နမ့်အွမ်ရွာမှာ SSPP နဲ့ KIA တို့အကြား ပွတ်တိုက်မှုဖြစ်ပွား

ဇွန် ၁၀-၂၀၂၆
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ ဇွန်လ ၉ ရက်က SSPP နဲ့ KIA တို့အကြား ပွတ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လယ်ကွက်မှာ ရွှေတူးတဲ့ကိစ္စကြောင့် ဖြစ်တာလို့ သိရတယ်။ အဲဒီလယ်ကွက်မှာ ရွှေတကြိမ် တူးဖော်ပြီးနောက် လယ်ပိုင်ရှင်ကို ပြန်အပ်ထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် ပြန်ပြီး ခိုးတူးနေတာကြောင့် ရွှေတူးအလုပ်သမား ၃ ယောက်ကို KIA ဘက်က ဖမ်းဆီးထားရာကနေ စကားများခဲ့ကြတာ” လို့ ဒေသခံ အမျိုးသားတစ်ယောက်က VOM ကို ပြောပါတယ်။
KIA ဘက်က ဖမ်းဆီးထားတဲ့ ရွှေတူးအလုပ်သမားတွေဟာ ရှမ်းလုပ်ငန်းရှင်တွေရဲ့ အလုပ်သမားတွေ ဖြစ်တာကြောင့် SSPP/SSA နဲ့ ညှိနှိုင်းဖြေရှင်းရာကနေ အငြင်းပွားမှု ဖြစ်ပွားလာတာလို့ သူက ဆိုပါတယ်။
“တာလုံရွာဘက်က ဦးဂမ်ယောရဲ့ လယ်ကွက်မှာ ရှမ်းသူဌေးတွေက ရွှေလာတူးတာ။ အချင်းချင်း ဖြေရှင်းတာ အဆင်မပြေလို့ အခုလို ဖြစ်သွားတာ” လို့ ဒေသခံ အမျိုးသမီးတယောက်က VOM ကို ပြောပါတယ်။
ရွှေတူးဖော်တဲ့ လယ်ကွက်ဟာ တာလုံရွာမှာရှိပြီး စကားများမှု ဖြစ်ပွားခဲ့တဲ့နေရာကတော့ နမ့်အွမ်ရွာထိပ်က ဆီဆိုင်အနီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယမန်နေ့ ညနေပိုင်းမှာတော့ နှစ်ဖက်တာဝန်ရှိသူတွေ ပြန်လည်ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ပြီး အခြေအနေ တည်ငြိမ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
နမ့်အွမ်ရွာအနီးတဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား ပွတ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်း နေရာအနှံ့အပြားမှာ ရွှေတူးဖော်မှုတွေ ပိုမိုများပြားလာတာကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးကုန်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Photo Crd – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW