ဇူလိုင် ၂၂ – ၂၀၂၃
GG (VOM)
အွန်လိုင်းကနေ စျေးရောင်းချမယ့်သူတိုင်း Online Shopping ဆိုင်ရာ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ဇူလိုင်၂၁ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးခြင်း၊ ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်ခြင်း စတဲ့အခက်အခဲတွေ ကြောင့် လူအများစုဟာ အွန်လိုင်းစာမျက်နှာကနေ တနိုင်တပိုင်စျေးရောင်းချတာတွေ၊ live sale တွေကို အဓိက အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာကြတာဖြစ်ပါတယ်။
အခုလို အွန်လိုင်းစနစ်နဲ့ စျေးရောင်းချနေသူတွေအပေါ် တာဝန်ရှိသူတွေဘက်က စည်းကမ်းတင်းကျပ်လိုက်တာဟာ တနိုင်တပိုင် လုပ်ကိုင်နေသူတွေအတွက် အခက်အခဲတွေ ဖြစ်လာ တယ်လို့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူတွေကပြောဆိုပါတယ်။
” အခုကာလ အလုပ်အကိုင်တွေမပြေလို့ ကိုယ့်ဘာသာ ဟင်းလေးကြော်ရောင်းတာရှိမယ်။မုန့်လေးလုပ်ရောင်းတာရှိမယ်။အပြင်မှာ ဆိုင်လေးနဲ့ရောင်းနေတာကို လူသိအောင် ကိုယ့် ဖေ့စ်ဘုတ် ကနေ ပုံလေးတွေနဲ့ ဝယ်ကြပါအုံးဆိုပြီး ရောင်းတာရှိမယ်လေ။ အခုက သူတို့ပြောသလို အွန်လိုင်းကနေ ဘာရောင်းရောင်း မှတ်ပုံတင်ရမှာလား။ အပြင်မှာ စတိုးဆိုင်ကြီးလည်းဖွင့်ထားမယ်။ အဲ့ဒါကို ကိုယ့်ဘာသာ အွန်လိုင်းကနေ ဆိုင်နာမည်နဲ့ live လွှင့်ရောင်းမယ်၊ ပုံတင်ရောင်းမယ်ဆိုလည်း တခါမှတ်ပုံတင်လုပ်ရအုံးမယ်ပေါ့ ၊ အခြေအနေက ဘယ်လိုလဲကို မသိတော့ပါဘူး ” လို့ အွန်လိုင်းကနေ တနိုင်တပိုင်စားသောက်ကုန် ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနကတော့ အွန်လိုင်းစနစ်နဲ့ ရောင်းချမယ့် ဘယ်လိုကုန်ပစ္စည်းမဆို ထုတ်ကုန်အားလုံးဟာ အခုအမိန့်စာထုတ်တဲ့ နေ့ ရက်ကစပြီး ၆ လအတွင်း အွန်လိုင်းမှတ်ပုံတင်ရမှာဖြစ်ကြောင်းနဲ့ သတ်မှတ်ကာလကျော်လို့မှ မှတ်ပုံမတင်ရင် ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် Online Shopping ဆောင်ရွက်လိုသူတွေအနေနဲ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံမှာ ဖြည့်သွင်းပြီး အွန်လိုင်းစနစ်နဲ့ ဦးစီးဌာနဆီ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
” ဘယ်လိုတွေ ဖြစ်မှာလဲ မသိပါဘူး။သူတို့ထုတ်ပြန်မှုအရဆို အွန်လိုင်းကနေရောင်းသမျှ မှတ်ပုံတင်ရမှာပေါ့။မတင်ဘဲရောင်းလို့တိုင်ရင် အဖမ်းခံရမယ့်သဘောပေါ့။ဒီတော့ အချင်းချင်း မနာလိုတဲ့ဟာတွေကြောင့်လည်း ပိုဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဘာသာ တပိုင်တနိုင် အရောင်းအဝယ်လေးလုပ်သူက ဘာအတွက်မှတ်ပုံတင်နေမလဲရှင်။မဖြစ်မနေလုပ်ရမယ်ဆိုရင် တကယ့် live sale အကြီးအကျယ် စျေးကွက်လုပ်နေသူတွေကိုပဲ မှတ်ပုံတင်ခိုင်းသင့်တာပါ။ တနိုင်တပိုင် တနေ့စားစရိတ်ရှာနေသူတွေက အဆင်မပြေပါဘူး”လို့ အွန်လိုင်းကနေ စျေးရောင်းချနေသူ နောက်တစ်ဦးက ပြောပါတယ်။
မှတ်ပုံတင်ကြေးနဲ့ အွန်လိုင်းဝန်ဆောင်ခကိုတော့ သတ်မှတ်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှုနဲ့ ပေးသွင်းရမှာဖြစ်ပြီး အွန်လိုင်းကနေပဲ လျှောက်ထားသူထံ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမယ်လို့ ဖော်ပြထားပါတယ်။
မှတ်ပုံတင်ပေးတဲ့အခါမှာလည်း တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနဲ့ ငြိစွန်းသော၊ အများပြည်သူရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံမရှိကြောင်း ယူဆနိုင်တဲ့၊ ခွင်မပြု/တားမြစ်ထားသော စတဲ့ ကုန်စည်တွေ ရောင်းချပါက မှတ်ပုံတင်ပြန်သိမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနကတော့ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)အရ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်တာဖြစ်သလို လုပ်ငန်းတွေ လိုက်နာရမယ့် ပြဌာန်းချက်တွေကိုပါ သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။
#voiceofmyanmar #VOM #အွန်လိုင်းဈေကွက် #မှတ်ပုံတင်ခြင်းကဏ္ဍ