ဖျာပုံခရိုင်တရားရုံးက လူငယ် ၄ ဦးကို သေဒဏ်ချမှတ်

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃
SP(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်တရားရုံးကနေ ဘိုကလေးမြို့က လူငယ် ၄ ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အမှုကတော့ ဘိုကလေးမြို့ ၊ အမှတ် ၆ ရပ်ကွက်မှာနေတဲ့ ဒေါ်သူဇာကြီး အသတ်ခံရတဲ့ အမှုဖြစ်တယ် ၊ အဲ့ဒီအမှုဖြစ်ပွားတာက ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၁၄ ရက်ကဖြစ်တယ် ၊ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ လူငယ် ၄ ဦးကို ၁ နှစ်ကျော် ဖမ်းဆီးစစ်ဆေးတယ် ၊ အမှုကို ဖျာပုံခရိုင်တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က အမိန့်ချတယ်၊ အမိန့်ချခံရတဲ့ သူတွေကတော့ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်၊ ကိုနိုင်ဝေလင်းနဲ့ ကိုပြည့်စုံဖြိုး ဆိုသူ ၄ ဦးဖြစ်တယ် ၊ သူတို့ ၄ ဦးကို ပုဒ်မ ၃၀၂ (ခ)အရ သေဒဏ်ချတာ”လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ လူငယ် ၄ ယောက်ကို အဲ့ဒီနေ့က နေ့ချင်းပဲ ဖျာပုံထောင်ကနေ ပုသိမ်ထောင်ကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်/ကျဥ်းတွေထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စစ်အုပ်ချုပ်ရေးဥပဒေ (Martial Law)အရ စစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် သေဒဏ်ချလိုက်တယ်လို့ ဒေသခံ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

ရန်ကုန် အင်းစိန်ထောင်မှာ အကျဥ်းကျခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ)ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ လှိုင်သာယာမြို့နယ်နေ ကိုလှမျိုးအောင်နဲ့ အောင်သူရဇော်တို့ ၄ ဦးကို ​သေဒဏ်ချမှတ်ခဲ့တာလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ကနေ ၂၀၂၃ စက်တင်ဘာ ၁၃ ရက်အထိ AAPP ဌာနဲ့ သတင်းဖော်ပြချက်အရ နိုင်ငံတဝှမ်းမှာ သေဒဏ်ပေးခံရသူပေါင်း ၁၅၀ ကျော်ရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ #လူငယ်လေးဦး #သေဒဏ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW