မန္တလေး၊ ဇွန်- ၁၀- ၂၀၂၆
SA(VOM)
စစ်တပ်နဲ့ လက်တွဲမှုမရှိပဲ မန္တလေးမြို့အတွင်းက ပြည်သူ့စစ်အမည်ခံ ဆောင်ရွက်နေမှုတွေကို ကြီးကြပ်ကွပ်ကဲ စစ်ဆေးဖို့ အစီအစဥ် ရှိ/ မရှိ ကို ချမ်းအေးသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့ အခမ်း အနား) မှာ လွှတ်တော်က တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
” ကျနော်တို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ထားတယ်၊ အဲ့ဒီမှာ ကလေးတွေ အကူအညီလာတောင်းတယ်၊ ကျနော်တို့ကလည်း အချိန်နဲ့တပြေးညီ သိရှိအောင်လုပ်ပြီး သူတို့ကို ကူညီဖို့လုပ်ပါတယ်၊ ကျနော် ဘာတွေကူညီပေးခဲ့လည်းဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ပါသွားရင် လိုက်ထုတ်ပေးတာ နှစ်ယောက်ရှိပါပြီ၊ နောက်တခုက ညပိုင်းမှာ လုပ်ငန်းခွင်ဝင်နေတဲ့ကလေးတွေ ရပ်ရွာမှာနေတဲ့ ကလေးတွေက ညဆိုရင် ဘယ်လိုလူက ဘယ်လိုဆွဲသွားမှန်းမသိဘူးဗျာ၊ စောန ကျနော် မေးခွန်းထဲမှာ မေးထားသလိုပဲ လိုင်စင်မဲ့ ကားကြီးတွေနဲ့ သေနတ်ကြီးတွေနဲ့ တရားဝင်ရော၊ တရားမဝင်ရော ဒါတွေနဲ့ ဆွဲဆွဲသွားတာမှာ ကလေးတွေရဲ့ နောက်ကျောမလုံမှုကိစ္စကို ဖြေရှင်းပေးဖို့ လုပ်တာပါ” ချမ်းအေးသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကိုကိုထွေး က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ” ပြည်သူ့စစ်တွေလိုက်နာရမယ့် ကျင့်စဥ် ၁၃ ချက်ကိုလည်း လိုက်နာစေဖို့ သက်ဆိုင်ရာ ကွပ်ကဲမှုအဖွဲ့တွေကလည်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိပါတယ်၊ သတ်မှတ်စည်းကမ်း လိုက်နာမှုမရှိတဲ့ ပြည်သူ့စစ်တွေ၊ အမိန့်နာခံမှုမရှိတဲ့ ပြည်သူ့စစ်တွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျှက်ရှိပါတယ်၊ စည်းကမ်းမဲ့ ပြည်သူ့စစ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြားမြင်သိရှိခဲ့လို့ တိုင်ကြားလာခဲ့ရင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်” လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
” ဝန်ကြီးဖြေသွားတာကတော့ သူ့ဆီကိုတိုင်ရင် ထိထိရောက်ရောက် အရေးယူမယ်ပြောတယ်၊ ထိထိရောက်ရောက်အရေးယူမယ်ပြောတာ ဖမ်းသွားတယ်၊ ဘယ်အဖွဲ့က ဖမ်းသွားမှန်းမသိဘူး၊ သွားရွေးတဲ့အခါ ဘယ်တွေမှာရောက်လည်းဆိုတော့ စစ်တပ်တွေမှာ စစ်သားစုဆောင်းရေးမှာ အဲ့လိုအခြေအနေတွေမှာ ရောက်ရောက်သွားတဲ့ အခါကျတော့ သူတို့ဆီမေးတော့လည်း ဘယ်သူကလာပို့သွားမှန်းမသိတဲ့ အခြေအနေလေးတွေ ဖြစ်တဲ့ခါကျ ဘယ်သူ့ကို တိုင်ကြားရမှာလဲ ဒါလေးတွေရှိတယ်” လို့ ဦးကိုကိုထွေး က ပြောပါတယ်။
မဟာအောင်မြေခရိုင်အတွင်းမှာ ဝန်ကြီးကိုယ်တိုင်သင်တန်းဆင်းပေးသွားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်ကာကွယ်ရေးအဖွဲ့(ပလကဖ) အထူးမွန်းမံအနေနဲ့ အင်အား ၂၅၀ သင်တန်းဆင်းသွားတဲ့ အဖွဲ့တွေရှိရက်နဲ့ လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေကို မြို့အတွင်းမှာ ထားအုံးမှာလား၊ ဒါတွေကိုရော စိစစ်ဖို့ရှိသလားဆိုတာကို တင်ပြချင်တာဖြစ်ပြီး မဟာအောင်မြေခရိုင်အတွင်းက ပြည်သူ့စစ်အဖွဲ့တွေကို ဖျက်သိမ်းစေချင်တာဖြစ်တယ်လို့ ဦးကိုကိုထွေး က ပြောပါတယ်။
အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်အတွင်း ၁၉ ရပ်ကွက်၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်မှာ ၁၈ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်မှာ ၂၀ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်မှာ ၁၄ ရပ်ကွက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၈ ရပ်ကွက်ရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးယူ ဆောင်ရွက်ပြီးတော့ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ထိန်းချုပ်ရှာဖွေတာတွေကို လုခြုံရေးအဖွဲ့နဲ့အတူ ကူညီဆောင် ရွက်ပေးနေကာ အဖွဲ့တွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်ဌာနက တိုက်ရိုက်ကွပ်ကဲကြီးကြပ်နေတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ဖြေကြားပါတယ်။
