သူတို့အိမ် အခန်း (၁၅၁)

ဆူးငှက်

နှစ်စဉ်မပျက် ဌာနက ကထိန်
——————————

ကျွန်တော်တို့ အလုပ်ရုံတည်ရှိသည့် အနောက်တောင်မြို့နယ်၏ သမဝါယမ ဦးစီးမှူးရုံးက စိန်ပန်းရပ်ကွက်မှာ တည်ရှိသည်။ စိန်ပန်းရပ်ကွက်ဆိုတာက တကယ့် ရွာနေပြည်ထိုင် မြန်မာအများစု ရှိကာ ရိုးရာ စက်မှုလက်မှုလုပ်ငန်း များဖြင့် စီးပွားရေး ကောင်းမွန်သောရပ်ကွက်ကြီးဖြစ်သည်။ ပြောကြစို့ဆိုလျှင် ရတနာပုံခေတ်ကတည်းက ကနောင် မင်းသားကြီး၏ စက်မှု နိုင်ငံတော် စီမံချက်ထဲက သင်္ဘောကျင်း ဂွမ်းဖတ်စက် စသည့် စက်ရုံများ တည်ရှိခဲ့သည့် စက်မှု အမွေခံရပ်ကွက် ဖြစ်သည်။

မန္တလေးဟူသည်လည်း ၁၂ရာသီ ပွဲလမ်းများ စဉ်ဆက်မပြတ် ကျင်းပရာတွင် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပကြသည့် ကထိန်ပွဲတော်သည် ရပ်ကွက်အသီးသီးတွင် ကျင်းပကြရုံမက ကျောင်းများ စက်ရုံအလုပ်ရုံများ ရုံများအထိ နှစ်စဉ်မပျက် ခင်းကျင်း လှူဒါန်းကြသည်။ ထိုသို့သော ကထိန်ပွဲများ ကျင်းပရာတွင် စိန်ပန်းရပ်ကွက်ရှိ အနောက်တောင်မြို့နယ် သမဝါယမ ဦးစီးမှူးရုံး ကထိန်ကလည်း နာမည်ကြီးသည်။ ရုံးသူရုံးသားများသာမက မြို့နယ်အတွင်းရှိ သမဝါယမအသင်းများအပြင် ရပ်ကွက်ခံကလည်း လှူဒါန်းကြသောကြောင့် ပဒေသာပင်များက အထူးများပြားလှသည်။

ကထိန်အပြင်အဆင် ပါဝင်ကူညီ
———————————-

အနောက်တောင်မြို့နယ် သမဝါယမဦးစီးမှူးရုံးတွင် ဦးစီးမှူးတာဝန်ဖြင့် ဦးမျိုးခင် တာဝန်ယူသော နှစ်များက ကထိန်ပွဲများတွင် ပဒေသာပင်များသီးခြင်း၊ အလှူ့ရှင်နံမည်များ အလှူ့ရှင်စာရင်းများ ရေးဆွဲခြင်းများကို ကျွန်တော်က ရုံးတွင် ညအိပ်၍ ကူညီခဲ့သည်။ ထိုစဉ်က ဌာနမှူးဦးမျိုးခင်နှင့်က အရာရှိနှင့် လက်အောက်ဝန်ထမ်း ဆက်ဆံရေးမျိုး မဟုတ်ဘဲ စာသမားချင်း အပြန်အလှန်လေးစားမှုနှင့်အတူ နံရံကပ်စာစောင် အမှုတွင်လည်း အတူပါဝင်ခဲ့သောကြောင့် ဌာန ကထိန်တွင် ဌာနမှူးရုံးခန်း၌ ညအိပ်ပြီး ကထန်နှင့် ပတ်သက်သော အပြင်အဆင်များကို ၂ဦးသား စိတ်ကူးပေါက် သလို ပြင်ဆင်ကြခြင်း ဖြစ်သည်။

နောက်နှစ် ဌာနမှူးဦးမျိုးခင်က တိုင်းသမဝါယမဦးစီးမှူးရုံးသို့ ဌာနစုမှူးအဖြစ် ပြောင်းရွှေ့သွားပြီး အနောက်တောင်မြို့နယ် ရုံးတွင် လက်ရှိ ဌာနစုမှူးတစ်ယောက်က ဌာနမှူး ဖြစ်လာသည်။ ထိုဌာနမှူးလက်ထက် ကထိန်မှာတော့ ကျွန်တော် သွားမကူဖြစ်တော့။ ဘာရယ်မဟုတ်၊ ထိုဌာနမှူး အသစ်ပြောင်းသည့် နှစ် ကထိန်တွင် ကျွန်တော်က သွား၍ မကူဖြစ်။ ဒီအလုပ်ကလည်း ရုံးမိန့်တာဝန်နှင့် လုပ်ရသော အလုပ်မဟုတ်၊ ရင်းနှီး ခင်မင်မှုဖြင့် ကူညီရသော လူမှုရေး ကူသိုလ်ရေး အလုပ်မို့ ကျွန်တော်လည်း မရင်းနှီသော ဌာနမှူးကို မကူညီမိခြင်း ဖြစ်သည်။ ထိုအကျိုးဆက်က ကထိန်အပြီး ဒီဇင်ဘာလထဲတွင် ကျွန်တော့်ကို ရန်ကင်းတောင်ခြေရှိ သမဝါယမ သင်တန်းကျောင်းသို့ ၃လ သင်တန်း ပို့လွှတ်လိုက်တော့သည်။

ကံဆိုး ကံကောင်း ဒီဇင်ဘာ
—————————

မှတ်မှတ်ရရ ထို ဒီဇင်ဘာလက ကံဆိုးလို့ သင်တန်းလွှတ်ခံရသည်။ ကံကောင်းတာက ကျွန်တော်၏ ပထမဆုံး ပုံနှိပ်စာလုံးနှင့် စာမူက သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင် စတင်ပါရှိသည်။ ထိုစာမူကလည်း ၃နှစ်ကျော် သက်တမ်းရှိမှ ပုံနှိပ်စာလုံးအဖြစ်ပါရှိခြင်း ဖြစ်သည်။ ကျွန်တော် အိမ်ထောင်မကျမီက အနောက်က စိုင်ပြွန်ဝင်းနေအိမ်သို့ မမခင်ဝင်းနှင့် သူ့ခင်ပွန်း ဦးဇော်ဝင်း (ဇော်ပုလဲ) တို့ လာကြစဉ် ဦးဇော်ဝင်း မိတ်ဆွေ စာရေးဆရာ ချင်းတွင်းချစ်သွေးလည်း အိမ်သို့ အလည်အပတ်ရောက်လာသည်။ ထိုသို့ ရောက်လာစဉ် သူတို့ချင်းစကားပြောနေကြတော့ ကျွန်တော်က စာပေဝါသနာပါသူပီပီ အနားမှာ လက်လေးထောက်ကာ ငေးမော နားထောင်နေသည်။

ထိုစဉ် ဦးဇော်ဝင်းက သူ့မိတ်ဆွေ စာရေးဆရာကို ကျွန်တော်နှင့် မိတ်ဆက်ပေးရင်း စာတွေရေးဖြစ်တာ စာပေဆုတွေ ရဖူးတာတွေ ပြောပြတော့ ဆရာချင်းတွင်းချစ်သွေးက အံ့သြကာ ရေးထားတဲ့ စာမူတွေရှိရင် ပြပါဦးဆိုတော့ ကျွန်တော်က ရေးထားသော စာမူဖိုင်ကို ထုတ်ပြသည်။ သူလည်း စာမူတွေကြည့်ကာ အံ့သြသွားသည်။ ဒီစာမူတွေ ဘယ်မှ မပို့ဘူးလားဟု မေးတော့ ကျွန်တော်က ရေးချင်စိတ်ရှိ၍သာ ရေးထားတာပါ။ ဘယ်မဂ္ဂဇင်းတိုက်မှ မပို့ဖြစ်ပါဘူးဟု ဖြေလိုက်သည်။

ထိုအခါ ဆရာ ချင်းတွင်း ချစ်သွေး က သူကြိုက်တဲ့ စာမူတွေ ယူသွားပြီး မဂ္ဂဇင်းတိုက်တွေကို ပို့ချင်တယ် ဆိုတော့ ကျွန်တော်က ဆရာ့သဘောပါဟု ပြောလိုက်သည်။ ထိုအခါ ဆရာက စာမူ၃ပုဒ်ကို ဖိုင်ထဲက ဆွဲထုတ်ယူသည်။ စာမူများယူပြီး ဟာ ကလောင်နံမည်လည်း မပါပါလား ကလောင်နံမည် ရေးလိုက်ပါဦး ဆိုတော့ ကျွန်တော်က ဆရာ့ဘာသာပဲ ရွေးပြီးရေးလိုက်ပါတော့ဟု ပြောလိုက်သည်။ တကယ်တော့ အရင်က ကျွန်တော် စာပေပြိုင်ပွဲတွေမှာ ဆုရဖူးသည့် စာမူတွေမှာ ကလောင်နံမည်က နေဆန်းသစ်ဖြစ်သည်။ ထိုစဉ်က “သစ်” တွေက ခေတ်စားလှသည်။ ထို့ကြောင့် ကျွန်တော်က “နေ” ၏စွမ်းအားနှင့် နံမည်ရင်းထဲမှ “ဆန်း” ကိုယူကာ “သစ်” လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုနံမည်ကို မကြိုက်လှ။ ထို့ကြောင့် ကလောင်နံမည်များ မတတ်ခဲ့ခြင်း ဖြစ်သည်။

စာမူတွေ မဂ္ဂဇင်းပို့လိုက်မယ်တဲ့
———————————

ဤသို့ဖြင့် ဆရာချင်းတွင်းချစ်သွေးက ကျွန်တော့် စာမူ၃ပုဒ်ကို မဂ္ဂဇင်းတိုက်များသို့ ပို့လိုက်သည်ဟု သိရသည်။ ကျွန်တော်က ဘယ်မဂ္ဂဇင်းတိုက်တွေ ပို့လိုက်ပါသလဲ ဆိုတာလည်း မမေးမိ။ အခု ၃နှစ်ကျော်လောက် ကြာမှ ဆောင်းပါးတစ်ပုဒ်က သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် ပုံနှိပ်ပါရှိလာခြင်း ဖြစ်သည်။ ဒါကလည်း အောင်ရတနာ စာပေအတွက် အလုပ်ရုံသို့သွားရင်း ၂၆ဘီလမ်း ဘဏ် ၁ ရှေ့ လမ်းတဘက်က ဆုမွန်စာပေမှာ စာအုပ်တွေ ဝင်ဝယ်ရင်း အသစ်ထွက် မဂ္ဂဇင်းတွေကို လှန်လျော ကြည့်ရင်း သောင်းပြောင်းထွေလာမဂ္ဂဇင်း အသစ်မှာ ကျွန်တော့် ဆောင်းပါးကို တွေ့လိုက်ခြင်း ဖြစ်သည်။ မဂ္ဂဇင်းတွင် စာမျက်နှာ တစ်နေရာ၌ အကမုဒြာ လက်ပုံ ကောက်ကြောင်း ပုံလေးတွေတွေ့တော့ ရင်းနှီးသောပုံလေးတွေမို့ စာတွေဖတ်ကြည့်တော့လည်း အလွတ်ရလု ရင်းနှီးသော စာတွေ ဖြစ်နေသည်။ ထို့ကြောင့် ဆောင်းပါးခေါင်းစည်းကို ဖတ်လိုက်တော့ “မြန်မာအက မုဒြာ (သို့မဟုတ်) က သောလက်” ဟု တွေ့လိုက်တော့ မျက်လုံးတွေ ပျာသွားသည်။

အလို ဒါ ငါရေးတဲ့ဆောင်းပါး ပါလားဟု အသိဝင်သည်။ ထို့ကြောင့် ကလောင်နံမည် ကြည့်လိုက်တော့ မောင်ကျော်ဆန်း(မန်းရတနာပုံမြေ)တဲ့။ ထို့ကြောင့် ကိုယ့်ဆောင်းပါးဆိုတာ သေချာပါပြီ။ သို့သော် ဆရာချင်းတွင်းချစ်သွေး ပေးလိုက်သော မောင်ကျော်ဆန်း(မန်းရတနာပုံမြေ) ဟူသည့် ကလောင်နံမည်ကိုလည်း မကြိုက်။ သို့သော် ထားတော့။ ကျွန်တော်သည် သောင်းပြောင်းထွေလာ မဂ္ဂဇင်းကိုလည်း ဝယ်ခဲ့သည်။ အလုပ်ရုံသို့ သွားရင်း ဝယ်ခဲ့သောကြောင့် ကျွန်တော့်စာမူ မဂ္ဂဇင်းမှာ ပါတာ အလုပ်ရုံက လူကြီးတွေ စပြီးသိကြသည်။ သူတို့ကလည်း ဝမ်းသာနေကြ၏။ အထူးသဖြင့် အစ်ကိုလိုဖြစ်နေသော စာရေးကြီး ကိုဌေးအောင် က ဆောင်းပါးကို ဖတ်ပြီး စာအုပ်ကို ကိုင်ကာ လူတိုင်းစေ့ပြသည်။ ထိုညနေ အိမ်ရောက်မှ အိမ်ကသိသည်။ အိမ်မှာတော့ အဘက အတော်သဘောကျနေသည်။ ထိုမဂ္ဂဇင်းစာအုပ်ကို သူ့အိပ်ရာထဲယူသွားပြီး ပြန်မပေးတော့။

မောင်မင်း..၊ သွားပေရော့ သင်တန်း
——————————————

ကိုင်း အဲ့သည်ရက်မှာပါပဲ၊ ဌာနက ကျွန်တော့်ကို ရန်ကင်းတောင်ခြေက သင်တန်းကျောင်းသို့ ၃လတက်ရောက်ရန် အမိန့်ထွက်လာတော့သည်။ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းသင်တန်းတဲ့။ သင်တန်းက စနေ တနင်္ဂနွေ ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သောကြာနေ့ သင်တန်းအပြီး အိမ်ပြန်ကာ တနင်္ဂနွေညနေ အဆောင်မပိတ်မီ ပြန်သည်။ ထိုသင်တန်းက အထက်မြန်မာြည်ရှိ တိုင်းနှင့် ပြည်နယ်များရှိ အခြေခံ၊ မြို့နယ်၊ တိုင်းနှင့် ကုန်ထုတ်သ/မအသင်း၊ အသင်းစုက ဝန်ထမ်းတွေ တက်ကြရသည်။ ထို့ကြောင့် နယ်မြေဒေသ အစုံက သင်တန်းသူ သင်တန်းသား ၃၀၀ လောက်ရှိသည်။ အများစုက နယ်ကဖြစ်ပြီး မန္တလေးမြို့ပေါ်အနေနှင့်က ၅ယောက်လောက်ပဲ ပါသည်။ ထို၅ယောက် ကတော့ သောကြာညနေ အိမ်ပြန်ကာ တနင်္ဂနွေ ညနေပြန်ဝင်နိုင်သည့် အခွင့်အရေးရသည်။

သို့သော် ထိုအခွင့်အရေးကို အပြည့်အဝ တစ်ပတ်မပျက် ယူသူက ကျွန်တော်တစ်ယောက်ပဲရှိသည်။ ကျန်၄ယောက်က တစ်လလုံးမှ တစ်ပတ်လောက်ပဲ ပြန်သည်။ တချို့ဆို ပြန်ပင်မပြန်။ ကျွန်တော်က သင်တန်းသို့ စတင်တက်ပြီး တစ်ပတ်အကြာ ပြန်လို့သည်ဟု သိသည်နှင့် သင်တန်းပြန်အဝင်မှာ စက်ဘီးယူလာသည်။ သောကြာနေ့ညနေ ကိုယ့်စက်ဘီးလေးနှင့် ပြန်၊ တနင်္ဂနွေ ညနေရောက်မှ အိမ်က စက်ဘီးလေးနှင့် ပြန်ခဲ့သည်။ စက်ဘီးယူသည့် အပတ်ကတည်းက စက်ဘီးသာမက ကျွန်တော်က လက်သုံးတော် ကင်မရာနှင့် ကင်မရာပစ္စည်းတွေ ထည့်သည့် အိတ်ကိုပါ လွယ်ကာယူခဲ့တော့သည်။ ကင်မရာထဲလည်း ဖလင်ထည့်၊ အပိုဖလင်လိတ်လည်း မကျန်အောင် ယူခဲ့တာပေါ။ စဉ်းစားကြည့်လေ မိတ်ဆွေ၊ မန္တလေးဟူသော ရွှေမြို့တော်ကြီးသို့ ကြုံခေါင့်ကြုံခဲ လချီရောက်ရသည့် အခွင့်အရေးတွင် အဘယ်သူသည် အမှတ်တရ ဓာတ်ပုံမရိုက်ဘဲ နေချိမ့်ပါမည်နည်း။

သင်တန်းကို စိတ်မဝင်စား၊ ဓာတ်ပုံရိုက်ပြီး လုပ်ကာစား
———————————————————

သင်တန်းသို့ လာရောက်ကြသူတွေ၏ ၈၀ရာခိုင်နှုန်းလောက်က မန္တလေးသို့ မရောက်ဖူးသူများဖြစ်ကြသည်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှာပင် အစွန်အဖျားက လာတက်ကြရသူများဖြစ်သည်။ ရေနံချောင်း ချောက် ပွင့်ဖြူ ငဖဲ ဆင်ဖြူကျွန်း စလေ စကု စလင်း မင်းဘူး မကွေးစသည့် မကွေးတိုင်းအတွင်း မြို့နယ် အားလုံးက ပါသည်။ မန္တလေးတိုင်းတွင်လည်း ရမည်းသင်း ပျဉ်းမနား သာစည် ပျော်ဘွယ်မှ အစ စဉ့်ကိုင် မတ္တရာ နယ်စုံဖြစ်သည်။ အများဆုံးက ရပ်ကွက်ကျေးရွာ အခြေခံ သ/မများက တာဝန်ခံဝန်ထမ်းများ ဖြစ်သည်။ မန္တလေးတိုင်းအနေနှင့် မြို့ပေါ်က တိုင်းသ/မ အသင်းစု၏ လုပ်ငန်းခွဲမန်နေဂျာများ ပါသည်။ ထို့အတူ မကွေးမြို့ပေါ်အနေနှင့် တိုင်းသ/မ အသင်းစု ဝန်ထမ်းများပါသည်။

အများစု ပညာအရည်အချင်းက ၈တန်းအောင်နှင့် ၁၀တန်းအဆင့်တွေများသည်။ အချို့ကျေးလက်သ/မ က လာတက်သူများသည် ပင်စင်နားနီးနေသည့် ရေးဖတ် အဆင့်များလည်းပါ၏။ ကြံဖန်ဂုဏ်ယူရလျှင် ဘွဲ့ရက ကျွန်တော် တစ်ယောက်ပဲပါသည်။ တိုင်းအသင်းစုက ဝန်ထမ်းများပင်လျှင် စာပေးစာယူတက်နေသူများဖြစ်သည်။ ထို့ပြင် သင်တန်းမှာ ဆရာဖြစ်နေသူ ၃ယောက်လောက်ကလည်း ကျွန်တော် အ.ထ.က ၂၁မှာ ၈တန်းတက်စဉ်က မိကျောင်းတံတား ထိပ်တွင် အမြဲတွေ့ကာ စ ပြောင်နေသည့် စိန်တောင်ကျောင်းက ၆တန်းကျောင်းသူ၊ မင်းကြီးကျောင်းက ၄တန်းကျောင်းသူလေးတွေ ဖြစ်နေသည်။

အခု သူတို့က ကိုယ့်ဆရာမတွေတဲ့။ ထိုသင်တန်းသို့ ကျွန်တော်တက်သည့်အခါ မတက်ချင်ဘဲ တက်ရခြင်းကြောင့် စိတ်မဝင်စားဘဲ စိတ်မပါ ခပ်ပေပေ ခပ်ရွဲ့ရွဲ့နှင့် တက်ဖြစ်သည်။ ထို့ကြောင့် နယ်ကအများစုတက်သည့် သင်တန်းမို့ ကျွန်တော်က သင်တန်းထက် ပိုက်ဆံရမည့် ဓာတ်ပုံရိုက်မည့် အလုပ်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ပါ၏။ ကိုင်း တက်စေချင်တဲ့ သင်တန်းကိုတက်ပြီး ပိုက်ဆံရှာမယ်ဟူသော စိတ်ထားဖြစ်ပါ၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW