နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းခရီးသွားကဏ္ဍ ကျဆင်းနိုင်

 

ရန်ကုန် ၊ဒီဇင်ဘာ ၂၀ – ၂၀၂၃

GG(VOM)

ခရီးသွားရာသီရောက်နေပေမယ့်လည်း မြန်မာနိုင်ငံထဲက နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်တာကြောင့် ခရီးသွားလုပ်ငန်းက ခန့်မှန်းထားသလောက် တိုးတက်မှုရှိမလာနိုင်ဘူး လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကသုံးသပ်ပါတယ်။

လတ်တလော ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိသေးတာက ရန်ကုန်၊နေပြည်တော်၊ မန္တလေး ၊ ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း၊ပုဂံ၊တောင်ကြီး အင်းလေး ၊ ပြင်ဦးလွင် ၊ ငပလီကမ်းခြေ ၊ ငွေဆောင်၊ချောင်းသာ၊ မြိတ်ကျွန်းစု စတဲ့နေရာအချို့သာ ရှိနေတယ်လို့သိရပါတယ်။

အဆိုပါ ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် ဗုံးပေါက်ကွဲတာနဲ့ ပဋိပက္ခတွေ ရှိနေတာကြောင့် ခရီးသွားတွေအတွက် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက်မလိုအပ်တဲ့ ခရီးစဥ်တွေ ဖျက်သိမ်းရတာတွေရှိလာတယ်လို့သိရပါတယ်။

” အေးချမ်းတယ်ဆိုတဲ့နေရာတွေကရော လုံခြုံပါတယ် ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူအာမခံနိုင်လဲ ၊ဒေသခံတွေဆိုလည်းပြင်ထားကြတယ်။ ေနာင်ချိုဘက်တိမ်ပင်လယ်ဆိုလည်းပြင်ထားကြတယ်။တလအတွင်းအကုန်ဖြစ်ပျက်သွားတာလေ၊ဘယ်သူမှကြိုမသိနိုင်ဘူး။ဘယ်သူမှလည်း စိတ်ချရပါတယ်လာပါအာမခံတယ်လို့မပြောနိုင်ဘူး။ဒီတော့သွားချင်တဲ့သူကသွားပေါ့၊မသွားချင်တဲ့သူကတော့ မသွားဘူးပေါ့။ ဖြစ်ရင်တော့ဖြစ်သွားတာပဲ၊ သွားချင်တဲ့သူကတော့သွားနေတာပဲ။ ကိုယ့်ရဲ့စဥ်းစားတွေးခေါ်ညဏ်နဲ့ ပဲလုပ်ကြရတာပေါ့။ အဓိက ပြည်သူတွေအသက်လောက်တော့ အရေးမကြီးဘူး ” လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတယောက်ကပြောပါတယ်။

အကယ်၍ မဖြစ်မနေ ခရီးသွားလာရပါကလည်း တာဝန်ရှိအဖွဲ့အစည်းတွေအားလုံးနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံဖို့လိုကြောင်း ၊ မိမိသွားလို့တဲ့ နယ်မြေခြေအနေ ကို အသေးစိတ် လေ့လာထားဖို့လည်း အကြံပြုပြောဆိုထားပါတယ်။

နယ်မြေ မအေးချမ်းတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ် ၊ချင်းပြည်နယ်၊ ကရင်ပြည်နယ် ၊ မကွေးတိုင်းထဲက နေရာအချို့၊စစ်ကိုင်းတိုင်း ၊ ပဲခူးအရှေ့ခြမ်း တွေမှာ တိုက်ပွဲတွေဖြစ်ဖြစ်ပွားနေပြီး ခရီးသွားလာလို့ မရတဲ့အခြေအနေရှိနေပါတယ်။

” ပုံမှန်ဆို ခုကာလက ဒီဇင်ဘာပိတ်ရက်တွေနဲ့ ခရီးတွေထွက်ကျတဲ့လပဲ၊အခုကတော့ ခရီးက မဖြစ်မနေ အလုပ်ကိစ္စရှိမှပဲသွားတယ်။ မဟုတ်ရင်ခုကာလက အပျော်ခရီးသွားလို့ကောင်းတဲ့ကာလမဟုတ်ဘူးပေါ့နော်၊ကိုယ်သွားတဲ့နေရာက တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်လိုက်ပြီဆိုရင် ဘာမှလုပ်လို့မရတော့ဘူး။အေးချမ်းမှ ခရီးတွေ ထွက်လည်း ရပါတယ် အသက်ညဏ်စောင့်ရမယ့်အချိန်ပါဗျ၊ ငပလီ ဖြစ်စဥ်ကသက်သေပဲလေ ” လို့ ပြည်သူတယောက်ကမှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ငပလီကမ်းခြေကို အပန်းဖြေခရီးသွားတဲ့ ပြည်တွင်း ခရီးသွားဧည့်သည်တွေ ရခိုင်မှာဖြစ်တဲ့ တိုက်ပွဲကြောင့် ကုန်လမ်း ရေလမ်းပိတ်လိုက်ရပြီး ငပလီမှာ ပိတ်မိခဲ့ရတဲ့ ဖြစ်စဥ် ဖြစ်စဥ်ဟာ ပြည်တွင်း ခရီးသွားတွေအတွက် သတိပြုစရာ တခုသဖွယ်ဖြစ်ခဲ့တာဖြစ်ခဲ့ပါတယ်။

အလားတူ ပြည်ပနိုင်ငံတွေထဲက အမေရိကန်အပါအဝင် နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသအဖြစ် သူတို့နိုင်ငံသားတွေကို သတိပေးတာတွေလည်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကတော့ ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားလုပ်ငန်းကနေ ပြန်လည်စတင်ကာ ဆွဲ ဆောင်ပြီး တိုးတက်လာစေဖို့အတွက် ခရီးစဥ်အသစ်တွေဖော်ဆောင်လာနေပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ကိုဗစ်ဖြစ်ပွားချိန်ကတည်းက စပြီး ကျဆင်းခဲ့တာဖြစ်ပြီး အဲ့ဒီနောက် နိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်ပွားကာ တိုက်ပွဲတွေဖြစ်ပေါ်လာပြီး ခရီးသွားကဏ္ဍက သွားလာလည်ပတ်စရာနေရာဒေသနည်းသွားသလို လုံခြုံရေးအာမခံချက်မရှိတာကြောင့် ကျဆင်းလာတာဖြစ်ပါတယ်။

Photo Crd:Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW