ဆူးငှက်
မန္တလေးတွင် “ရတနာပုံမ်နေပြည်တော်””ခေတ်ကတည်းက ကထိန်ပွဲများကိုလည်းရွှေမြို့တော်တွင် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ရာ ဘာသာ သာသနာ စည်ပင်ခဲ့သည့် မင်းနေပြည်တော်တွင် ၁၂၄၇ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူ ပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေ များကြောင့်ရွှေမြို့တော်တွင်း သီတင်းသုံးနေထိုင်တော် မူကြသော ထေရ်ကြီးဝါကြီးများမှအစ စာချ စာသင်သံဃာများအလယ်၊ ကိုရင်၊ သူတော်အဆုံး သာသနာ့ ဝန်ထမ်း သူတော်စင်များသည်လည်း ဘာသာ သာသနာဆိုင်ရာစောင့်ရှောက်မှုနှင့် ပစ္စည်းလေးပါးအစစ ညှိုးနွမ်း ချို့တဲ့တော်မူ ခဲ့ကြသည်။
ထိုအခြေအနေတွင် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ သက္ကရာဇ်၁၂၅၈ (ခရစ် – ၁၈၉၆) ခု၌ မလွန်ဈေးဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ၁၂၆၀ (ခရစ် – ၁၈၉၈)ခုတွင် ပရိယတ္တိ သာသနဟိတ အသင်းကြီးကို လည်းကောင်း တည်ထောင်နိုင်ခဲ့ကြသည်။
ထို့နောက်၁၂၉၇ (ခရစ် – ၁၉၃၅) ခုတွင် မန္တလေးဈေးချိုတော် အနောက်ဘက် ၈၆လမ်း၊ဆင်ကြီးနှစ်ကောင်အနီးရှိပွဲစားကြီးဦးလေးသန့်အိမ်တွင်နေ့စဉ် စုဝေးပြီး ကုန်ရောင်းကုန်ဝယ်ပြုလုပ်ကြသော ကုန်သည် ပွဲစားများကလည်း ကထိန်သင်္ကန်းကိုစီစဉ်ဆက်ကပ် လှူဒါန်းနိုင်ရန် စတင်ဆောင်ရွက်ကြပြီးနောက် “ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး” ကိုဖွဲ့စည်းနိုင်ခဲ့ကြသည်။
မန္တလေးတွင်ရှေးတုန်းကတည်းက သဘာဝဘးအန္တရာယ်ကျရောက်သည်ဖြစ်စေ၊ ကပ်ဘေးကျရောက်သည်ဖြစ်စေ၊ စစ်ဘေးအပါအဝင် ရန်သူမျိုးငါးပါးဘးအန္တရာယ်ကျရောက်သည် ဖြစ်စေ၊ တိမ်းရရှောင်ရ၊ ပြေးရ လွှားရ၊ ပုန်းရခိုရလျှင် မြစ်အနောက်ဘက်ကမ်း က စစ်ကိုင်းမင်းဝံတောင်ရိုးဆီ ဦးတည်ကြသည်။
၁၂၇၁ ခုနှစ် ပလိပ်ရောဂါကပ်၊ ၁၂၇၃ ခုနှစ် ကိုးတာမီးဘေး၊ ၊ ၁၃၀၃ ခုနှစ် ဒုတိယကမ္ဘာစစ်စသော ကပ်ဆိုး ဘေးဆိုးများတွင် မန္တလေးတစ်မြို့လုံးနီးပါး မြို့ကိုစွန့်ပြီး စစ်ကိုင်းမင်းဝံ တောင်ရိုး တစ်လျှောက်ရှိဘုန်းကြီးကျောင်း၊ ချောင်၊ ဂူ၊စေတီပုထိုးများဆီခိုလှုံရသည်။ အထူးသဖြင့် ၁၃၀၃ ခုနှစ်မှသည် ၁၃၀၆ခုနှစ်အထိ ကမ္ဘာစစ်မီးတွင်စစ်ကိုင်းတောင်ရိုးသည် မန္တလေး၏ ကျေးဇူးရှင်ဖြစ်ခဲ့သည်။ ထို့ကြောင့်စစ်ကိုင်းတောင်ရိုးကို ကျေးဇူးဆပ်သည့် အနေဖြင့်ကထိန်ပွဲ မှန်သမျှ စစ်ကိုင်း မင်းဝံတောင်ရိုးမှာပဲ ခင်းကျင်း လှူဒါန်းခဲ့ကြသည်မှာ ရှေးအစဉ်အဆက် ကတည်းကဖြစ်သည်။
ကထိန်ရာသီရောက်တိုင်း အထူးသဖြင့် တန်ဆောင်မုန်းလပြည့်ရာက်တိုင်း မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ရိုးပေါ် ရွှေ့ပြောင်းသွားသလား ထင်မှတ်ရအောင် စစ်ကိုင်းတောင်ရိုးပေါ်တွင် ကထိန်ပွဲများစည်ကားခဲ့ကြသည်။
မန္တလေးမှာ ရှေးက ကပ်ရောဂါ ကျရောက်လေတိုင်း၊ နယ်ချဲ့စစ်၊ပြည်တွင်းစစ်မီး အကြိမ်ကြိမ် ခလေတိုင်း ဆော့ကြသည့်အခါ အေးလကွယ်၊နေကြလဟဲ့၊ စိတ်တိုင်းကျပျော်ပျော်နေ ဟု ခွင့်ပြုတော်မူလေသောကြာင့် စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ရိပ်မှာချည်း ခိုလှုံခဲ့ကြရလေသည်။ ထို့ကြောင့်မန္တလေးက လှူဒါန်းစရာရှိတိုင်း စစ်ကိုင်းတောင်တော်ကိုချည်း ဦးထိပ်ထားခဲ့ကြခြင်းဖြစ်ပါသည်။
ကထိန်သင်္ကန်း ကပ်လှူခြင်းသည် ထူးခြားမြင့်မြတ်သည့် အလှူတော်ဖြစ်သဖြင့် မိမိချွေးနဲစာဖြင့်စုဆောင်းရမှု၏ ဒါနအလှူအပေါ် အမြတ်တနိုး ထားရှိကာ သူငယ်ချင်း အစုအဖွဲ့များ၊ အနှေးယာဉ် လုပ်သားများ၊ရပ်ကွက်သူရပ်ကွက်သား မိတ်ဆွေများ၊ အသင်းအဖွဲ့များ မှအစ အနှစ် ၁၀၀ကျာ် သက်တမ်းရှိ ရပ်ကွက်ကထိန်ကြီးများ၊ စေ◌ျးချိုတော်ကထိန်များ၊ နှစ် ၉၀နီးပါး သက်တမ်းရှိ ပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းကြီးတို့ကလည်း အစဉ်အလာမပျက် ခင်းကျင်း လှူဒါန်းခဲ့ကြသည်။
ထိုသို့သော သက်တော်ရှည် ကထိန်တော်ပွဲကြီးများအနက် တစ်နှစ်တွင် ပွဲစား ကုန်သည် စက်ပိုင်များမဟာကထိန်တော် အသင်းကြီးက ၂၆ဘီလမ်းနှင့် ၂၇လမ်း ပန်းဆိုးတန်းလမ်းအကြားနှင့်၈၆လမ်း နှင့် ၈၇ ဆင်တံတားခါးပြတ်လမ်းအကြား ၄ပြ တွင် ကထိန်ခင်းကျင်းသည်။ မန္တလေး၏မြို့မျက်နှာဖုံး အသင်းကြီးဖြစ်သောကြောင့် လေးထောင့် စပ်စပ် အပြတွင်အပြတိုင်းအလယ်မှာ ဉပ်မကြီး( ဉပ်သင်္ကန်းကြီးပါပဒေသာပင်ကြီး)များကို ခမ်းနားစွာပြင်ဆင်ပြီး ၄ပြပတ်လည်စလုံး လှူဖွယ်ပဒေသာပင်များအကြားအလပ်မရှိ ခင်းကျင်းကာ မီးရောင်စုံထိန်ထန်ညီး ထွန်းညှိထားသည်။ ဉပ်မကြီး တစ်ခုစီတွင်လည်းမဏ္ဍပ်ဆရာများ၏ လက်စွမ်းပြ ရုပ်ပုံ ပန်းချီများဖြင့် ဆင်ယင်ထားသည်။ အဆိုပါနာက်ခံပန်းချီကား ရုပ်ပုံများနှင့်လျော်ညီသော လှူဖွယ်ပစ္စည်းများကိုလည်း လှပစွာပင်ဆင်ထားသည်။ ဥပမာမြတ်စွာဘုရားသခင်က တာဝတိသာမှဆင်းလာသော သရုပ်ဖော် ရုပ်ပုံကားပန်းချီတွင် ရွှေစောင်းတန်း ငွေစောင်းတန်းပတ္တမြားစောင်းတန်းနေရာတွင် အမျိုးမစားတူ အရောင်တူ လှူဖွယ်ပစ္စည်းများ ရာချီ ထောင်ချီ ချိတ်ဆွဲပြင်ဆင်ခြင်းမျိုးဖြစ်သည်။
ဤသို့ဖြင့် သပိတ်လုံးထောင်ချီ၊ သင်္ကန်းအစုံထောင်ချီ၊ ရဟန်းဆောင်းထီးထောင်ချီ လှူဖွယ် ပစ္စည်းများ ဆင်ယင်ထားသည့် ဉပ်မကြီးများကိုပင် တိုးဝှေ့ကြည့်ကြရ၏။
နာမည်ကျော်ဈေးချိုကထိန်ကြီးကတော့ ဆိုင်ခုံ၊ ဆိုင်ကောင်တာများ မရှိဘဲဟောကြီးတစ်ခုသဖွယ် ခင်းကျင်းထားသော ဈေးချိုရုံကြီးထဲမှာ ပဲအိတ်၊ ဆန်အိတ်တွေကြားမှမြို့မနှင့် အငြိမ့်ခန်းကို အခုလို တန်ဆောင်မုန်းရာသီတွင် အားပါးတရ အမြဲကြည့်ရမည်။ ဘီရုံဘယဆေးအိတ်တွေကြားမှ အောင်မြေအေးအငြိမ့်၊ စီရုံ စာရေးကိရိယာ စက္ကူပုံ စာအုပ်ပုံတွေကြားမှမြို့တော်အငြိမ့်၊ ဒီရုံ စက္ကူပန်းတွေကြားမှ အရီးတောင်း လက်ဖက်ဆိုင်တွေကြား၊ သစ်လွင်အငြိမ့်၊အီးရုံရွှေဆိုင်တန်း၏ပါလစ်ရောင်တောက် ကျွန်းသားဆိုင်ခန်းတွေပေါ်မှာ ခနုံထုပ် ပူပူစားရင်းမန္တလေးရတနာပုံအငြိမ့်၊ ဒီလိုပါပဲလေ၊ ငါးခြောက် အိတ်တွေကြား၊ ချည်ထုပ်တွေကြား၊ကုန်ခြောက်တွေကြား၊ တက်ထရက် အစအထပ်တွေကြား၊ တောင်မြို့ထည်တွေကြား၊ သဲတောဝမ်းတွင်း ထည်တွေကြား၊ ပိုးထည် ချိတ်ထည်တွေကြား၊ ဆိုးဆေး သံဗူးတွေကြား၊ ငါးဒိုင်ငါးဆိုင်တွေကြား၊ ကြက်သွန်ပုံတွေကြား၊ခါက်ဆွဲခြောက် ထုပ်တွေကြားမှာ အငြိမ့်ပေါင်းစုံ၊တီးဝိုင်းပေါင်းစုံ၊ မင်းသမီးပေါင်းစုံ၊ လူရွှင်တော်ပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ၊ဇာတ်မင်းသားပေါင်းစုံတို့၏ အနုပညာကို အခုလို ရာသီမှာဈေးချိုနှင့် ဈေးချိုပတ်ပတ်လည်၌ တနင့်တပိုးကြည့်ရှု ခံစားခဲ့ကြရတာကိုလည်း မမေ့လောက်သေးဟု ထင်ပါသည်။
ထို့အပြင်မွ့ရာတန်း၊အာင်ဈေးတန်း၊ လင်းရောင်ခြည်ဈးတန်း၊ မုန့်စုံတန်း၊ထိုးမုန့်တန်း၊ ပန်းတန်းစသည်ဖြင့် ဈေးရုံ၊ ဈေးတန်းများနှင့် အတူ တိုက်တန်းကြီး၊ တိုက်တန်းလေး၊ညဈေးတန်းများကလည်း ကိုယ့်ဈေးရုံ၊ ကိုယ့်ဈေးတန်းအလိုက် ကထိန်ခင်းကြသည်။
ထူးခြားသည်က နေ့ခင်းတွင် ခင်းကျင်း ပွဲခံကြခြင်းဖြစ်သည်။ မန္တလေးဆိုတော့ တီးဝိုင်း၊ အငြိမ့်စသောေဖျာ်ဖြေရေးများကလည်း ဈေးရုံကြီးတွေထဲ နေ့ခင်းမှာ ကပြကြသည်။ လာသမျှ ဧည့်သည်များကိုစတုဒီသာကျွးမွေးကြသည်။ တန်ဆောင်မုန်းလဆန်းမှ လပြည့်အဖိတ်နေ့အထိ ဈေးထဲ၌ဆိုင်းသံ၊ဗုံသံ တညံညံနှင့် ကထိန်ခင်းကျင်းမှု မပြတ်လပ်ခဲ့ပေ။ ထိုသို့ ခင်းကျင်းကြပြီးသည်နှင့်ကထိန်များ အားလုံးသည် စစ်ကိုင်းတောင်ရိုးက ကျောင်းများ ချောင်များသို့ ပုံအောလှူကြသည်မှာမမေ့နိုင်ဖွယ်ဖြစ်သည်။
ဆူးငှက်