မိုးညှင်းမြို့မှာ အလွတ်တန်း သတင်းထောက် ၁ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၅ ၊ ၂၀၂၃
SP ( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့ ၊ အထက ၁ ရပ်ကွက်လမ်းမှာ နေတဲ့ ဓာတ်ပုံလုပ်ငန်းရှင် အလွတ်တန်း သတင်းထောက် ၁ ဦးဟာ မနေ့ စက်တင်ဘာ ၄ ရက် ၊ ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မိုးညှင်းမြို့ခံ သတင်းသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တယ် ၊ ကိုသန်းထွန်းအောင် ဆိုသူဟာ သူ့မိန်းမနဲ့ ၂ ယောက်အတူ ဆိုင်ကယ်စီးလာတဲ့ အချိန် အနီးကပ် ဆိုင်ကယ်တစ်စီးပေါ်ကနေ သေနတ်နဲ့ ၄ ချက် ပစ်ခံရတယ်”လို့ မိုးညှင်းမြို့ခံ သတင်းသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးညှင်းမြို့ခံ တယောက်က ” အခု ပစ်သတ်ခံရတဲ့ ကိုသန်းထွန်းအောင် ဆိုသူဟာ အရင်က အလွတ်တန်း သတင်းထောက် လုပ်ငန်း လုပ်ကိုင်တယ် ၊ အခု သူ သတင်းထောက် မလုပ်တာကြာပြီး ၊ ဓာတ်ပုံလုပ်ငန်းပဲ လုပ်တော့တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့ပေါ်က အလွတ်တန်း သတင်းထောက် ကိုသန်းထွန်းအောင် (ခ) အာဖူး ကလောင်အမည် မင်းရာဇာ ဆိုသူကို လုပ်ကြံသတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မိုးညှင်း K – PDF အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက် မနက်ပိုင်းက ပဲခူးတိုင်း ၊ လက်ပံတန်းမြို့ ၊ စိန်စပယ်ဦး ရုပ်ရှင်ရုံရှေ့ နေရာမှာ မြို့ခံ သတင်းထောက် ဦးကျင်ထွေးဆိုသူ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

” ၂၀၂၁ ကနေ ၂၀၂၃ အထိ ဒီကာလအတွင်း သတင်းထောက်တွေ အသတ်ခံရတာ ၈ ဦးရှိပြီဖြစ်တယ် ၊ ၂၀၂၁ ထဲမှာ လှိုင်သာယာမှာ မီးရှို့ အသတ်ခံရတာ ၂ ယောက် ၊ ထားဝယ်ဘက်မှာ ရုပ်သံ သတင်းထောက် ၁ ဦး ၊ မနှစ်က ကလေးမြို့မှာ သတင်းထောက် လင်မယား ၂ ဦး စတာတွေ ဖြစ်ခဲ့တယ် ၊ နောက်ပြီး ဒီကာလအတွင်း ဖမ်းဆီးထိန်းသိမ်ခံရတဲ့ သတင်းထောက်တွေ ရှိတယ် ၊ စစ်ကိုင်းတိုင်း မှာ ၄ ယောက် ၊ ရန်ကုန်မှာ ၇ ယောက် ၊ မန္တလေးမှာ ၅ ယောက်ကျော်တယ် ၊ ရှမ်းပြည်နယ် တောင်ကြီးဘက်မှာ အဖမ်းခံရတာတွေရှိတယ် ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ၄၀ ကျော်မယ် “လို့ မြန်မာ့ဂျာနယ်လစ် ကွန်ရက် ( MJN) တာဝန်ရှိသူတယောက်က ပြောပါတယ်။

နစက သတင်းထုတ်ပြန်ရေးကော်မတီ အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်တွေ သတင်းရေးလို့ ဖမ်းဆီးထားတာမျိုး မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာရှိပါတယ်။

Photo Crd -Original Uploader
#voiceofmtanmar #VOM #မိုးညှင်း

Related posts

Leave a Comment

VOM News

FREE
VIEW