မယ်စဲ့မှာ စစ်ရှောင် ၅၀၀၀ နီးပါး စားနပ်ရိက္ခာနဲ့ခြုံစောင်တွေ အရေးပေါ်လိုအပ်နေ

ဇွန်၊ ၂၁-၂၀၂၂
MM(VOM)

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင် ၅၀၀၀ နီးပါးမှာ စားနပ်ရိက္ခာတွေနဲ့ မိုးကာလဖြစ်တာကြောင့် ခြုံစောင်တွေပါ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီ မယ်စဲ့မြို့နယ်က စစ်ရှောင် ဒေသခံ ၅၀၀၀ နီးပါဟာ အခု ဇွန်လအတွင်းစတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး တောထဲကိုထွက်ပြေး တိမ်းရှောင်လာတဲ့သူတွေဖြစ်ပြီး စစ်ရှောင် ကလေးငယ် ဦးရေ ထောင်နဲ့ချီပါတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။

”ဒီဘက်မှာက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတာ၊ အခုသူတို့တွေ ဒုက္ခတော်တော်ရောက်နေတယ်၊ ဇွန်လ ပထမအပတ်လောက်က တချို့အလှူရှင်တွေလှူထားတဲ့ အမိုးအကာလေးတွေနဲ့ တောထဲမှာ အဆင်ပြေသလို နေထိုင်နေရတာ၊အခုက စားဖို့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်ခြုံစောင်တွေလိုအပ်နေတာ၊ တစ်ခုရှိတာက စစ်ရှောင်ဦးရေကများတော့ ဘယ်ကိုလှူလှူ လိုအပ်ချက်ကရှိနေတာလေ။”လို့ စစ်ရှောင်တွေကူညီရေးအဖွဲ့က ဒေသတာဝန်ခံတစ်ဦး ကပြောပါတယ်။

စစ်ဘေးရှောင် ဒေသခံတွေနဲ့ နီစပ်သူတစ်ဦးက ”တိုက်ပွဲတွေက အရင်ထက် ခပ်စိပ်စိပ်ဖြစ်လာတာ၊ ပစ်ခတ်တဲ့အသံတွေကလည်း နေ့တိုင်းကြားနေရတာ ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ပစ်တာတွေလုပ်နေတာ၊ ဒီလို တောက်လျှောက်လုပ်နေတဲ့အတွက် ဒေသခံတွေ အများစုက ‌မနေရဲလို့ ဘာမှကို မငဲ့ကွက်ပဲ ထွက်ပြေးကြရတာ၊ အမျိုးသမီးတွေလည်း မနည်းပါတယ်။တက်နိုင်သလောက် စီစဉ်လှူဒါန်းပေးစေချင်တာ။”လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင် ၅၀၀၀ နီးပါးထဲမှာ ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၅၀၀ ၊ ကလေးဦးရေ ၁၀၀၀ ကျော်၊ အသက်အရွယ်ကြီးသူဦးရေ ၂၀၀၀ ကျော်နဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေလည်းပါတယ်လို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတဲ့သူတွေလည်းပါဝင်ပြီး မြွေ အန္တရာယ်နဲ့ လက်နက်ကြီးကျရောက်မယ့် အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေ ဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #မယ်စဲ့ #စစ်ဘေးရှောင် #အရေးပေါ်အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW