ဆူးငှက်
သတင်းစာဆရာ၊ စာရေးဆရာဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ပြည့်မွေးနေ့(၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရတောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစ ကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာက စာရေးဆရာတွေရောက်လာကြသည်။ အလွန် သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ (အမရပူရ)၏မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်းနိုင်းမရသည့် ပီတိတွေဝေမျှကြခြင်းဖြစ်သည်။
သည်တုန်းအခါက ကျွန်တော်မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက် မှရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး)ကတော့တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့်လမ်းကြုံသော စာရေးဆရာ ရဲသျှမ်းကို စာလေးရေး၍ဖြစ်စေ၊ ဖိတ်စာလေး ကမ်း၍ဖြစ်စေ ဖိတ်ကြားပါသည်။ သို့သော် ကျွန်တော် မရောက်ဖြစ်ပါ။ ဘာရယ်လို့တော့ မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်ကာ ဤနေရာ ဤဌာနတွင် ကိုယ်နှင့် မဝင်ဆန့်သေးဟု ထင်မြင်မိ၍ ဖြစ်ပါသည်။
တစ်နေ့မှာတော့ ကိုညို(စာရေးဆရာ ညီပုလေး) က လူကြုံဖြင့် ကျွန်တော့်ကို အိမ်လာပါဦးဟု ဖိတ်သည်။ ကျွန်တော် ဝမ်းသာသွားသည်။ (ထိုစဉ်က လူထုစာအုပ်တိုက်နှင့် မျက်နှာချင်းဆိုင် နဂါးဆေးလိပ်တိုက်ကြီးရှေ့ စက်အေးဖျော်ရည်ဆိုင်မှ လိုင်းမကြူးတစ်ခွက်သောက်ရင်း လူထုတံခါးဝဆီမျှော်ကြည့်နေသည့်ကာလပေါ့။) ထို့ကြောင့် တစ်ညနေတွင် လူထုတိုက်သို့ ကျွန်တော် စက်ဘီးလေးနှင့်ရောက်သွားသည်။ တိုက်ရောက်တော့ အလုပ်စားပွဲက အစ်မကြီး(မမဒေါ်တင်ဝင်း)ကို ကိုညိုကခေါ်ထားလို့ပါဟုပြောတော့ ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားသည်။စောင့်ရင်း ဖတ်ဖို့ မဂ္ဂဇင်း သုံးလေးအုပ်လည်း ချပေးထား၏။ ထိုစဉ်က ထွက်ရှိနေသော ရှုမဝမဂ္ဂဇင်း၊ မိုးဝေ မဂ္ဂဇင်းတို့ဖြစ်သည်။ ခဏနေတော့ ကိုညို(စာရေးဆရာ ညီပုလေး)ရောက်လာသည်။ ကျွန်တော့်မှာ လတ်တလော စာပေအပေါင်းအသင်း၊ စာပေအဝန်းအဝိုင်း ရှိမရှိမေး၏။ ထိုစဉ်က ကျွန်တော်နှင့်တွဲဖက်မှာ မြောက်ပြင်ထားဝယ်ရပ်က ကိုသိန်းဆွေဖြစ်သည်။ ကိုသိန်းဆွက ကျွန်တော့်ထက် ကြီးသည်။ ထိုစဉ်က ခရီးလွန်နေသော အစ်ကိုနှင့်မှ ရွယ်တူဖြစ်သည်။ သူက စာဖတ်သမားဖြစ်သည်။ ကျွန်တော့် လက်ရေးမူတွေကို မပျင်းမရိဖတ်ပြီး ဝေဖန်သည်။
ထားပါတော့။
ကိုညိုက အားလျှင် သူတို့ စာပေအဝန်းအဝိုင်းသို့ လာခဲ့ဖို့ ဖိတ်ခေါ်သည်။ သူတို့ မကြာမကြာ ဆုံဖြစ်သည်။ စာအကြောင်း ပေ အကြောင်း စကားဝိုင်းဖွဲ့ဖြစ်သည်။ စာမူတွေ အပြန်အလှန် ဖတ်ရှုဝေဖန်ကြသည်ဟု ဆိုသည်။ ဆရာ ဦးစိန်မောင်ဝင်း(ဆရာဝင်းစည်သူ)၏ ၈၃ လမ်းပေါ်က သရဖူမြန်မာစာ သင်တန်းခန်းမမှာလည်း ဆုံဖြစ်သည်။ ကိုငယ်(ကျောက်ဆည်)၏ စာအုပ်ဆိုင်မှာလည်း ဆုံဖြစ်ကြသည်တဲ့။ ဆရာဝင်းစည်သူပါသည်။ဆေးရုံကြီးနားက ဆရာဝန် တစ်ယောက်ပါသည်(ဆရာကြည်ဇော်ဝင်း)။ တာရဲတန်းက တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ယောက်ပါသည် (ဆရာညိုထွန်းလူ) ။ တစ်ခါတစ်ရံ ကျောက်မဲမှာ ရောက်နေသော ဝန်ထမ်းစာရေးဆရာ တစ်ယောက်ပါသည် (ဆရာကျော်ရင်မြင့်)။တောင်ကြီးမှာ ရောက်နေသော မိတ်ဆွေတစ်ဦးကလည်း စာတစ်စောင်တစ်ဖွဲ့ဖြင့် အမြဲလိုလို ပါဝင်ဆွေနွေးးသည် (ဆရာကြည်လင်အေး)။ ဘူတာကြီး မီးရထားလိုင်းမှာနေသော ဆရာရဲသျှမ်းပါသည်။မြောက်ပြင်က စာရေးဆရာ ဆရာသိုက် ထွန်းသက်ပါသည်။ စသည်ဖြင့်ပြောပြသည်။ ကိုညိုက ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်သည်။ ကျွန်တော် မရောက်ဖြစ်ပါ။
နဂိုကတည်းက ကျွန်တော့်မှာ လူကြောက်စိတ်ရှိသည်။ ခွေးဖြူ တောမတိုး …။
သည်ကာလမှာ ကိုညို(ဆရာညီပုလေး)၏ “သူ့ထက်ကဲ၊ရွှေပြည်စိုး၊ ညီပုလေး” ဝတ္ထုတိုပေါင်းချုပ် ထွက်လာသည်။ ထူးခြားတာက အဖုံးရော အတွင်းပန်းချီပါ စာရေးဆရာ၏ လက်ရာဖြစ်သည်။ (ကိုညို(ဝါ)ကိုငြိမ်းချမ်းက ပန်းချီဆရာလည်းဖြစ်သည်။) သည့်ထက် ပိုထူးတာက ဝတ္ထုတိုအမည်နှင့်အတူ“စိတ်ကူးရှုခင်း”ဟူသော ခပ်ပါးပါး စာအုပ်လေးလည်း ပူးတွဲပါသည်။ ထိုစာအုပ်အဖုံးကလည်း စာရေးဆရာ၏ လက်ရာဖြစ်၏။ အဖုံးပန်းချီကပင် အတွေးအခေါ်ပါသည်။ ထိုစာအုပ်ပါးလေးမှာ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ဝတ္ထုတိုများ” စာအုပ်နှင့်ပတ်သက်ပြီး ရေးဖော်ရေးဖက်များ၏ အမြင်များကို ဖော်ပြထားသည်။ သိုက်ထွန်းသက်၊ကျော်ရင်မြင့်၊ ယုထင်(မန္တလေး)၊ ရဲသျှမ်း၊ကျော်စိုးဝင်း၊ ကြည်ဇော်ဝင်း၊ မခင်လေး(ရန်ကုန်တက္ကသိုလ်)၊ ပိုင်စိုးဝေ၊ သန်းဌေး(ဥတ္တရလွင်ပြင်)၊ ကိုရိုးကွန့်၊ဝင်းတင့် (မိတ္ထီလာ)၊ ဝင်းစည်သူ၊ ညိုထွန်းလူ၊ ကိုကို(အမရပူရ)၊ကျော်စွာထက်တို့ စာရေးဆရာ (၁၅)ဦး၏ ညီပုလေးဝတ္ထုတိုအပေါ် အမြင်တွေ စုစည်းထားသည်။ ဟေမာဇရပ်ရပ်ကွက်မှာရှိတော့ ကျွန်တော့်စာအုပ်အငှားဆိုင်လေးမှာလည်း ညီပုလေး၏ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ဝတ္ထုတိုများ”စာအုပ်တင်သည်။ ပူးတွဲပါ “စိတ်ကူးရှုခင်း” ဟူသော စာအုပ်ပါးလေးကိုလည်းဝတ္ထုတိုပေါင်းချုပ် စာအုပ်နှင့် ပူးတွဲချုပ်ထား လိုက်၏။ မန္တလေးမှာ ညီပုလေးပရိသတ်တွေ အများသား။
လူထုဦးလှ၊ လူထုဒေါ်အမာသား ကိုဘိုညို၊ မန္တလေးတက္ကသိုလ် လက်ရွေးစင်၊ မန္တလေးတိုင်းလက်ရွေးစင်ဘောလုံးသမား ကိုငြိမ်းချမ်း၊ ပြိုင်စက်ဘီးစီးသူ ကိုငြိမ်းချမ်း၊ ပန်းချီဆရာ ကိုငြိမ်းချမ်း၊ စာရေးဆရာ ညီပုလေးအဖြစ် မသိသူမရှိ၊ သံယောဇဉ်မရှိသူ မရှိဟု ဆိုရလောက်သမို့ သူ့စာအုပ်က လက်မလည်အောင် ငှားရသည်။ မန္တလေးခံစားချက်များကို ရသမြောက်စွာ ရေးဖွဲ့သည့် ဝတ္ထုတိုတွေမို့လည်း မန္တလေးပရိသတ်က ခံတွင်းတွေ့သည်။ ကျွန်တော်က သူ့ဝတ္ထုတိုစာအုပ် ငှားရမ်းဖတ်ရှုပြီးသူတိုင်း သူတို့၏ အမြင်တွေကို ဗလာစာအုပ် တစ်အုပ်မှာ ရေးခိုင်းသည်။ ထို့နောက်ထိုဗလာစာအုပ်ကိုလည်း ကိုညီပုလေးထံပေးလိုက်သည်။ ထိုဗလာစာအုပ်မှာက ကျွန်တော့်စာအုပ်ဆိုင်က ပရိသတ်တွေရဲ့ အမြင်ပေါ့။ သီးခြားအနေနှင့် ကျွန်တော်ကလည်း သူ့စာအုပ်ပေါ်အမြင်ကို လျှောက်လွှာ လီဂယ်အရွက်စာရွက်(၆)မျက်နှာတွင်ရေးပေးလိုက်သည်။ သူလက်ခံသည် လက်မခံသည် အပထား ကျွန်တော့်အမြင်ကို ပွင့်လင်းစွာရးသားခြင်းပဲဖြစ်သည်။ ထိုစာမူကို ကျွန်တော့်အနေနှင့်ဘယ်မဂ္ဂဇင်းမှ မပို့ခဲ့။ မည်သို့ဆိုစေ ထိုဝေဖန်ချက်ကို သူဖတ်ရှုပြီးနောက် ကျွန်တော့် သဘောထားအမြင်ကို သိရှိကာ စိတ်ချင်း ပိုနီးနိုင်မည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်ယူဆသလို မှန်ကန်နိုင်သည်ဟုလည်း နောက်ပိုင်းအတွေ့အကြုံများအရ ကျွန်တော် ယုံကြည်ပါသည်။
သည့်နောက်ပိုင်း လူထုတိုက်သို့ ဝင်ထွက်ဖြစ်ကာ ဒေါ်ဒေါ်နှင့်ပါ တွေ့ထိပြီး အရိပ်ခိုခွင့် ရပြီးနောက် ၁၃၅၀ပြည့်နှစ် ဒုတိယဝါဆို လပြည့်ကျော်၏ ရက်တစ်ရက်တွင် “ကြောင်းခြင်းရာတစ်ခု”နှင့်ပတ်သက်ပြီး ကျွန်တော့် အရေးအသား အတင်အပြတစ်ခုအပေါ် ဒေါ်ဒေါ်ကျေနပ်စွာ လက်ခံခြင်းကလည်း “သဘောထားတူမျှခြင်း”၏ ကနဦး နိဒါန်းဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ၁၉၈၉ ခု ဧပြီလ ၁၅ ရက်နေ့မှာ ကျွန်တော်ရေးသားဖြစ်ခဲ့သော “သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး ဝတ္ထုတိုများ”အပေါ် ကျွန်တော့်အမြင်ကို အားမနားတမ်း ရေးသားဖြစ်သည်။ ဝါကျင့် ဟောင်းနွမ်းနသော ထိုစာမူ၏ ကော်ပီစာရွက်များကို အခုပြန်ဖတ်ကြည့်တော့ အိမ်လွမ်းစိတ်သမားပမာ ရင်ခုန်မိပါသည်။ ရင်ခုန်သည်ဆိုခြင်းထက် လွမ်းဆွတ်တသခြင်းမည်ပါ၏။ လွမ်းဆွတ်သည် ဆိုခြင်းမှာ“ဖြစ်စဉ်အဖြစ်အပျက်” မဟုတ်တာ သေချာသည်။
ကျွန်တော်သည် ဝါကျင့်နေသော စာရွက်များကို ကိုင်ရင်း အတွေးတွေက ပြန့်လွှင့်နေတော့သည်။ ကျွန်တော်၏ ဆူးငှက်ကလောင်ဖြင့် ပထမဦးဆုံး ဝတ္ထုတိုက ၁၉၈၉ ခုနှစ် နိုဝင်ဘာလထုတ် ရင်ခုန်ပွင့်မှာ ဖော်ပြပါရှိတော့ ၁၉၈၉ ခု အောက်တိုဘာလလယ်ကတည်းက ထိုစာအုပ် ထွက်ရှိနေပြီ။ ကိုညီပုလေးတို့ အဝန်းအဝိုင်းမှာက ကျွန်တော် ဆူးငှက်ဆိုတာ သိနေကြပြီ။ ထိုစဉ် ထိုကာလမှာပဲ ဆရာကြီးရွှေဥဒေါင်း၏ နှစ်တစ်ရာပြည့်မွေးနေ့နှင့် ကြုံကြိုက်ချေပြီ။ ဒေါ်ဒေါ်ကပဲ ဦးစီးပြီး ၁၉၈၉ ခု၊အောက်တို ဘာ (၂၄)ရက် အင်္ဂါနေ့မှာ ဆရာကြီးရွှေဥဒေါင်း၏ နှစ် ၁၀၀ ပြည့် အစီအစဉ်ကို တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်သည်။
ဆရာကြီးရွှေဥဒေါင်း နှစ် ၁၀၀ပြည့်အတွက် ဒေါ်ဒေါ်က စာတမ်းတွေရေးစေသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ “တူသား” ကြီးများက ရေးသားကြဖို့ပြင်ဆင်ကြ၏။ ကဗျာဆရာကြည်အောင်က “သစ္စာရှာဖို့ ငါမြင်းစီးမယ်” ဟူသော စာတမ်းတစ်စောင်ပင် ပို့ထားပြီးပြီ။ ကျွန်တော်က ရင်ထဲ လှုပ်ခတ်လာကာ … ကဗျာရှည်ကြီးတစ်ပုဒ် ရေးသားဖြစ်သည်။ ကဗျာခေါင်းစဉ်ကို “ဆူးငှက်လားဟေ့ ဝင်ခဲ့လေကွယ်” ဟု ပေးထားသည်။ ဖူးစကက် ၅ မျက်နှာလောက် ရှိမှာပေါ့။
၂၀၁၄ အောက်တိုဘာ ၂၄ ရက်ရောက်ရင် ဆရာကြီးရွှေဥဒေါင်း ၁၂၅နှစ်တင်းတင်းပြည့်ပြီ။ ၁၉၈၉ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်၌ ဆရာကြီးရွှေဥဒေါင်း အနှစ်(၁၀၀)ပြည့်အခမ်းအနား ကျင်းပတော့ ကျွန်တော်က ဆေားင်းပါးအတိုအထွာလေးတွေ ငါးပုဒ်၊ခြောက်ပုဒ်မျှသာ ပုံနှိပ်ဖော်ပြခံရဖူးသေး။ ဒီပွဲမှာ ဆရာကြီးနှင့်ပတ်သက်သော စာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်က ဝါရင့်ဆရာကြီးတွေကြား ကန့်လန့် ဝင်ပြီး ကဗျာရှည် တစ်ပုဒ်ဖတ်ဖို့ပြင်ဆင်သည်။ နောက်ရက်အခမ်းအနားမှာ “သစ္စာရှာဖို့ ငါမြင်းစီးမယ်” စသော ဧရာမ စာတမ်းကြီးတွေ၊ကဗျာတွေ၊ဟောပြောချက်တွေအပြီး ကျွန်တော့ကဗျာကို ကိုယ်တိုင်ဖတ်သည်။ ကဗျာဖတ်ဖို့ ဇရပ်ထိပ်ဖျားသွားတော့ ကိုသိုက်ထွန်းသက်က ကျွန်တော့လက်မောင်းကို ကိုင်ပြီးလိုက်ပို့သည်။ “မကြောက်နဲ့အသံကိုထိန်းပြီး ဖြည်းဖြည်းနဲ့ မှန်မှန်ဖတ်”ဟု အားပေးသည်။ ပြီးတော့ ကျွန်တော့ဘေး မလှမ်းမကမ်းမှာ ဝင်ထိုင်ပေးသည်။ ကိုညီပုလေးကတော့ ကျွန်တော့လက်ထဲက ကင်မရာကိုယူပြီး ကျွန်တော်ကဗျာဖတ်သည်ကို သေသေချာချာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပေးသည်။
ယခုပြန်လှန်စဉ်းစားလိုက်တော့ စာရေးဖော်ညီငယ်တစ်ယောက်ကို ဝိုင်းဝန်းအားပေးစောင့်ရှောက်ခြင်းမှာ မျက်ရည်လည် မတတ် လွမ်းဆွတ်စရာတွေဖြစ်သည်။ အရေးအရာ ရောက်လောက်သည့် ကိစ္စမျိုးကြုံတိုင်း ကျွန်တော့်ကို “ဒါ ကျွန်တော့် ညီပါပဲ၊” ဟု ပုခုံးကိုင်ပြီး ကာကွယ်ပေး၊ တာဝန်ခံပေးသည့် ဆရာညီပုလေး ကား အခုတော့ မပြောမဆို ရုတ်ချည်း ထွက်ခွာသွားပြန်ပြီလေ။
#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး