ကသာခရိုင် MSD စက်ရုံက ကြံဖိုးငွေ သိန်းက်ိုးသောင်း​ကျော် မပေးသေးလို့ တောင်သူတွေ ဒုက္ခရောက်နေ

ဇွန် ၂၅ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံဟာ ကြံရာသီကုန်လို့ စက်ရုံပိတ်သွားတာ တလခွဲရှိပေမယ့် ခုချိန်ထိ တောင်သူတွေကို ကြံဖိုးငွေ ပေးချေခြင်း မရှိသေးတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
တောင်သူ ၈၀၀ လောက်ဟာ MSD စက်ရုံဆီကနေကြံဖိုးငွေ သိန်းပေါင်း ၉၀၀၀၀ ကနေ သိန်းပေါင်း ၁ သိန်း အကြား ရဖို့ရှိနေတာလို့ သိရပါတယ် ။
စက်ရုံနဲ့ ကြံတောင်သူတွေအကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှု စာချုပ်ရဆိုပါက စက်ရုံပိတ်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ တောင်သူတွေကို ပေးဖို့ကျန်ရှိတဲ့ ကြံဖိုးငွေအားလုံးကို ပေးချေရမှာဖြစ်ပေမယ့် ခုချိန်ထိ MSD စက်ရုံကနေရဖို့ရှိတဲ့ ကြံဖိုးငွေကို တောင်သူအားလုံး မရရှိသေးတာကြောင့် ခက်ခဲနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ခုထိသကြားဖိုးမရသေးပါဘူး ။စက်ရုံပိတ်ပြီး ရက်ပေါင်း ၆၀ အတွင်းပေးမယ် ပြောပါတယ် အခုစက်ရုံပိတ်တာ ၄၅ ရက်ရှိသွားပါပြီ။MSD စက်ရုံက ကြံဖိုး ဘယ်သူမှ မရကြသေးဘူး။MSD တခုပဲ ကြံဖိုးများများကျန်နေတာပါ။သိန်းပေါင်း ၉၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြား ရဖို့ရှိနေတာပါ။စက်ရုံဘက်က ဘယ်လိုမှ မထုတ်ပြန်သေးတော့ ခက်နေတာ ။ ကြံဖိုးရဖို့ တောင်သူတွေစောင့်မျှော်နေကြတယ်။ တောင်သူတွေလည်း ကြပ်တည်း နေကြပါပြီ။ “လို့ MSD စက်ရုံကနေ ကြံဖိုးငွေ ရဖို့ရှိနေတဲ့ ကြံတောင်သူကပြောပါတယ် ။
MSD စက်ရုံဟာ ကြံတတန်ကို စက်ရုံအရောက်စျေး ၁၁၅၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး ကြံဝယ်ယူစဥ်က ကြံဝယ်စျေးကြိုတင်ပေးချေငွေအဖြစ် ကြံတတန်ကို ၂၅၀၀၀ ကျပ်သာ ထုတ်ပေးထား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်သူတွေက ရဖို့ရှိနေတဲ့ ကြံဖိုးငွေတွေကို သကြားယူဖို့ ဆန္ဒမရှိကြောင်းနဲ့ ရက် ၆၀ မပြည့်ခင်မှာ ကြံဖိုးကို ငွေသားနဲ့သာ ပေးချေပေးဖို့ တောင်းဆိုနေကြပါတယ်။
အဲဒီအပေါ် ကြံတောင်သူတယောက်က
“ကြံဖိုး သကြားယူရတယ်ဆိုတာ ဘယ်လိုမှကို မဖြစ်တဲ့အခြေအနေမျိုးမှလေ။ တောင်သူက သကြားထုတ်ပြီး ဘယ်မှာရောင်းရမလဲ ။ သယ်ယူစရိတ်နဲ့ စျေးကွက်ကလိုသေးတယ်။ အဆင်မပြေဘူးလေ။ စာချုပ်မှာ ရက် ၆၀ အတွင်းပေးမယ်ပြောထားတာလည်းပါတာပဲလေ။ ခုမှ သကြားမရောင်းရလို့ ကြံဖိုးမပေးနိုင်သေးဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ” လို့ ပြောပါတယ် ။
စက်ရုံနဲ့ တောင်သူ နှစ်ဖက်သဘောတူညီစာချုပ်မှာ ကြံဖိုးငွေပမာဏကို စက်ရုံမှ မန္တလေးကို သကြား သယ်ယူပို့ဆောင်ပြီးမှသာ ပေးချေမှာဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် သကြား ရောင်းချလို့ မရခြင်း၊ သကြားသယ်ယူလို့ မရခြင်း အစရှိတဲ့ မမျှော်မှန်းနိုင်တဲ့ အခက်အခဲဖြစ်ရပ်တွေ ပေါ်ပေါက် လာပါက ရောင်းချသူ လိုအပ်နေတဲ့ ကြံဖိုးငွေကို သကြားထုတ်ယူနိုင်ကြောင်း စက်ရုံနဲ့ ကြံတောင်သူအကြား သဘောတူညီစာချုပ် ချုပ်ထားတာရှိတယ်လို့ သိရပါတယ်။
သကြားအိတ် မထုတ်ယူလိုပါက မည်သည့်အပိုစောင်းငွေမျှ မပါဝင်တဲ့ ကြံဖိုးငွေပမာဏကို စက်ရုံဘက်မှ ပြေလည်တဲ့အချိန်ထိ မည်သည့်အနှောင့်အယှက် တစုံတရာ ပြုလုပ်ခြင်းမရှိဘဲ စောင့်ဆိုင်းမယ့်အကြောင်း သဘောတူညီမှု ရှိထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပေါ် မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက” MSD က ခုရက်ပိုင်း သကြားတွေ အိတ် သိန်းနဲ့ချီရောင်းလိုက်တယ် ။ သူတို့တွေ ငွေကောက်ပြီးရင်တော့ တောင်သူတွေကို ပေးပါလိမ့်မယ်။ ကြံဖိုးငွေ အများဆုံးကျန်နေတာ MSD စက်ရုံပဲရှိပြောရမှာပေါ့။ ကျန်တဲ့ သကြားပေးတဲ့ စက်ရုံတွေက တော်တော်များများ ပေးပြီးပြီသိရတယ်။ ” လို့ပြောပါတယ်။
ကသာခရိုင်မှာ ပြီးခဲ့တဲ့ကြံရာသီချိန်တုန်းက တန် ၂၀၀၀ ကြိတ်ဝါးနိုင်တဲ့ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ ၊ တန် ၅၀၀၀ ကြိတ်ဝါးနိုင်တဲ့ MES နဲ့ တန် ၃၀၀ ကနေ ၇၀၀ ကြား ကြိတ်ဝါးနိုင်တဲ့ စက်ရုံအသေးတချို့ကတော့ ရက်ကြာကြာ လည်ပတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
တရက်ကို တန် ၈၀၀၀ ကြိတ်ဝါးနိုင်တဲ့ စက်ရုံကြီးကတော့ ဆယ်ရက်လောက်သာလည်ပတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
စက်ရုံလည်ပတ်ခဲ့တဲ့အထဲမှာ MSD ကသာ ကြံဖိုးကို ငွေပေးချေဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ကျန်တဲ့စက်ရုံတွေကတော့ ကြံဖိုးကို သကြားပြန်ပေးတဲ့ စနစ်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ကသာခရိုင်မှာ ဖြစ်ပွားတဲ့ နယ်မြေအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ကြံကြိတ်ဝါးရာသီမှာ သကြားစက်ရုံတွေ လည်ပတ်မှုနောက်ကျခဲ့သလို လည်ပတ်ရတဲ့ရက်လည်း နည်းတဲ့အတွက် ကြံဝယ်ယူပမာဏ လျော့ကျခဲ့လို့ တောင်သူတွေအနေနဲ့ ကြံစိုက်ဧက သိန်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့ရတယ်လို့ သိရပါတယ်။
ကသာ ခရိုင်မှာ ကြံအထွက်နူန်းအနေနဲ့ နှစ်စဥ် ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်ရှိလေ့ရှိပြီး ဒီနှစ်ကြံရာသီမှာ သကြားစက်ရုံတွေက ကြံတန်ချိန် ၅ သိန်းအောက်သာ ဝယ်ယူကြိတ်ဝါးနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။
ဓာတ်ပုံ – ကြံတောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW