စက်သုံးဆီ အလုံအလောက်ရှိတယ်ဆိုပေမယ့် ဆီဆိုင်တွေမှာ တန်းစီဝယ်နေရ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၄- ၂၀၂၃

GG (VOM)

ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ နစက ဘက်ကပြောဆိုပေမယ့်လည်း ရန်ကုန်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေကမြို့တွေမှာ ဆီပြတ်လပ်တာ၊အကန့်အသတ်နဲ့ဝယ်ယူရတာ၊တန်းစီစောင့်ဆိုင်းရတာတွေ ဒီနေ့နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဖြစ်ပေါ်နေဆဲပါ။

ရန်ကုန်မှာ ဆိုရင် ဒီနေ့မနက်ပိုင်း ၄ နာရီခွဲလောက်ကတည်းက စက်သုံးဆီဖြည့်ဖို့ ကားတွေတန်းစီ​ကြရသလို တချို့ဆိုင်တွေက အကန့်အသတ်နဲ့သာရောင်းချပေးနေပြီး ဆိုင်တချို့ကတော့ ဆီပြတ်လပ်မှုတွေရှိနေသေးတယ်လို့ သိရပါတယ်။

ဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦး ပြောပြတာက

” ဆီဖြည့်ဖို့ လိုက်ရှာတော့ တန်းစီနေတာ တွေ့ရတယ်၊ကန်တော်ကြီး max ဆိုလည်း ကားတန်းကြီးကနည်းတာကြီးမဟုတ်၊ တာမွေမှာလည်းတန်းစီနေကြတယ်၊ဆရာစံလမ်းလည်းတန်းစီနေကြတယ်။သုဝဏ္ဍရောက်တော့လည်း တန်းစီနေကြတာ နည်းတာနဲ့ ဝင်တန်းစီလိုက်တယ်။ မနက်အစောကတော့ လိုသလောက်ရပေမယ့် နောက်တော့ အများကြီးတော့မရဘူး၊ အကန့်အသတ်နဲ့ပဲရတယ်၊ တခြားဆိုင်တွေလည်း အကန့်အသတ်ကများတယ်။” လို့ ဒီနေ့အခြေအနေကို ပြောပြပါတယ်။

ရန်ကုန်က စက်သုံးဆီဆိုင်အများစုက ကားတစ်စီးကို၂၀၀၀၀ ကျပ် ဖိုးသာရောင်းပေးတဲ့ဆိုင်ရှိသလို ၃၀၀၀၀၊ ၅၀၀၀၀ ကျပ်ဖိုးအထိ ဆီအကန့်အသတ်နဲ့ရောင်းချပေးနေကြတုန်းဖြစ်တယ်လို့သိရပါတယ်။

အလားတူ ပဲခူးတိုင်း ၊မွန်ပြည်နယ် အပါအဝင် ကျန်တဲ့ နယ်မြို့တွေမှာလည်း စက်သုံးဆီ ပြတ်လပ်တဲ့ ဆီဆိုင်တွေရှိလာနေပေမယ့် ဆီလက်ကျန်ရှိပြီးရောင်းချတဲ့ဆိုင်တွေကတော့ ဆိုင်ကယ်ကို လိုအပ်သလောက်ဖြည့်ခွင့်ရတဲ့ဆိုင်ရှိပေမယ့် တန်းစီစောင့်ရပြီး ပါဆယ်ပုံးနဲ့ရောင်းချတာမျိုးတော့ ကန့်သတ်ထားတယ်လို့သိရပါတယ်။

” မြို့ထဲကဆိုင်တွေကတော့ ပြတ်တာများတယ်၊ မြို့ပြင်ထိသွားထည့်ရတယ်။ တန်းစီရတာပါပဲ၊ရတဲ့ဆီဆိုင် တိုးထည့်ကြတော့ တန်းစီရတာပေါ့။ဒီနေ့တော့ ကျနော်ထည့်လာတာ ရတယ်၊ ဒီမှာတော့ အရမ်းဆိုးဆိုးဝါးတော့မဖြစ်သေးဘူးပြောရမယ်၊ ” လို့ ပဲခူးတိုင်း၊အနောက်ခြမ်း ပြည်မြို့ ဒေသခံတစ်ဦးကပြောပါတယ်၊

စက်သုံးဆီတွေဖြစ်တဲ့ ၉၂ နဲ့ ၉၅ ကို စက်သုံးဆီ ဆိုင်တွေမှာ ပြတ်လပ်မှုဖြစ်ပြီး လိုအပ်သလောက်ဝယ်မရတဲ့အပြင် တန်းစီစောင့်ဝယ်ယူရတဲ့ကိစ္စဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ခုလို စက်သုံးဆီ တွေပြတ်လတ်ပြီး အကန့်အသတ်နဲ့ရောင်းချရတာက ဆိုင်တွေမှာ ဆီခွဲတန်းရရှိမှု နည်းတာကြောင့်ဖြစ်တယ်လို့ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းတွေက ဆိုပါတယ်။

ဒါပေမယ့် နစက ပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိကြောင်း ၊ဆီခွဲတမ်းပေးဝေမှုကလည်း အရင်အတိုင်းဖြစ်ကြောင်း ၊ဆီပြတ်လပ်မှုဖြစ်တယ်ဆိုတာ ကောလဟာလသာဖြစ်ကြောင်း သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

“ပြည်တွင်းမှာ ဆီပြတ်လပ်နေတယ်ဆိုပြီးကောလဟာလ ထုတ်လွှင့်နေတာတွေရှိပါတယ်၊ ဆီခွဲတမ်းပေါ့ စက်သုံးဆီရောင်းချတဲ့ ခွဲတမ်းတွေ လျှော့တယ်ဆိုပြီး ထုတ်လွင့်နေတာ ရှိတယ်။ ဆီအလုံအလောက်မရှိဘူး အစိုးရအနေနဲ့ ဆီဝယ်ယူဖို့ အတွက် ဒေါ်လာချမပေးဘူးဆိုတာမျိုး ထုတ်လွင့်နေတာ ရှိတယ်။ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ ပြန်မဖြည့်နိုင်တော့ဘူးဆိုတာတွေပဲဖြစ်ပါ တယ်။ ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်နေတာ ရှိတယ်။ ဆီခွဲတမ်းအနေနဲ့လည်း အရင်အတိုင်းပဲ ရှိတယ်။ ကျနော်တို့ အနေနဲ့ စိစစ်နေ တာတခုပဲ ရှိတယ်။ ပြည်တွင်းမှာ စက်သုံးဆီ အလုံလောက် ရှိပါတယ်။ ပြည်တွင်းမှာမည်သည့်စက်သုံးဆီအမျိုးစားကိုမဆို တလ အရံသင့်ရှိအောင်ဆောင်ရွက်လျက်ရှိတယ် စက်သုံးဆီနဲ့ပတ်သက်ရင် အရင်တိုင်းပဲဒေါ်လာရောင်းပေးနေတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အများသုံး စက်သုံးဆီဖြစ်တဲ့ ၉၂ ဆိုရင် ပြည်တွင်းမှာ ဆီ လက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဘ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိကြောင်း၊ နောက်ထပ်လည်း စက်သုံးဆီ သင်္ဘော ၁၅ စီး ထပ်ရောက်လာဖို့ရှိတယ်လို့ လည်းပြောဆိုထားပါတယ်။

ဒါပေမယ့်လက်ရှိမှာတော့ စက်သုံးဆီတွေ အကန့်အသတ်နဲ့ဝယ်ယူနေရဆဲဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မှာတော့ စက်သုံးဆီ တင်သွင်းသိုလှောက်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကုမ္ပဏီကထုတ်ပြန်တဲ့ စက်သုံးစျေးက ရန်ကုန်မှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၂၁၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာကို ၂၂၅၀ ကျပ်၊ဒီဇယ်ဆီ တလီတာကို ၂၁၄၅ ကျပ်နဲ့ ပရီမီယံဒီဇယ်ဆီတလီတာကို ၂၂၄၅ ကျပ်ဖြစ်တယ်လို့သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW