ဇွန် ၂၄ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက ကလေး – တမူး လမ်းမကြီးနဲ့ မုံရွာ – ကနီ – ချောင်းမ – ယာကြီး – မင်းကင်း – ကလေးဝလမ်းပိုင်းမှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုင်ငံတကာ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းအတွင်းက အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနဲ့ ဆက်နွှယ်နေတဲ့ ဗျူဟာကျ လမ်းပိုင်းတချို့ကို အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ကလေး – တမူး လမ်းမကြီးကို အလုံးစုံထိန်းချုပ်ဖို့အတွက် အင်အားထောင်ချီနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး တိုက်ခိုက်နေတဲ့အပြင် မုံရွာ – ကနီ – ချောင်းမ – ယာကြီး – မင်းကင်း – ကလေးဝလမ်းပိုင်း၊ စိုးမိုးနိုင်ဖို့အတွက်ကိုလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ တပ်ကူအင်အား အများအပြားစေလွှတ်ကာ ထိုးစစ်အရှိန် မြှင့်နေတယ်လို့ သိရပါတယ်။
“လက်ရှိ တိုက်ပွဲအခြေအနေက အစိုးရတပ်က ကလေး – တမူး လမ်းပိုင်း ထိန်းချုပ်နိုင်ဖို့ကို မြေပြင်တပ်ဖွဲ့တွေတင် မကဘူး၊ လေကြောင်းကနေပါ ဖိအားပေး၊ ထိုးစစ်ဆင်နေတယ်။ ဒီလမ်းပိုင်းကို အပြည့်အဝ စိုးမိုးနိုင်ဖို့ကို အဲဒီ လမ်းပေါ်မှာရှိနေတဲ့ ခါမ်းပါတ်မြို့ပေါ် အထိ စစ်တပ်က ခြေလှမ်းပြင်ထားနိုင်ပြီ၊ မြို့ပေါ်က နေရာတချို့ကိုလည်း ထိန်းထားနိုင်ပြီ ဆိုပေမယ့် အလုံးစုံ ထိန်းချုပ်နိုင်တဲ့ အနေအထားတော့ မဟုတ်သေးဘူး။ အမှတ် (၁) ရပ်ကွက်နဲ့ ကနန်ရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အမှတ် (၁) ရပ်ကွက်ဟာ အရင်က စစ်တပ်စခန်းကုန်း၊ ရဲစခန်းနဲ့ လဝကဌာနတွေ ရှိတဲ့နေရာဖြစ်ပြီး ကနန်ရွာကတော့ အဲဒီရပ်ကွက်နဲ့ တဆက်တည်းမှာရှိနေတဲ့ ရွာတရွာဖြစ်ကာ တံတားတစင်းသာ ခြားထားတယ်လို့ သိရပြီး လက်ရှိမှာ အစိုးရတပ်တွေဟာ ခါမ်းပါတ်မြို့အတွင်း ရပ်ကွက်ကြီး လေးရပ်ကွက် ရှိတဲ့အထဲက အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) ရပ်ကွက်တွေကို ဇွန် ၂၀ ရက်နေ့၊ ညနေပိုင်းလောက်မှာ ပြန်လည် ထိန်းချုပ်ထားတယ်လို့ သူက ပြောပါတယ်။
“ဒေသတွင်း လက်နက်ကိုင်တပ်တွေက ခါမ်းပါတ် – ဝိတုတ်အထိ ထိန်းချုပ်ထားနိုင်ဆဲပါ။ ဝိတုတ်ရွာမှာ အခိုင်အမာ နေရာယူထားကြတာ။ ကလေး – တမူး လမ်းပိုင်းကိုရဖို့က ဝိတုတ်ရွာကို သိမ်းနိုင်ဖို့က အဓိကပါ” လို့ သူက ပြောပါတယ်။
အစိုးရတပ်အနေနဲ့ မြေပြင်တိုက်ပွဲ ပြင်းထန်နေချိန်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာမှာ မနေ့ ဇွန် ၂၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းက ကနန်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း အမှတ် (၁) ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကလေး – တမူး လမ်းပိုင်း တိုက်ပွဲအတွင်း နန်းမွန်းတားတံတား၊ ၅၅ မိုင်တံတားနဲ့ ခါမ်းပါတ်တံတားတွေ ပျက်စီးခဲ့ပြီး ၅၅ မိုင်တံတားကို ယာယီသွားလာနိုင်ဖို့ အစိုးရတပ်က ပြန်လည် ပြုပြင်ထားပေမယ့် လမ်းပိုင်းတလျှောက် တိုက်ပွဲတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ကားလမ်းကို ယာယီ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အာရှလမ်းမကြီးဖြစ်တဲ့ မုံရွာ – ကနီ – ချောင်းမ – ယာကြီး – မင်းကင်း – ကလေးဝလမ်းပိုင်းမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က မေလလယ်မှစတင်ကာ မုံရွာမြို့ကနေ အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး အဲဒီနောက် ဇွန် ၁၈ ရက်မှာ လာပို့ကျေးရွာကို ရောက်ရှိခဲ့သလို ဇွန် ၁၉ ရက်နဲ့ ၂၂ ရက်တွေမှာ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်က တောင်တွင်းချောင်ကျေးရွာဘက်အထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
“ဒီလမ်းပိုင်းကို အစိုးရတပ်က ထိန်းနိုင်မယ်ဆိုရင် သူတို့အတွက် ရလဒ်က သုံးမျိုးထွက်မယ်။ ပထမအချက်က လက်နက်ကိုင်တပ်တွေရဲ့ အင်အားကို ဖြတ်တောက်နိုင်မယ်။ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ယင်းမာပင် ဆိုတာက လက်နက်ကိုင် တပ်တွေ အထူးအားကောင်းတဲ့ နယ်မြေတွေဖြစ်တယ်။ ဒီလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းအားဖြင့်၊ လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေစိုးမိုးမှုကို ချိုးဖျက်ပြီးသားလည်း ဖြစ်သွားလိမ့်မယ်” လို့ စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ဒုတိယအချက်အနေနဲ့ အဲဒီလမ်းပိုင်းဟာ အာဆီယံနဲ့ အိန္ဒိယနိုင်ငံတို့ကို ချိတ်ဆက်မယ့် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) ရဲ့ အဓိက အစိတ်အပိုင်းတခုဖြစ်သလို ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ အခြား တရုတ်စီမံကိန်းတွေဆီ ချိတ်ဆက်နိုင်မယ့် စက်ရုံတွင်းလမ်းတွေနဲ့ ဆက်စပ်နေတာကြောင့် အဲဒီဒေသ လုံခြုံရေးဟာ တရုတ်နိုင်ငံအတွက်ပါ အရေးပါနေတယ်လို့ သူက ပြောပါတယ်။
တတိယအချက်အနေနဲ့ အဲဒီလမ်းပိုင်းကို အပြည့်အဝ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းအားဖြင့် အစိုးရတပ်အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို ရယူနိုင်မှာဖြစ်တဲ့အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းရာမှာလည်း အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဦးဆောင်ဖောက်လုပ်မယ့် မိုင် ၈၀၀ ကျော် ရှည်လျားတဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ စတင်ပြီး မြန်မာ – အိန္ဒိယနယ်စပ် တမူး၊ ခါမ်းပါတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေးနဲ့ မြဝတီမြို့တွေကို ဖြတ်သန်းသွားကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဆုံးသတ်မှာဖြစ်တယ်လို့ သိရပြီး ဒီစီမံကိန်းအတွက် ခန့်မှန်းကုန်ကျစရိတ် အိန္ဒိယရူပီး ၁၂ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။
Photo – CJ
