွမ်းယာဆိုင်မှာ ကွမ်းယာဆင်းပြီး ဝယ်နေတုန်း ကလူဂျာအနက်ရောင် ကားတစီးပေါ်ကနေ ပစ်သွားတာဖြစ်တယ် ၊ နေရာမှာတင် ရဲ ၃ ဦး လဲကျသွားတယ် “လို့ မျက်မြင်တွေ့လိုက်ရသူ တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” နယ်မြေစခန်းက နယ်ထိန်း လှည့်ကင်းကား ပစ်ခံရတာပါ ၊ တပ်ကြပ် သန်းလူ ဝမ်းဗိုက်ဒဏ်ရာ ၊ တပ်ကြပ် ခင်မောင်နိုင် နထင်ဒဏ်ရာ နဲ့ နယ်ထိန်းခေါင်းဆောင် ပေါင်နေရာ ဒဏ်ရာရတယ် ၊ ပစ်ပြေးတဲ့ကားလည်း ပစ်ခတ်ခံထားရတယ်”လို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၆ ရက်ကပဲ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ သီရိမင်္ဂလာ(စျေးဟောင်း)ရဲ့ စျေးခေါင်း စာရေးတာဝန်ခံ ဦးအောင်ဇော်ဝင်း ဆိုသူဟာ စျေးထဲက သူ့ရဲ့ ရုံးခန်းထဲမှာပဲ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာနေတဲ့ ဦးစိုးသန့်ဇင် ၄၅ နှစ် နဲ့ သူ့မိန်းမ ဒေါ်ချောစုအောင် ၄၁ နှစ် လင်မယား ၂ ယောက်ဟာ သူတို့ရဲ့ နေအိမ် အိပ်ခန်းထဲမှာ အမည်မသိ လူ ၅ ဦးက ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ပစ်သတ်သွားတာ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW