ဧပြီ ၂၅ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ပေါ်ကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေကြောင်း တိုက်ခိုက်တာက နှစ်ရက်ဆက်တိုက် ရှိနေပြီ။ ဒီနေ့လည်း မနက် ၉ နာရီလောက်စပြီး လေယာဉ်တွေ ဝဲနေတယ်။ သံတွဲမြို့ပေါ်ရော၊ ကမ်းခြေဘက်ကိုရော ဝဲနေတာ။ ဒီကလူတွေ အကုန်လုံးကတော့ ဗုံးခိုကျင်းထဲမှာပဲ နေနေရတယ်။ အပြင်မထွက်ရဲကြဘူး။ အကုန်လုံး စိုးရိမ်ကြောက်လန့်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အစိုးရတပ်ဟာ ငပလီမြို့ပေါ်ကို မနေ့ ဧပြီ ၂၄ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ကင်းထောက် လေယာဉ်တွေကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်၊ နေ့လယ်ပိုင်းကလည်း သံတွဲမြို့နယ်၊ ငပလီလမ်းဆုံနဲ့ ဇီးဖြူကုန်းရပ်ကွက်တွေမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတချို့ ရှိခဲ့သလို နေအိမ် ၁၀ လုံးဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“သံတွဲ၊ ငပလီမှာက ကွပ်ကဲမှုဌာနချုပ်တွေ၊ အခြေပြုစခန်းတွေနဲ့ လက်နက်ကြီး တပ်ဆင်နေတဲ့ AA အဖွဲ့ရဲ့ တည်နေရာတိုင်းကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ချေမှုန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ AA နဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့ အရေးကြီးပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒါအပြင် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊ ပီချောင်းအတွင်းရှိ အာကာတောင် အနီးတဝိုက်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း စသံတွဲမြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၅၅ အနီးကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လေးယောက် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
AA ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တို့ကို အစိုးရတပ်က ဧပြီ ၁၆ ရက်ကနေ ၁၉ ရက်အထိ လေးရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ လမ်းတံတားတွေနဲ့ အိမ်နေတချို့ ပျက်စီးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက် ရခိုင်က မြို့၊ ရွာတွေကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူး သတိထားကြဖို့နဲ့ နေအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ AA က အထူး တိုက်တွန်းထားပါတယ်။
Photo – CJ
