အချိန်ပိုနဲ့ ပျက်​နေတဲ့ လျှပ်စစ်မီး​ကြောင့် ညည်းညူသံ​တွေ ပိုကျယ်လာ

ဧပြီ ၂၅ – ၂၀၂၆
SS (VOM)
လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးဝေမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပြီးနောက် ရန်ကုန်အပါအဝင် မြို့အများအပြားမှာ မီးပြတ်တောက်မှု ပိုမို ဆိုးရွားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ အစီအစဉ်အရ တိုင်းနဲ့ ပြည်နယ်တွေအတွက် ၁၂ နာရီသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးမှုကို ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ တိုးမြှင့် ဖြန့်ဖြူးပေးသွားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့ မြေပြင်မှာတော့ လျှပ်စစ်မီးပျက်ချိန် ပိုမို တိုးလာပြီး နေရာဒေသပေါ် မူတည်ကာ တရက်ကို အနည်းဆုံး အချိန် စုစုပေါင်း ၁ နာရီကနေ ၄ နာရီလောက်သာ လျှပ်စစ်မီး ရရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။
“လျှပ်စစ်မီးကလေ အချိန်ပိုပြီး ပေးမယ်လို့ ပြောရမှာနဲ့၊ မီးပျက်ချိန် ပိုမယ်လို့ ပြောရမှာနဲ့များ မှားပြီး ပြောသွားလေသလား၊ အဲဒီလိုမှမဟုတ်ရင် တနေ့စာအတွက်မဟုတ်ဘဲ တပတ်စာအတွက်များ ပြောသွားလေလား မသိဘူး။ ဘာမှ မပြောခင်ကမှ မီးမှန်သေးတယ်။ အခုတော့ ပျက်လိုက်တာ။ လာချိန်လည်း ပျက်၊ ပျက်ချိန်လည်း ပျက်။ EPC က လျှပ်စစ်မီး မပေးတော့ဘဲ၊ ဖယောင်းတိုင် ရောင်းစားရမှာ။ ဒါမှ ပိုအဆင်ပြေမယ်” လို့ ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အရင်က မနက် ၉ နာရီကနေ ည ၉ နာရီကြားကို ၄ နာရီ မီးပေး၊ ၄ နာရီ မီးပျက်နဲ့ တရက်ကို ၈ နာရီ မီးဖြတ်နေတာဖြစ်ပြီး လက်ရှိမှာ မနက် ၅ နာရီကနေ ည ၁ နာရီအတွင်း ၄ နာရီခြား တကြိမ်၊ မီးပေးနေတာကြောင့် တရက်ကို ၁၂ နာရီ မီးပျက်နေတာ ဖြစ်ပါတယ်။
“အခုဆိုရင်တော့ ၁၂ နာရီမက မီးပျက်နေတာ။ မီးလာချိန်က တနာရီမပြောနဲ့၊ ၂၃ မိနစ်ပဲရှိတယ်။ အလာထက် အပျက်က ပိုများနေတာ။ ပူကပူ၊ အိုက်ကအိုက်နဲ့၊ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ ဒီလောက် အပျက်များတာတောင် မီတာခကတော့ လျော့သွားတယ်မရှိဘူး။ အတော်ကို အံ့သြစရာကောင်းတယ်။ တရက်ကို ၁ နာရီလောက်ပဲ မီးလာတော့ ရေတင်နိုင်ဖို့၊ ထမင်းချက်ဖို့တောင် မလုပ်နိုင်ဘူး။ ဟင်းချက်ဖို့ကတော့ အဝေးကြီး။ ထမင်းပေါင်းအိုး တအိုး ကျက်အောင်တောင် မီးလာချိန်မရှိဘူး” လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲ ကာလအတွင်း လျှပ်စစ်မီး အချိန်ပြည့် ရရှိခဲ့ပေမယ့် လွှတ်တော်တွေ စတင်ချိန်မှာပဲ အလှည့်ကျစနစ်နဲ့ မီးပေးဖို့ အစိုးရက ပြန်လည် လုပ်ဆောင်လာတာဖြစ်ပါတယ်။
နွေရာသီကာလကို ရောက်ရှိချိန်တိုင်း ဓာတ်အား လျော့ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှပ်စစ်မီး အပြည့်အဝ မရရှိခဲ့ပေမယ့် အခုနှစ် နွေရာသီမှာတော့ အခြေအနေ ပိုဆိုးလာတာ ဖြစ်တယ်လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။f
“တခါလာရင် ၅ မိနစ်ပဲ။ ၄ နာရီခြားတခါ မီးလာတာမှာ မီးပျက်ချိန်ကတော့ အပြည့်အဝ မှန်တယ်။ လာချိန်ကျ ၉ နာရီမှာ မီးလာရင် ၉ နာရီ ၅ မိနစ်မှာ မီးပျက်တယ်။ ၁ နာရီထိုးအချိန် မီးလာရင်လည်း အဲဒီလိုပဲ။ တခါလာ အများဆုံး ၁၀ မိနစ်ပဲ။ တနေကုန်ဆို မီးလာချိန် စုစုပေါင်း ၁ နာရီတောင် မပြည့်ချင်ဘူး။ ညဘက်တွေဆိုလည်း ညလုံးပေါက် ပျက်တာ။ အရင်ဆို နေ့ဘက် မီးမလာပေမယ့် ညဘက်တွေမှာ မီးမှန်သေးတယ်။ အခု ပိုတောင် ဆိုးနေသေးတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့နှစ်တွေက သင်္ကြန်ကာလအတွင်း လျှပ်စစ်မီးမှန်မှန် ရရှိခဲ့ပေမယ့် အခုနှစ် သင်္ကြန်မှာတော့ မီးလာရမယ့် အချိန်မှာတောင် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိနေတယ်လို့ သိရပြီး မီးပျက်ချိန် တနေကုန်နီးပါး ရှိနေတာ ဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဒီမှာလည်း နေ့ဘက် မီးမမှန်ဘူး။ မနက် ၅ နာရီလောက်ဆို ပျက်ပြီ။ အဲဒါကနေ နေ့လယ် ၂ နာရီလောက် မီးပြန်လာ၊ ၃ နာရီကျော်လောက်ဆို တခါပြန်ပျက်တယ်။ အဲဒီလိုပျက်ပြီးရင် ညဆို တခါတစ်လေ ၇ နာရီ၊ တခါတစ်လေဆို ၈ နာရီလောက်မှ မီးပြန်လာတာ” လို့ နေပြည်တော်၊ လယ်ဝေးမြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အခုလို နွေရာသီမှာ လျှပ်စစ်မီး ပြတ်တောက်မှုဟာ Heat Stroke (အပူလျှပ်ခြင်း) ရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အဓိကအချက်တခုဖြစ်ပြီး အထူးသဖြင့် စံချိန်တင် အပူချိန်တွေရှိတဲ့ မြန်မာနိုင်ငံမှာ ပိုမိုသတိထားရမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက အသိပေးထားပါတယ်။
လျှပ်စစ်မီးမရပါက ပန်ကာ၊ လေအေးပေးစက် (AC) တွေ အသုံးမပြုနိုင်တဲ့အတွက် အိမ်တွင်းအပူချိန် မြင့်မားလာပြီး အပူဒဏ်ခံရချိန် ပိုကြာခြင်း၊ အပြင်ဘက်အပူရှိန် ပြင်းထန်ချိန်ဖြစ်တဲ့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်း အိမ်ထဲမှာ အအေးခံစနစ်မရှိဘဲ အပူဒဏ်ကို ကြာရှည်စွာ ခံစားရခြင်းတို့ကြောင့် Heat Stroke ဖြစ်နိုင်ခြေ ပိုမို မြင့်မားစေတယ်လို့ သိရပါတယ်။
လက်ရှိမှာ Heat Stroke ကြောင့် ဖျားနာသူတွေ ရှိနေတဲ့အပြင် လူသေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ဇင်ယော်မောင်မောင်က လည်း ၎င်းရဲ့ တူတော်စပ်သူတယောက် မန္တလေးမြို့မှာ Heat Stroke နဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားတာ တွေ့ရပါတယ်။
မိုးလေသဝနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့အတွက် ထုတ်ပြန်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ မြို့ကြီးတွေရဲ့ အမြင့်ဆုံးအပူအချိန် ခန့်မှန်းချက်တွေအရ နေပြည်တော်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်၊ ရန်ကုန် (ကမ္ဘာအေး) ၃၉ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေး ၄၃ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူး ၄၀ ဒီဂရီဆဲလ်စီးယပ်၊ မကွေး ၄၃ ဒီဂရီဆဲလ်စီးယပ်၊ ဟုမ္မလင်း၊ ထားဝယ်နဲ့ မြစ်ကြီးနား ၃၈ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာ ၄၃ ဒီဂရီဆဲလ်စီးယပ်၊ ပုသိမ် ၃၇ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် တခြားသော မြို့နယ်တွေမှာလည်း အပူအချိန်တွေ မြင့်တက်နေတာကိုတွေ့ရပြီး လွိုင်ကော် ၃၄ ဒီဂရီဆဲလ်စီးယပ်၊ ဘားအံ ၃၉ ဒီဂရီဆဲလ်စီးယပ်၊ ဟားခါး ၂၉ ဒီဂရီဆဲလ်စီးယပ်၊ မော်လမြိုင် ၃၇ ဒီဂရီဆဲလ်စီးယပ်၊ စစ်တွေ ၃၄ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးနဲ့ ကျိုင်းတုံ ၃၅ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီး ၃၂ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW