နိုဝင်ဘာ ၂၀ ၊ ၂၀၂၃
SP (VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူ – ကမ္မ – ရေပြာ – ပေါက် – ကျောက်ထုကားလမ်းပိုင်းပေါ်မှာရှိတဲ့ ယောချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ အမှတ် ၂ ယောချောင်းတတား ခေါ် ရေပြာတံတား ခေါ် အုန်းတော တံတားဟာ ဒီ နှစ်လအတွင်း သုံးကြိမ် မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ယာဥ်အသွားအလာတွေ သွားမရတာကြောင့် ပခုက္ကူ – ပေါက် – ကျောက်ထု လမ်းတွေ ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပထမတကြိမ် ၊ မိုင်းခွဲခံရတယ် ၊ အချိန်တိုအတွင်း ပြုပြင်ပြီးနောက် ၊ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ ရသေးတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ညက ဒုတိယအကြိမ် မိုင်းထပ်ခွဲခံရတယ် ၊ အဲ့ဒီ အကြိမ်မှာ မိုင်းဒဏ်ကြောင့် ကားကြီးတွေ သွားမရတော့ဘူး ၊ ကားလေးနဲ့ ဆိုင်ကယ်တွေပဲ သွားလာလို့ရတယ် ၊ အဲ့ဒီ တံတားကို နောက်ထပ် ပြီးခဲ့တဲ့ ၁၈ ရက်က တတိယအကြိမ် မိုင်းထပ်ခွဲတယ် ၊ အခုတော့ ကားကြီး ၊ ကားသေး ၊ ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူး ၊ အဲ့ဒီ ရေပြာ ၊ ယောချောင်း အမှတ် ၂ ၊ အုန်းတော တံတားဟာ ဒီနှစ်လအတွင်း မိုင်း သုံးကြိမ် ဖောက်ခွဲဖျက်ဆီးခံရတယ် ” လို့ ရေပြာဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီး တံတားဖောက်ခွဲခံရတာနဲ့ ပတ်သက်လို့ ကားသမားတယောက်က ” ယောချောင်း အမှတ် ၂ ၊ရေပြာ (အုန်းတော) တံတားက အရှည်ပေ ၃၀၀ ကျော်ရှိတယ် ၊ မြန်မာ – ဂျပန် ၂ နိုင်ငံချစ်ကြည်ရေး တံတားဖြစ်တယ် ၊ အဲ့ဒီ တံတားပေါ်ကို သုံးနေရာ မိုင်းခွဲဖျက်ဆီးထားလို့ ယာဥ်တွေ သွားလာလို့မရဘူး ၊ မုံရွာ – ပုသိမ်ကားလမ်းပိုင်းဟာ ခါးကျိုးသလို ဖြစ်နေတယ် ၊ ရေပြာရွာကနေ ပေါက်မြို့အထိလည်း လမ်းဘေးသစ်ပင်တွေ လမ်းပေါ်ကို ခုတ်လှဲထားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီအပြင် ပခုက္ကူမြို့မှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” ပခုက္ကူ – ပေါက်လမ်းပိုင်းက ပျက်စီးနေပြီ ၊ အဲ့ဒါကြောင့် ပခုက္ကူက ကုန်စည်တွေကို ဆိပ်ဖြူ – ဆောလမ်းပိုင်းကနေတဆင့် ပတ်သွားရတယ် ၊ မိုင် ၁၀၀ ကျော် ပိုမောင်းရတယ် ၊ ခရီးဝေးတော့ ကုန်တန်ဆာခတွေ အပိုထပ်စောင်း ပေးရတာရှိတယ် ၊ နောက်ပြီး ပေါက်နဲ့ ကျောက်ထုကြားက နတ်ထိပ်တောင်မှာ မြေပြိုတာတွေရှိတယ် ၊ အရင်က ပခုက္ကူ – မင်းတပ်ဟာ တရက်ခရီးဖြစ်ပေမယ့် အခုဆို ၂ ညအိပ် ၊ ၃ ရက်လောက်သွားရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပေါက်မြို့နယ် ၊ ဇီးပြာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ များပြားပြီးနောက် ယောချောင်း အမှတ် ၂ ၊ ရေပြာ အုန်းတော တံတားတံတားကို အခုလို တတိယအကြိမ် ဖောက်ခွဲဖျက်ဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာ – တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဖြစ်တဲ့ မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က အရေးပါတဲ့ တံတားတွေ မိုင်းခွဲဖျက်ဆီးခံရပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလထဲမှာ မြဝတီ နယ်စပ်ကုန်သွယ်ရေးကားလမ်းပေါ်က လမ်းတံတားတချို့ မိုင်းဒဏ်သင့်တာကြောင့် ကုန်သွယ်ရေးလမ်းပိုင်းတွေ ယာယီ ပြတ်တောက်ခဲ့ရပါတယ် ၊ ဒိအပြင် တနင်္သါရီတိုင်းနဲ့ မွန်ပြည်အစပ်က လမ်းပိုင်းတွေမှာလည်း လမ်းတံတား တချို့ မိုင်းဒဏ်သင့်တာတွေရှိလို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။
နစက ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်အတွင်း မီးရထားလမ်းနဲ့ ကားလမ်းတွေမှာ မိုင်းဒဏ်သင့်ခဲ့ရတဲ့ ဖြစ်စဥ်ပေါင်း ၂၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။