မုံရွာ – မန္တလေး ကားလမ်းမှာ ကား(၁)စီး ပစ်ခတ်ခံရလို့ (၂) ဦးသေ ၊ (၁) ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၁
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ပုရစ်ကုန်းတောင်ရွာနဲ့ တောပုကျေးရွာအကြား မုံရွာ – မန္တလေး ကားလမ်းနားမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက အိမ်စီးကား (၁) စီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာသူတွေ သေဆုံး၊ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က၊ အိမ်စီးကား ပစ်ခံရတာဖြစ်တယ် ၊ ကားပေါ်မှာ လိုက်ပါလာတဲ့ ဦးစိုးထိုက်အောင်နဲ့ ဦးမျိုးမင်းဇော် က နေရာမှာတင် ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးတယ် ၊ ဦးဘိုဘိုချစ်ဆိုသူက ပြင်းထန်ဒဏ်ရာရပြီး အသက်မသေးဘူး ၊ ပစ်တာက အမည်မသိ လက်နက်ကိုင်အဖွဲ့ ပစ်တာဖြစ်တယ်”လို့ သေဆုံးသူတွေရဲ့မိသားစုဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ် ၊နုံးတွင်းကျေးရွာ ၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီး မုံရွာ – မန္တလေးကားလမ်းမှာ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ခရီးသည်တင်ကား (၁)စီး မိုင်းထိမှန်ပြီး ပစ်ခတ်ခံရတာကြောင့် ယာဥ်ပေါ်ပါ ခရီးသည် (၁)ဦးသေဆုံးကာ၊ ကားမောင်းသူအပါအဝင် ခရီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက မုံရွာမြို့က ဦးနှောက်သွေးကြောပေါက် လူနာတယောက်ကို မန္တလေးဆေးရုံဆီ လိုက်ပို့ပေးတဲ့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ( မုံရွာ)က လူနာတင်ယာဥ် ၂ စီးဟာ မြင်းမူမြို့နယ် ၊ ထီးစောင်းနဲ့ ညောင်ပင်ဝန်း ကျေးရွာအကြား မုံရွာ – မန္တလေး ကားလမ်းမှာ အလားတူ မိုင်းခွဲခံရပြီး ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ၊ နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်းလာတဲ့ ခရီးသည် ကား (၁)စီး အလားတူ ပစ်ခတ်ခံရပြီး ခရီးသည် ၂ ဦးသေ ၊ ၄ ဦးဒဏ်ရာရတာဖြစ်ခဲ့ပါတယ်။

မုံရွာ – မန္တလေး ကားလမ်း ၊ မုံရွာမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ် ကြားမှာ ဒီနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၀ ရက်အထိ လမ်းဘေးမိုင်း ပေါက်ကွဲမှုဖြစ်စဥ် အကြိမ်ရေ ၈၀ ကျော်ရှိပြီး သွားလာနေတဲ့ ခရီးသည် ၂၄ ဦးသေဆုံးကာ ၊ ၇၁ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW