နိုဝင်ဘာ ၂၀ – ၂၀၂၃
SN (VOM)
နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းခဲ့ပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဝယ်ယူရခက်နေပြီး တန်းစီ ဝယ်ယူနေရတဲ့အချိန်မှာဈေးနှုန်းအပြောင်းအလဲ နည်းခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်လာသလို ပြည်တွင်းဘဏ်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်း စတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ငွေထက်စိတ်ချရတဲ့ ရွှေဘက်မှာ ရင်းနှီးမြှုပ်နှံသူများပြားလာတဲ့အတွက် ရွှေဈေး ထိုးတက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
တဖက်မှာလည်း ငွေလဲနှုန်းတွေ မြင့်တက်နေပြီး တဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် လာမယ့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်လားရာကို ချိန်ဆနိုင်ဖို့ အခုတပတ်အတွင်း အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
#ရွှေဈေးနှုန်း
ပြီးခဲ့တဲ့လတွေက ကျပ် ၃၃-၃၄ သိန်းကျော်ဝန်းကျင်မှာ အချိန်ကြာကြာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်းတရိပ်ရိပ် မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာတော့ ကျပ် ၃၈ သိန်းကျော်အထိ ရောက်ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက်ပိုင်းမှာတော့ ၃၈ သိန်းအောက် ပြန်လည် ကျဆင်းခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ၃၇ သိန်းဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။
“တိုက်ပွဲတွေကလည်း ဖြစ်နေတယ်၊ ဘဏ်တွေနဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေကလည်း ထွက်နေတော့ လူတွေကလက်ထဲမှာ ငွေမကိုင်ထားရဲတော့ဘူးပေါ့။ အဲ့ဒါကြောင့် ရွှေကို အလုအယက်ဝယ်ကြတော့ ရွှေဈေးက ဒီတပတ်မှာ အလှုပ်အခတ်များခဲ့တာပါ။ ပြီးတော့ လက်ရှိမှာ ဒေါ်လာဈေးရော၊ ကမ္ဘာ့ရွှေဈေးရော တက်လာတယ်။ ဒီအချက်တွေကြောင့်လည်း ရွှေက အမြင့်ဈေးကိုရောက်သွားတာ။ ထပ်တက်မလား၊ ထပ်ကျမလား ဆိုတာကတော့ ဒီအချိန်မှာ မှန်းရခက်တဲ့ အနေအထားပါ” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်အထိ ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားဈေးဟာ ကျပ် ၃၅ သိန်းကျော်ဝန်းကျင်သာ ရှိခဲ့ပေမယ့်အခုတပတ်ထဲမှာတော့ ကျပ် ၃၈ သိန်းကျော်ဝန်းကျင်အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ဒါဟာ တပတ်အတွင်း တကျပ်သားကိုကျပ် သုံးသိန်းလောက်အထိ ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပဲ ကမ္ဘာ့ရွှေဈေးတွေဟာလည်း တပတ်အတွင်း မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်က တအောင်စကို ၁၉၃၇ ဒေါ်လာသာရှိခဲ့ရာမှ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ တအောင်စကို၁၉၈၃ အထိမြင့်တက်ခဲ့ပါတယ်။
ဒါပေမယ့် ဒီဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်က ဖြစ်ပေါ်ခဲ့တဲ့ တအောင်စ ကျပ် ၂၀၀၀ ကျော်ဈေးထက် နိမ့်ကျနေတာဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက ပြည်တွင်း အခေါက်ရွှေဈေးဟာ တကျပ်သား ၃၄ သိန်းကျော်၊ ၃၅ သိန်းနီးပါး ဝန်းကျင်မှာသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
#ငွေလဲနှုန်း
လက်ရှိ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနဲ့ နယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့ကြောင့်ကျပ်ငွေဈေး ဆက်တိုက် ကျဆင်းနေပြီး နိုင်ငံခြားငွေဈေးတွေလည်း အားလုံးနီးပါး မြင့်တက်လာနေပါတယ်။
“ကျပ်ငွေတန်ဖိုးက အရင်ကတည်းကိုက ကျဆင်းနေခဲ့တာ ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် အကျဘက်ကို ထပ်ရောက်နေတဲ့ သဘောပေါ့။ အဲ့ဒါကြောင့် ဒီတပတ်ထဲမှာ ဒေါ်လာဈေးက အတက်ဘက်ကို ပြန်ရောက်လာတယ်။ ဒီ့ထက်လည်း ထပ်တက်နိုင်ခြေရှိတယ်။ ဒါပေမယ့် ကုန်သွယ်ရေးတွေ ရပ်တန့်နေတဲ့အတွက် အရမ်းကြီးတော့ အတက်မကြမ်းနိုင်ဘူး” လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်က အမေရိကန် တဒေါ်လာပေါက်ဈေးဟာ ၃၃၀၀ ကျပ် ဝန်းကျင်မှာသာရှိခဲ့ပေမယ့် ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ တဒေါ်လာ ၃၅၀၀ ကျပ်အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုပဲ တခြားသော ငွေလဲနှုန်းတွေလည်း မြင့်တက်နေပြီး နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ တရုတ်ယွမ်ဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာ တယွမ်ကို ၄၈၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၈ ကျပ်ဝန်းကျင်နဲ့အိန္ဒိယရူပီး ၄၁.၁၆ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပြီး ဒါဟာ နှစ်လကျော်ကြာ ငြိမ်သက်နေတဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲမြင့်တက်မှုပမာဏ အများဆုံး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် (တနင်္လာ) နေ့ ဈေးကွက်ဖွင့်စဥ်တုန်းတော့ တရုတ်ယွမ် ၄၅၈ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၃ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၃၉.၉၀ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
#စက်သုံးဆီဈေးနှုန်း
စက်သုံးဆီဈေးကတော့ 92 အောက်တိန်း တလီတာဈေး ကျပ် ၂၀၀၀ စွန်းစွန်းမှာသာ ရှိနေပေမယ့် ဈေးကွက်အတွင်း ဆီလိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
မျက်စိမဆုံးတဲ့ ကားတန်းကြီးတွေကို စက်သုံးဆီဆိုင်တွေနား နေ့စဉ် မြင်တွေ့နေရပြီး ကားတစီးကို ကျပ်နှစ်သောင်းဖိုးသာရောင်းချပေးနေတယ်လို့ ဝယ်ယူသူတွေဆီက သိရပါတယ်။ အဓိက အသုံးပြုနေရတဲ့ အောက်တိန်း 92 နဲ့ 95 တွေကို ဆိုင်အများစုမှာ အရောင်းပိတ်ထားကြတဲ့အတွက် ဝယ်ယူလို့ မရတဲ့အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“92,95 က ဆိုင်ကြီးတွေတင်မကဘူး၊ အပြင်က ဆိုင်သေးသေးလေးတွေမှာတောင် ဝယ်လို့မရတော့ဘူး။ တနေကုန် ဆီလိုက်ရှာပြီး ထည့်နေရတယ်။ ဘယ်ဆိုင်မှာမှမရဘူး။ ကားသမားတွေတင်မဟုတ်ဘူး၊ ကယ်ရီသမားတွေပါအကုန် ဒုက္ခရောက်တာ။ ဆီမရတော့ ကယ်ရီဆွဲခတွေလည်း ဈေးတိုးတောင်းနေရတာပေါ့။ အရင် ဟိုနားဒီနား ၅၀၀ လမ်းကြောင်းဆို အခု ၁၀၀၀ ဖြစ်သွားတယ်။ ၂၅၀၀ လမ်းကြောင်းဆို အခု ၃၀၀၀ ပေါ့။ အဲ့လို ဖြစ်သွားတယ်။ ခရီးသည်တွေကိုလည်း နားလည်အောင်ပြောထားရတယ်၊ ဘယ်မှာမှ ဆီဝယ်မရဘူးလို့။ တနေ့တနေ့ ဆီရမယ့်ဆိုင် လိုက်ရှာနေရတာနဲ့ အချိန်ကုန်နေတယ်။ ဆီရဖို့ မနက် ၃ နာရီလောက်ကနေ သွားတန်းစီရင်လည်း မနက် ၆ နာရီလောက်ကျမှ ရတယ်။ ဒါတောင် ကံကောင်းလို့နော်၊ ကံမကောင်းရင် တန်းစီနေရင်း ဆီကုန်ပြီဆိုတာနဲ့ တိုးတာလည်း ရှိသေးတယ်” လို့ ဆိုင်ကယ် ကယ်ရီသမားတယောက်က ပြောပါတယ်။
အဲ့ဒီ့လို ဈေးကွက်အတွင်းမှာ စက်သုံးဆီတွေ ဝယ်ယူရ ခက်ခဲနေပေမယ့် နစက ပြန်ကြားရေးကတော့ ရန်ကုန်က စက်သုံးဆီဆိုင်တိုင်းမှာ ဆီကို ပုံမှန်အတိုင်း လိုသလောက် ဝယ်ယူလို့ရနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရန်ကုန်သီလဝါဆိပ်ကမ်းရှိ Denko Terminal , Max Terminal , MMTM Terminal , Brighter Energy Terminal , PSW Terminal , Regency SPC Terminal တွေအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နဲ့ လှိုင်သာယာမြို့နယ်ရှိ Denko Terminal တွေက စက်သုံးဆီတွေကို ဆီသယ်ယာဉ်တွေနဲ့ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိစက်သုံးဆီအရောင်းဆိုင်တိုင်းဆီကို စက်သုံးဆီသယ်ယာဉ် (Bowser) တွေနဲ့ နေ့၊ ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ့လို ဖြည့်တင်းပေးရာမှာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၂၆၁ဆိုင်ဆီကို ဆီသယ်ယာဉ် (Bowser) ၁၆ဝ၂ စီးနဲ့
92 Ron ဂါလန် တသန်းလေးသိန်းကျော်၊ 95 Ron ဂါလန် သုံးသိန်းခြောက်သောင်းကျော်၊ ဒီဇယ်ဆီ
ဂါလန် တသန်းတသိန်းငါးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ တသန်းငါးသိန်းလေးသောင်းကျော်ကို ပို့ဆောင် ဖြန့်ဖြူးခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးမှာ စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်နေပြီလို့ အသိပေး ကြေညာထားပါတယ်။ ဒါပေမယ့် အရောင်းဆိုင်တွေမှာတော့ စက်သုံးဆီတွေပြတ်လပ်ပြီး လိုသလောက် ရောင်းမပေးနိုင်တဲ့ အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တလီတာ ၂၁၀၅ ကျပ်၊ 95 တလီတာ၂၂၄၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၁၅ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ၂၁၅၅ ကျပ်၊ 95 တလီတာ ၂၂၉၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၆၀ ကျပ်၊ နေပြည်တော်မှာအောက်တိန်း 92 တလီတာ ၂၁၅၀ ကျပ်၊ 95 တလီတာ ၂၂၈၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၇၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ၂၂၆၀ ကျပ် သတ်မှတ်ထားပြီး အရင်တပတ်ကထက် ဈေးအနည်းငယ် ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရွှေငွေစက်သုံးဆီဈေး