မော်တော်ယာဥ် စံနှုန်းသတ်မှတ်ချက်တွေကြောင့် ကားဈေး အတက်အကျ မရှိနိုင်

ဇန်နဝါရီ ၁၀ – ၂၀၂၄
SN (VOM)

ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဥ် စံနှုန်းသတ်မှတ်ချက် ရာဖြတ်ဈေးတွေကြောင့် ကားဈေးနှုန်း အတက်အကျ ရှိမလာနိုင်ဘူးလို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

“အမည်ပြောင်းပုံ ရာဖြတ်ဈေးနှုန်းကတော့ update ၂၀၂၄ နဲ့ပြောင်းလဲလိုက်တယ်ပေါ့နော်။ အခွန်ကတော့ ၃ ရာခိုင်နှုန်းပါပဲ။ ဒါနဲ့ပတ်သက်လို့ ကားဈေးကွက်အခြေအနေက ဘာမှ အပြောင်းအလဲမရှိပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်းပြောဖြစ်တယ်။ ရာဖြတ်ဈေးတက်လို့ ကားဈေးတက်စရာတော့ အကြောင်းမရှိဘူး။ အရောင်းအဝယ် အနေနဲ့ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလတွေထက်စာရင်တော့ အရောင်းအဝယ်ပိုမို များပြားလာပါတယ်။ များတယ်ဆိုတာ အရမ်းရောင်းရတယ်၊ အရမ်းဝယ်ရတယ်ပြောတာ မဟုတ်ဘူး။ နည်းနည်းလေး ပိုများလာတာ။ ဈေးကတော့ ဘယ်လိုဆွဲတင် ဆွဲတင်၊ မရဘူးပေါ့နော်။ ပုံမှန်ဈေးမှာပဲ အရောင်းအဝယ်ဖြစ်တာပါ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရာဖြတ်‌ဈေး သတ်မှတ်ချက်ကြောင့် ကားဈေးနှုန်း အတက်အကျ ကြမ်းနိုင်မယ်လို့ ဈေးကွက်အတွင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့် လတ်တလော ကာလတိုအတွင်းမှာတော့ ကားဈေးနှုန်းက အလွန်အကျွံ ဈေးတက်တာ၊ ကျတာမျိုး မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

“ကားလုပ်ငန်း လုပ်နေတဲ့သူတွေကတော့ ဒီလောကရဲ့ update ကို သိနိုင်တယ်။ ဒါပေမယ့် အပြင်လောက က နေပြီးတော့မှ ရှိတဲ့ကားကို ရောင်းချင်တာ၊ ဒါမှမဟုတ် အခုမှ ကား စ ဝယ်မယ့်သူတွေဆိုရင်တော့ ဒီအချိန် ဝယ်လို့လည်းရပါပြီ၊ ရောင်းလို့လည်း ရနေပြီလို့ ပြောချင်တယ်။ ပုံမှန်အနေအထားမှာ ရောက်နေတဲ့အတွက်ကြောင့် ဝယ်လို့၊ ရောင်းလို့ရတဲ့ ဈေးကွက်အနေအထားပါ။ ဒီထက် ထပ်ကျဖို့လည်း မရှိသလို ဒီ့ထက်အများကြီး ဆွဲတင်လို့လည်း မရဘူးလို့ ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်” လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

ပြည်တွင်းကားဈေးကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်မယ်ဆိုတဲ့ ဂယက်ကြောင့် ကားဈေး အတက်ကြမ်းခဲ့ပေမယ့် လက်ရှိ အခြေအနေကြောင့်တော့ ဈေးနှုန်းအပြောင်းအလဲ သိပ်မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

ကားတန်ဖိုးအပေါ် ပေးဆောင်ရတဲ့ အခွန် ရာခိုင်နှုန်းနဲ့ ပတ်သက်လို့လည်း အရင်က ရှိထားတဲ့အတိုင်း ကားတန်ဖိုးအလိုက် ၃ ရာခိုင်နှုန်း အခွန်ဆောင်ရမှု ပြောင်းလဲခြင်း မရှိသေးပေမယ့် ပြည်တွင်းအခွန်မှ သတ်မှတ်ပေးတဲ့ ရာပြတ်တန်ဖိုးအပေါ်မူတည်ကာ အခွန်ဈေးနှုန်း ပြောင်းလဲသွားတာမျိုးလည်း ရှိတတ်ကြောင်း ကားလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

“ရာပြတ်တန်ဖိုးအပေါ် အခွန်ကောက်ခံမှုက ဘယ်လိုသွားမလဲ အခုထိတော့ သေ‌သေချာချာ ‌မသိရ‌သေးဘူးပေါ့။ အခွန်ကိစ္စက ဘဏ္ဍာနှစ်အလိုက် သွားတာဆိုတော့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကလည်း ဧပြီလမှ ကုန်မှာဆိုတော့ အဲ့ကျမှပဲ သေ‌ချာသိရမယ်။ ကားဈေးကွက် ဈေးနှုန်းအပြောင်းအလဲကလည်း အဲ့ဒီ့အချိန်ကို တချက် စောင့်ကြည့်ရမှာပေါ့။ ရာဖြတ်တန်ဖိုးကို ဘယ်လောက်ဖြတ်မှာလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး အခွန်က တိုးသွားတာပါ။ လက်ရှိမှာတော့ ကားက သူ့ဈေးတန်းနဲ့ သူသွားနေပါတယ်” လို့ ကားဝယ်ရောင်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ကားဈေးကွက်အတွင်း ဈေးတန်း အနိမ့်ကားလို့ခေါ်တဲ့ ကျပ် သိန်း ၃၀၀ အောက်ကားတွေနဲ့ ကျပ်သိန်း ၃၅၀ မှ ၅၀၀ အထိ အိမ်စီးကားတွေ၊ ကျပ်သိန်း ၅၀၀ မှ သိန်း ၁၀၀၀ တန်ကားတွေ၊ ကျပ်သိန်း ၁၀၀၀ တန်မှ ၂၀၀၀ တန်ကားတွေက အရာင်းအဝယ်ဖြစ်နေပြီး ကျပ်သိန်း ၃၀၀၀ အထက် ကားတွေကတော့ ဝယ်လိုအားနည်းတယ်လို့ ကားဈေးကွက်အတွင်းက သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ လောင်စာဆီသုံး ကားအစီးရေ တသန်းကျော်ရှိပြီး ရန်ကုန်တိုင်းအတွင်းမှာ ကားအစီးရေ ငါးသိန်းကျော်အထိ မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW