စက်တင်ဘာ ၁၂-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ စားသုံးဆီ ပြတ်လပ်နေလို့ ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေ ရပ်နားလာရတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
စားဆီပြတ်လပ်နေတာဟာ တပတ်ခန့်အထိ ရှိလာပြီး ဆီနဲ့အဓိက အသုံးပြုလုပ်ကိုင်ရတဲ့ အသေးစား အကြော်စုံလုပ်ငန်းတွေ ၊ မုန့်အမျိုးမျိုးလုပ်ငန်းတွေ ၊ဆီရောင်းသူတွေ လုပ်ငန်းရပ်နားလာရတယ်လို့ သိရပါတယ်။
”အစ်မ ငှက်ပျောကြော်ကို အဓိက ထုတ်လုပ်ရောင်းချတာပါ ၊ လုပ်လာတာ ၁၁ နှစ်ထဲရောက်လာပြီ ဒီလိုအဖြစ်မျိုး မကြုံခဲ့ရဘူး ၊ ဆီဈေးတက်တုန်းက တောင့်ခံလုပ်သေးတယ် ၊ အခုစားဆီက လုံးဝကို ပြတ်လပ်နေတာ ၊
အစ်မတို့ လုပ်ငန်းက ဆီ ၇ ပိဿာကနေ ၁၀ ပိဿာအထိ နေ့တိုင်းသုံးရတာ ၊ လုံးဝယ်မရတော့ စိတ်ကုန်သွားပြီ ဒါ့ကြောင့် လုံးဝရပ်ပြစ်လိုက်တာပါ၊ ဆီဈေးလည်းကျ အလွယ်တကူဝယ်ရမှ ပြန်လုပ်တော့မယ် ၊အရင်လိုတော့ အဆင်ပြေမယ်မထင်ဘူး။”လို့ ဧရာဝတီတိုင်းကအကြော်စုံ လုပ်ငန်းရှင်(၁)ဦးကပြောပါတယ်။
မအူပင်မြို့က ဆီကြော်မုန့်အမျိုးမျိုးထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်(၁)ဦးက ”စားသုံးဆီ တစ်ပိဿာကို ကျပ် ၁၀၀၀၀ အထိဈေးမြင့် တက်လာခဲ့တာတောင် တောင့် ခံလုပ်ခဲ့တာ၊ ကိုယ့်အပေါ် မှီခိုနေတဲ့သူတွေလည်း ရှိနေတယ်ဆိုပြီး ၊ ကျွန်တော်တို့လုပ်ငန်းမှာ အနည်းဆုံး လခစားဝန်ထမ်း ၇ ယောက်လောက်နဲ့ လုပ်ရတာ ၊ အခုတော့ သူတို့လည်း အလုပ်လက်မဲ့ဖြစ်နေပြီ ၊ဆီဈေး ချရောင်းလို့ သက်ဆိုင်ရာက ပြောတာနဲ့အကုန်ဆီတွေ ပြတ်ကုန်တာပဲ ၊ ဒါကဘာတွေလည်း မသိတော့ဘူး၊ ဆီကို အဓိက အသုံးပြုလုပ်ကိုင်နေရတဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ အကျိုးအမြတ်ထက် ကုန်ကျစရိတ်များနေတာကြာပါပြီ လှည့်ပတ်လုပ်နေတာ၊ အခုတော့ ရပ်ပြီ ၊ လိုသလောက်မှ ဝယ်မရတာ ဆက်လုပ်ဖို့ ရေပဲ ရှိတယ်”လို့ ပြောပါတယ်။
စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးက” သြဂုတ်လ နောက်ဆုံးအပတ်လောက်ကတည်းက စားဆီက လိုသလောက် မှာမရတာ၊ ကိုယ်လည်း အရင်လိုပဲ တစ်ရက်စ နှစ်ရက်စ ပြတ်တာထင်တာ၊ အခုမရောင်းရတာ တပတ်လောက်ရှိပါပြီ ဆိုင်မှာ ဆီလုံးဝမရှိတာ၊
တမင် မရောင်းတာမဟုတ်ပါဘူး၊ မှာတာကိုမရတာ ဈေးချရောင်းဖို့ဆို ဆီများများ တင်သွင်းပေးရင် ဈေးကကျလာပါလိမ့်မယ် အမိန့်နဲ့ တောင် ချခိုင်းစရာမလိုပါဘူး၊ ဒီလောက်ပဲ ပြောချင်တယ်။”လို့ ပြောပါတယ်
ဧရာဝတီတိုင်းမှာ စက်တင်ဘာ ၁၂ ရက်အထိ စားဆီကို အဓိကအသုံးပြုလုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းရှင်ဦး ရေ ၂၀ အထိ လုပ်ငန်းတွေ ရပ်နားထားရပြီး အဲ့ဒီလုပ်ငန်းတွေကို မှီခိုနေတဲ့ လုပ်သား ၁၀၀ ကျော်လောက်လည်း
အလုပ်လက်မဲ့ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စားသောက်ကုန်ရောင်းချတဲ့ ဆိုင်ကြီး တွေမှာ ဆီလုံးဝဝယ်ယူမရဘဲ လမ်းဘေးဆိုင်ငယ်တွေမှာ ဆီ ၁၀ သားကနေ ၂၀ သား အထိသာရပြီး ဆီ ၁၀ သားကိုလည်း ၁၄၀၀ အထိဈေးပေါက်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ပုသိမ် ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ် ၊ မအူပင် ၊ မြောင်းမြ ၊ ဘိုကလေး စတဲ့မြို့တွေက တချို့ဆိုင်တွေမှာတော့ စက်တင်ဘာ ၁၁ ရက် လောက်က စတင်လို့ ဆီ ၅၀ ကျပ်သားဝယ်ယူလိုပါကအခြား ကုန်ခြောက် ၁၅၀၀၀ ဖိုးဝယ်ယူရမယ့် စနစ်တွေနဲ့ ရောင်းချနေတာတွေလည်းဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေ ရဲ့ပြောပြချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီတိုင်း #စားသုံးဆီပြတ်လပ်မှု