ဩဂုတ် ၂၃ – ၂၀၂၃
KT+SN (VOM)
လက်ရှိ ပြင်ဈေးကွက်အတွင်း ငွေလဲနှုန်းတွေ မြင့်တက်နေတာဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်တင်ပို့မှုတွေကြောင့်ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က မနေ့ ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေစီးဝင်မှု၊ စီးထွက်မှုအခြေအနေတွေကို အမြဲလေ့လာစောင့်ကြည့်နေပြီး စျေးကွက်လိုလားချက်အရ ဖြစ်သင့်တဲ့ ငွေလဲလှယ်နှုန်းတွေကိုလည်းအမြဲတမ်းစိစစ် သုံးသပ်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ငွေလဲလှယ်နှုန်းတွေ တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုတွေ ဆောင်ရွက်ရာမှာလည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာမှာလည်းကောင်း မြန်မာကျပ်ငွေကိုသာ သုံးစွဲဖို့ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
“ငွေကြေးဖောင်းပွမှုနှုန်းကို ထိမ်းချုပ်နိုင်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး တည်ငြိမ်နိုင်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နေတဲ့တိုင်အောင် ပြင်ပမှာ စျေးနှုန်းတွေ မြင့်တက်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲနဲ့ ငွေလဲလှယ်နှုန်းမြင့်တက်စေရန် ရည်ရွယ်ပြီးတော့ စျေးကစားနေခြင်းတို့ကြောင့်ဖြစ်ပါတယ်” လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ (၂) က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းတွေ အထိုက် အလျောက် မြင့်တက်လျက်ရှိရာမှာ အခုလို မြင့်တက်ရခြင်းဟာ လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနဲ့ ဝယ်လိုအားမြင့်တက်မှုကြောင့် မဟုတ်ဘူးလို့ သူက ပြောပါတယ်။
သွင်းကုန်တန်ဖိုး တွက်ချက်ရာမှာ တန်ဖိုးသင့် ငွေလဲလှယ်နှုန်းတွေ မြင့်တက်တာကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်လာတာဖြစ်ပြီး ကုန်သွယ်မှုလိုငွေ မြင့်မားလာခြင်းကြောင့်လည်း နိုင်ငံခြားငွေလိုအပ်ချက် များလာရာကနေ ငွေလဲနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လိုင်စင်ချထားပေးပြီးဖြစ်တဲ့ ကုန်စည်တင်သွင်းသူတွေ အနေနဲ့ ပြည်ပသို့ပေးချေရာမှာ လိုအပ်တဲ့ နိုင်ငံခြားငွေကို ဝယ်ယူရရှိရေးအတွက် ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လိုအပ်ပါက စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေကို ဒေါ်လာရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြုပြီး ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းတို့နဲ့ ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးကို လိုအပ်သလိုထိန်းကျောင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“သတိပေးပြောကြားလိုတာက ပြည်သူတွေအနေနဲ့ လတ်တလော လူမှုကွန်ယက်ပေါ်မှာ ငွေကြေးဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဖြစ်ပေါ်နေတဲ့ ကောလာဟလသတင်းတွေအပေါ် စိုးရိမ်ပူပန်မှုမဖြစ်ကြဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေကို မယုံကြဖို့ပါ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ဖို့အတွက် အတိုးနှုန်း ပြင်ဆင်ခြင်းကိုလည်း လိုအပ်သလို ဆောင်ရွက်သွားဖို့ ရှိသလို ကုန်သွယ်မှုလိုငွေတွေ လျှော့ချနိုင်ဖို့ သွင်းကုန်တွေကို ကန့်သတ်ခြင်းနဲ့ သွင်းကုန်အစားထိုးပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
နစကရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကုန်ဈေးနှုန်း မြင့်မားမှုဟာ ဝိသမလောဘသား ကုန်သည်တွေကြောင့်ဖြစ်ပြီး ထိုက်သင့်တဲ့ ဆောင်ရွက်မှုတွေ ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဗဟိုဘဏ်က ပြည်တွင်း ဒေါ်လာငွေ လိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်လာ သန်း ဆယ်နဲ့ချီ ရောင်းချပေးတာ၊ ပို့ကုန်လုပ်ငန်းရှင်တွေ ရလာတဲ့ ဒေါ်လာငွေတွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ မဖြစ်မနေ ပြန်ရောင်းဖို့ ညွှန်ကြားခဲ့ရာကနေ ၅၀ ရာခိုင်နှုန်းသာ ပြန်ရောင်းဖို့ လုပ်ပေးတာ၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်က အသစ်ကျင့်သုံးတဲ့ အွန်လိုင်း ကုန်သွယ်စနစ်နဲ့ ရောင်းချဖို့ ညွှန်ကြားထားတာစတဲ့ ထိန်းချုပ်မှုတွေ လုပ်ကိုင်နေပေမယ့် ထင်သလောက် ခရီးမပေါက်ဘဲ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေး တက်နေဆဲ ဖြစ်တယ်ဆိုတာကိုလည်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင်တစ်ဦးက “လတ်တလော နိုင်ငံ့ကုန်သွယ်ရေးမှာတော့ ပို့ကုန်နည်းပြီး သွင်းကုန်များနေတာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ များလာတာဟာ နစကရဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကို ပိုပြီးဆိုးရွားလာစေတာပေါ့။ ဒါကို ဖြေရှင်းဖို့ သူတို့လက်ထဲမှာ ထိရောက်တဲ့နည်းလမ်း မရှိသေးဘူး။ ခုထိ ရှာမတွေ့နိုငိကြဘူး။ နောက် ဆန်လိုအပ်ချက် မြင့်မားလာနေပေမယ့်လည်း ပြည်ပကို ဆန်တင်ပို့တာ မရပ်နိုင်သေးဘူး။ ဒါက သူတို့အတွက် ဒေါ်လာလိုအပ်ချက် ဘယ်လောက် ကြီးမားနေတယ်ဆိုတာကို ပြနေတာပဲ။ အခြေအမြစ်မရှိတဲ့ စီမံခန့်ခွဲမှုအမှားတွေမှာ တိုင်းပြည်က တဖြည်းဖြည်း ချွတ်ခြုံကျလာတာ။ တကယ်တမ်း ခံကြရတာက ပြည်သူတွေပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ ပြင်ပ ငွေလဲနှုန်းတွေဟာ အမေရိကန် တစ်ဒေါ်လာ ၃၈၇၅ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၀၄ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၅၀၅ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၆၇၀ ကျပ်ဝန်းကျင်၊ ယူရို ၃၉၆၀ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၈၀၀ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၄.၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မှောင်ခိုရောင်းဝယ်မှု၊ #ငွေလဲလှယ်နှုန်းမြင့်တက် #ဗဟိုဘဏ်ဒုဥက္ကဋ္ဌ