ဆူးငှက်
အချိန်က လွတ်လပ်ရေး အရှိန်အဟုန် ပြင်းထန်နေတဲ့ ၁၉၃၈-၃၉ ခုနှစ်ကာလ။
၁၉၃၈ ခုနှစ်ဆန်းကတည်းက မန္တလေးမှာ ဗဟိုအမျိုးသား အထက်တန်းကျောင်း (ယခု အထက-၂) က စပြီး နယ်ချဲ့ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေစတင်နေပြီ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်သြဇာရှိတဲ့ ရဟန်းပျိုအဖွဲ့ကလည်း ထောက်ခံနေပြီ။ နယ်ချဲ့ကလည်း ဖမ်းသူဖမ်း၊ ထောင်ချသူချနဲ့ ဖိနှိပ်နေပြီပေါ့။ ဒီကြားထဲ လူမျိုးရေးအဓိကရုဏ်းကိုလည်း ဖန်တီးလိုက်သေးတယ်။ ဒါပေမယ့် နယ်ချဲ့ဆန့်ကျင်ရေး အရှိန် အဟုန်က မပျက်ပြယ်ခဲ့ပါဘူး။ ကျောင်းသားလှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာရဟန်းပျိုအဖွဲ့ရော၊ မြို့လူထုသာ မက ဈေးချိုသူဈေးချိုသားတွေလည်း ပါဝင်လာကြတယ်။ ကျောင်းသားတွေနဲ့ မြို့လူထုကစီတန်းဆန္ဒပြမယ်။ ဈေးချို တော်ကြီးလည်း ဆန္ဒပြလူထုကြီးကိုကြိုဆိုကြမယ်။ ဂုဏ်ပြုကြမယ်။ ခေါင်းဆောင်တွေကိုပန်းကုံးစွပ်ကြမယ်နဲ့ အုတ် အော်သောင်းနင်းဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော်မှာ ပုဒ်မ-၂၃(၇)ကို ထုတ်ပြန်လိုက်ပါတယ်။
ရဟန်းပျိုအဖွဲ့ကလည်း မန္တလေးဈေးချိုတော်ကြီးကို သပိတ်မှောက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒီတော့ ဈေးချိုသူ၊ ဈေးချိုသားတွေဟာ ၁၃၀၀ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၁၉၃၈ခု နိုဝင်ဘာ ၁၁ ရက်)နေ့မှာ ဈေးချိုရုံကြီး (၁၂)ရုံကိုသပိတ်မှောက်ပြီး ဈေးချိုအနောက်ဘက်၊ သီရိဟေမာ အရှေ့ရပ်ကွက်မှာရှိ တဲ့ အိမ်တော်ရာဘုရားဝင်းထံ ဈေးသွားဖွင့်ကြတယ်။မန္တလေးဈေးချိုဆိုတာ လူမျိုးပေါင်းစုံ၊ လူတန်းစား ပေါင်းစုံကိုး။ နယ်ချဲ့ကို တော်လှန်ဖီဆန်ပြီး သပိတ်မှောက်ကြတော့လူမျိုးခြား အရင်းရှင်ကုန်သည်ကြီးတွေက ဘယ်ပါရဲမလဲ။ ဒါ့အပြင် နယ်ချဲ့အလိုတော်ရိတွေ၊ တောကြောင်တွေကလည်း ဒီတိုက်ပွဲမှာ ဘယ်ပါရဲကြလဲ။ ဒီလိုလူတွေဟာ ဘုရားဈေး ကို မလိုက်ဘဲ ခြောက်ကပ်ကပ် ဈေးချိုမှာ နေရစ်ခဲ့ကြတယ်။ တချို့လည်း ပစ္စည်းသိမ်း၊ အိမ်ပြန်ပြီး မသိလိုက်မသိဘာ သာ နေကြတယ်။ ဒါပေမယ့် ဒီလိုလူတွေက လူနည်းစုပါ။ မြန်မာလူမျိုးတိုင်းမျိုးချစ်စိတ်ရှိသူတိုင်းဟာ ဘုရားဈေးမှာ ရဲရဲ ဝံ့ဝံ့ ဈေးထွက်ကြပါတယ်။
လွတ်လပ်ရေးတိုက်ပွဲ သမိုင်းကာလမှာ ပေါ်ထွန်းခဲ့တဲ့ မြို့မငြိမ်းလို ပုဂ္ဂိုလ်ကြီးဟာ မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲကိုထင်ဟပ်စေတဲ့ သီချင်းတွေ မရေးဖွဲ့ဘဲ စာနု၊ စာယဉ်တွေနဲ့ပဲ တင်းတိမ်နေခဲ့သလားလို့ တွေးမိကောင်း တွေးထင်မိကြပါလိမ့်မယ်။ဒါပေမယ့် ဆရာငြိမ်းဟာ စာနု၊ စာယဉ်တွေနဲ့ပဲ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ကလောင် လက်နက်နဲ့ တစ်ဘက်တစ်လမ်းကပါဝင်ခဲ့တယ်။ ထိုသုံးပါး၊ ရေခင်းတော် မြင်းခင်းတော်နဲ့ နတ်ရှင်နောင်လို သီချင်းမျိုးတွေဟာ သူ့ကျွန် ဘ၀ ရောက်ရတဲ့ မြန်မာလူထုအတွက် မျိုးချစ်စိတ်တွေ ပေါ်ပေါက်စေဖို့ အထောက်အကူ ဖြစ်ရပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး သီချင်းနဲ့ လူချွန်လူကောင်း သီချင်းတွေကလည်း ကမ္ဘာ့လူထု၊ မြန်မာ့လူထုအတွက် မျှော်မှန်းချက် ရည်မှန်းချက်တွေကို ထပ်စပ်စေတာပဲ မဟုတ်ပါလား။
ကျွန်တော်တို့ဟာ ဆရာငြိမ်းရဲ့ သီချင်းများကို ပြန်လည်လေ့လာကြတဲ့အခါ သမိုင်းအတွက် တန်ဖိုးလည်းရှိ၊ သီချင်းရေးဆရာအဖို့ ဂုဏ်သိက္ခာလည်းရှိ၊ မွန်မြတ်မှုလည်းရှိစေတဲ့ သီချင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ ဒီသီချင်းဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်နက်အားကိုးနဲ့ မတရားဖိနှိပ်တဲ့ ခေတ်ကြီးမှ နယ်ချဲ့ကို သူ့ကျွန်မခံ မျိုးချစ်စိတ်နဲ့ ဖိရင်ကြွ၊ ထိရင် ချခဲ့ကြတဲ့ မြန်မာတို့ရဲ့ တိုက်ပွဲတစ်ရပ်ကို ဆရာငြိမ်းဟာ သူတတ်ကျွမ်းတဲ့ ပညာရပ်နဲ့ ဂုဏ်ပြုစပ်ဆိုခဲ့တဲ့ သီချင်းပါ။ ဆရာ ငြိမ်းဟာ ဒီသီချင်းနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လူထုကို ဂုဏ်ပြုရုံမက အရေးကြီးတဲ့ သမိုင်းတစ်ရပ်ကိုလည်း ကမ္ပည်းထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာဆရာငြိမ်းဟာ ပြည်သူ့ဘက် မှန်ကန်တဲ့ဘက်က ရဲရဲရပ်ပြီး
“အိမ်တော်ရာ ဘုရားဈေး” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးဖွဲ့လိုက်ပါတော့တယ်။
ဒီသီချင်းရဲ့ ပထမအပိုဒ်မှာ …
“လက်ဆယ်ဖြာ စုံညီ၊ တင်ထိပ်ဦး ဖူးခဲ့သည်
မှတ်မိကြသေးရဲ့လား မေးလိုက်ချင်သည်
လေပြည်ဆော်ပြန်ရင် … ညောင်ရွက်သံ တရှဲရှဲ
ဆည်းလည်းသံ ညံစီစီ (တွေးမိပြီ)၂
လောကရံသီ၊ အိမ်တော်ရာစေတီ၊
ဘုရားဈေး ပြေးလို့ မြင်နိုင်သည်။
တို့ဂုဏ်ရောင်
ပြောင်ပြောင်၊ စည်းရုံးရေးကြောင့်
အောင်ပေသည် …”လို့ ရေးဖွဲ့ထားပါတယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ဘုရားရိပ် တရားရိပ်ရဲ့ အေးမြပုံကို လေပြည် ညောင်ရွက်သံ၊ ဆည်းလည်းသံစတဲ့ စကားလုံးတွေနဲ့ခြယ်မှုန်းပြီး၊ ဘုရားဈေးကို မှတ်မိကြပါရဲ့လားဆိုတဲ့ ချစ်စရာမေးခွန်းလေးနဲ့အတူ ပြည်သူလူထုရဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာစည်းရုံးရေးကြောင့် အောင်မြင်ခဲ့ပုံကို သတိရစေခဲ့ပါတယ်။
အဲဒီခေတ်က ဈေးချိုတော်ကြီးမှာ အဝတ်အထည်တွေ ရောင်းချကြတာက နိုင်ငံခြားသား အရင်းရှင်ကြီးတွေပဲ များပါတယ်။ ပြီးတော့ နိုင်ငံခြားဖြစ် အဝတ်အထည်တွေကိုပဲ အလုံးအရင်းနဲ့ ရောင်းကြတာမို့ တိုင်းရင်းသား ကုန်သည် လေးတွေရဲ့ တိုင်းရင်းဖြစ်အထည်လေးတွေဟာ မျက်နှာပန်းမလှ ဖြစ်နေတာပေါ့။ အခုလို ဈေးချိုကြီး သပိတ်မှောက် လိုက်တော့ ဟံဇားဦးအေး၊ ဒေါ်သန်းစတဲ့ တိုင်းရင်းသား အထည်ကုန်သည်တွေကပါ ဘုရားဈေးမှာလာပြီး တက်တက် ကြွကြွ ဈေးထွက်ကြပါတယ်။ ဒီတော့ ဆရာငြိမ်းဟာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသား အထည်ကုန်သည်များနဲ့ တိုင်းရင်း ဖြစ် အထည်များကို ဂုဏ်ပြုစပ်ဆိုတဲ့အခါ …
“မြန်မာဖြစ် ဟံဇားအထည် တောင်မြို့ထည်တွေရဲ့ ရောင်စုံလှပုံတွေဟာ မျက်စိတွင်းက မထွက်ကြောင်း၊ ဟံဇားထည်နှင့် တောင်မြို့ထည်များသာ ဝတ်ဆင်ပါက မြန်မာ့ ကျက်သရေ၊ မြန်မာ့အလှတွေဖြင့် အဆင်ပြေပြေ ယဉ်ပေ မည် ဖြစ်ကြောင် တခမ်းတနားစပ်ဆိုခဲ့ပါတယ်။ တစ်ခါ မန္တလေး ဈေးချိုသူတွေရဲ့ ဖော်ရွှေမှု၊ ယဉ်ကျေး သိမ်မွေ့မှုတွေနဲ့ ဈေးဝယ်သူကို ပြုံးမယောင် မျက်နှာလေးနဲ့ မရဲတရဲ မေးတတ်ပုံကအစ ယနေ့ထက်တိုင် မန္တလေးရဲ့ နာမည်ကြီး အစား အသောက်ဖြစ်တဲ့ “မလိုင်ပေါက်စီ” ပါ ဘုရားဈေးမှာ ရနိုင်ကြောင်းများကို သီချင်းရဲ့ ဒုတိယအပိုဒ်မှာ အခုလို စပ်ဆိုခဲ့ပါ တယ်။
“ဟံဇားထည် (တောင်မြို့ထည်) နီပြာဝါရွှေ”
စိမ်းလဲ့ညို ကျော့ရှင်း
မျက်စိတွင်းက မထွက်သည်။ မြန်မာ့အသရေ
အလှတွေ၊ အဆင်ပြေ၊ ယဉ်ပေသည်။ ပြုံးမယောင်
မျက်နှာလေးက၊ မရဲတရဲ ဘာဝယ်မလဲရှင်၊
ဈေးသည်ပီပီ၊ မေးတတ်ရှာသည်၊ စားဖွယ်
သောက်ဖွယ်၊ ငါးခြောက်ရယ် ငါးပိရယ်ရှိတယ်။
ဘာကိုမဆို အလိုပြည့်နိုင်သည်၊ ယုတ်စွအဆုံးတိုင်
မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည်။ အပါးနံဘေး
ဘုရားဈေး အိမ်တော်ရာစေတီ …။
အိမ်တော်ရာမှာ ဈေးဖွင့်တော့ မူလက ဈေးချို အမှုဆောင်အဖွဲ့အစား ရဟန်းပျိုအဖွဲ့ရဲ့ သြဝါဒခံ ဈေးအမှု ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ဆင်တံတား ဦးသိန်းကို ဥက္ကဋ္ဌ တင်လိုက်တယ်။ မိုးကောင်းတိုက် ဦးပဏ္ဍိ၊ ဦးမေဏ္ဍက၊ ဦးကာကြီး၊ ဦးကာလေး၊ ဦးဝိမလ၊ ဦးကုသလ၊ ဦးကောလာသ(အာဇာနည်)နဲ့ ဦးနာရဒ စတဲ့ ဆရာတော် ဘုရားများက ဈေးကို စောင့်ရှောက်ကြတယ်။ အဲဒီလိုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ နိုင်ငံရေး အနှစ်သာရ ပြည့်၀ စွာ ပေါ်ပေါက်လာခဲ့တဲ့ အိမ်တော်ရာ ဘုရားဈေးမှာ ဈေးထွက်သူ မျိုးချစ် ဈေးသည်မလေးတွေနဲ့ ရွှတ်နောက်နောက် လူပျိုကာလသားများကြားက နောက်ပြောင်ကျီစယ်မှုဟာဈေးသည်မလေးတွေရဲ့ “နုတဲ့ ပါးပြင်ဆီ ရှက်သွေးဥလို့နီ” သည်အထိ အတိုင်းအထက်အလွန် ဖြစ်တတ်ပါတယ်။ ဒီလိုများ နောက်ပြောင်မှု လွန်ကဲလာရင် ဈေးအုပ်ချုပ်ရေး ဆရာ တော်များက တားမြစ် အပြစ်ပေးပါတယ်။ ဒီတော့ ဆရာငြိမ်းက မျိုးချစ်ဈေးသည်မလေးတွေဘက်က ရပ်တည်ပြီး အစ်ကိုကာလသားတွေကို ဘုန်းဘုရား ရိုက်နှက်အပြစ်ပေးမှု မခံရလေအောင် လှပပြေပြစ်တဲ့ အရေးအသား စကားလုံး တွေနဲ့ အခုလို သတိပေး ရေးစပ်ထားပါသေးတယ်။
“ဘုရားတန်ခိုးနဲ့ တိုးလို့လှတဲ့ ကုမ္မာရီ
ကာလသားတွေ လာပြန်ပြီ၊ ပိုက်ဆံမပေးရတိုင်း
ပိုးလဲ ပိုးရှာကြတော့သည်။ အလော်မာသဘော
မတော်တာပြော၊ သူတို့ပဲ စကြသည်။ နုတဲ့ပါးပြင်ဆီ
ရှက်သွေးဥလို့နီ၊ မျက်စောင်းလေး သုန်သုန်မှုန်မှုန်
ဘုန်းဘုန်းကို လျှောက်လိုက်ရင်
အခြောက်တိုက်ပင် အရိုက်ခံ ထိတော့မည် …”တဲ့။
ဒါကြောင့် မြို့မငြိမ်းရဲ့ “အိမ်တော်ရာ ဘုရားဈေး” သီချင်းဟာ ၁၃၀၀ပြည့်ုနှစ် မန္တလေးရဲ့ သမိုင်းဝင်ဖြစ်ရပ် တစ်ခုကို မှတ်တမ်းတင်တဲ့ နေရာမှာ အသံ၏ ပြေပြစ်ခြင်း၊ အဓိပ္ပာယ်ကောင်းခြင်း၊ စာသားနုခြင်း၊ ခေတ်ကို ထင်ဟပ်စေခြင်းစတဲ့ အချက်များကြောင့် ရင်ထဲ အသည်းထဲ တစိမ့်စိမ့် စွဲဝင်နေရပါတော့တယ်။ မြန်မာပြည်အတွက် ကောင်းမွန်သော အပြောင်းအလဲတစ်ရပ်ဆီဦးတည်နေတဲ့ မင်္ဂလာအခါသမယမှာ ပြည်သူနှင့် အနုပညာရှင် ခံစားချက်ချင်း ထပ်တူကျခဲ့တဲ့ “ အိမ်တော်ရာဘုရားဈေး” သီချင်းဟာ အခု နိုဝင်ဘာ ၁၁ ရက်နေ့ကပဲ ၈၅ နှစ်ပြည့်ခဲ့ တာမို့ အမှတ်တရ ဂုဏ်ပြုလိုက်ရပါတယ်။
ဆူးငှက်