ဖေဖော်ဝါရီ-၁၂-၂၀၂၄
SN (VOM)
မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ကာလအထိ ရပ်တန့်သွားခြင်းမရှိဘဲ အရှိန်ဟုန်ကောင်းကောင်းနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အရေးအရာကိစ္စရပ်ကတော့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။
ဒီလိုနိုင်ငံတဝန်းလိုလိုမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် တစနဲ့တစဆိုသလို စစ်ရှောင် အရေအတွက်တွေဟာလည်း တိုးပွားလို့လာခဲ့ရပါတယ်။ နှစ်ဖက် တိုက်ပွဲတွေအကြား ကြားညပ်နိုင်တဲ့ အန္တရာယ်ကြောင့် စစ်ရှောင်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ကွာဝေးတဲ့အရပ်တွေဆီ တိမ်းရှောင်ပုန်းခို နေထိုင်ကြရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနှောင်းပိုင်းမှ စတင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာမှုကြောင့် နိုင်ငံတဝန်း လူဦးရေ ခြောက်သိန်းနှစ်သောင်း ရှစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲ့ဒီ့ လူဦးရေဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာမှ နိုင်ငံတဝန်းထွက်ပြေးရတဲ့ အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သုံးနှစ်တာအတွင်း စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်ဟာ နိုင်ငံအနှံ့အပြားမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်ပမာဏ၊ နေရာအနှံ့ ပိုမိုပျံ့နှံ့လာတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ကုန်ဆုံးခဲ့တယ်လို့ UNOCHA က ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှစတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာမှုဟာ ဆက်လက်တည်ရှိနေပြီး အဲ့ဒီ့ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် အစောပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးကတည်းက ပမာဏအကြီးဆုံးဖြစ်သလို မြေပြင်ပထဝီဝင်အနေအထားအရ အကျယ်ပြန့်ဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးအပြင် တခြားအခြားသော ဒုက္ခတွေကိုပါ ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေး တိမ်းရှောင်ရသူတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ အလှမ်းဝေးနိုင်တယ်လို့ ယူဆရတဲ့ တောတောင် လျှိုမြောင်တွေမှာ တိမ်းရှောင် ပုန်းခိုနေကြရပါတယ်။ အဲ့ဒီ့လို ပုန်းခိုကြတာမှာ စစ်ရှောင်တွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားသောက်နေထိုင်ရေး အခက်အခဲတွေအပြင် ကျန်းမာရေး လိုအပ်ချက်တွေ၊ ဆေးဝါးလိုအပ်ချက်တွေ၊ ရောဂါဘယ ထူပြောလာမှုတွေ၊ ရာသီဥတုဒဏ်တွေကို ခံစားနေကြရတာ ဖြစ်ပါတယ်။
တစထက်တစ ပိုမိုပူပြင်းလာမယ့် အခြေအနေမှာ သောက်သုံးရေအခက်အခဲတွေ၊ တောကြီးမျက်မဲထဲမှာ ပုန်းခိုကြရတာကြောင့် တောတောင်တွေထဲ နေထိုင်ကျက်စားကြတဲ့ မြွေဆိုးအန္တရာယ်၊ တောရိုင်းတိရိစ္ဆာန် အန္တရာယ်တွေနဲ့ စစ်ဘေးရှောင်တွေအကြား ထိပ်တိုက် ရင်ဆိုင်ကြရမှုတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် စစ်ရှောင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ သေကြေပျက်စီးမှုတွေ စတဲ့ အခက်အခဲတွေနဲ့ပါ တွေ့ ကြုံခံစားလာကြရပါတယ်။ ဒါ့အပြင် ဒေသတွင်း သဘာဝ ဘေးအန္တရာယ်တွေကိုလည်း ခါးစည်းခံစားကြရတာကို မိုခါမုန်တိုင်းနဲ့ တွေ့မြင်နိုင်ပါတယ်။
အဲ့ဒီ့လို အခြေအနေတွေကြောင့် စစ်ရှောင်တွေရဲ့ ဘဝတွေဟာ ခက်ခဲမှုအပြည့်နဲ့ အသက်ရှင်သန်ရေးအတွက် ပိုမိုရုန်းကန်နေကြရပါတယ်။ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပေမယ့်လည်း သူတို့ရဲ့ လိုအပ်ချက်ပေါင်း များစွာကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ မလွယ်ကူလှတဲ့ အခြေအနေများစွာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရှောင်တွေအတွက် လှူဒါန်းရရှိတဲ့ ငွေကြေးပမာဏမှာလည်း သူတို့ရဲ့ အခက်အခဲတွေ အားလုံးအတွက် လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။ အခုနောက်ပိုင်း ရေအခက်အခဲဟာလည်း စစ်ရှောင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။
“တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့သူတွေလည်း နည်းပါးလာတယ်။ တချို့လူတွေကလည်း တတ်နိုင်သလောက် ထောက်ပံ့တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် လမ်းခရီးအနေအထားက တနေရာနဲ့ တနေရာ သွားရ၊လာရ အရမ်းကိုခက်ခဲတယ်၊ လုံးဝ အဆင်မပြေဘူး။ သွားထောက်ပံ့မယ်ဆိုရင်လည်း ထောက်ပံ့တဲ့သူတွေက လက်ရှိအနေအထားက အဆင်မပြေတော့ ထောက်ပံ့ချင်သလောက် မရနိုင်ဘူးဖြစ်နေတယ်။ ဖုန်းလိုင်းတွေကလည်း အဆင်မပြေတော့ တနေရာနဲ့ တနေရာ ဆက်သွယ်ဖို့ကလည်း အဆင်မပြေဘူး” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အဟန့်အတားတွေကို ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့ ရေးသားထားပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန် ပဋိပက္ခတွေ ပြင်းထန်လာကတည်းက အထူးသဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြန့်ကြာမှုအဟန့်အတား များပြားတဲ့ဒေသတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် ကူညီခွင့် ရရှိဖို့ တိုက်တွန်းဆော်ဩမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ နိုင်ငံအတွင်း ဆက်လက်တည်ရှိပြီး ပထမ ကိုးလအတွင်း လူဦးရေ ၂ ဒသမ ၈ သန်းအတွက် အကူအညီတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ကုန်မှာတော့ လူဦးရေ ၃ ဒသမ ၁ သန်းကို ကူညီထောက်ပံ့နိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ့ အကူအညီ ပေးအပ်မှုတွေဟာ ရန်ပုံငွေမပြည့်မီမှုကြောင့် လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ နဂိုမူလစီစဉ်ထားတဲ့အတိုင်း ပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ အဲ့ဒီ့လို လိုအပ်ချက် မပြည့်မီမှုတွေဟာ အခု ၂၀၂၄ ခုနှစ်အတွင်းကိုလည်း ထပ်လောင်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မြန်မာလူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်ဟာ အဲ့ဒီ့နှစ်အတွင်း တောင်းခံထားတဲ့ ရန်ပုံငွေရဲ့ ၃၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင် ရန်ပုံငွေ လိုအပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ၂၀၂၄ ခုနှစ်၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် (HNRP) လည်း ထွက်ရှိခဲ့ပြီးဖြစ်တာကြောင့် အကူအညီလိုအပ်သူ လူဦးရေ ၁၈ ဒသမ ၆ သန်းခန့် စံချိန်တင်ရှိတယ်လို့ ဖော်ထုတ်တင်ပြထားကြောင်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီ့ ကိန်းဂဏန်းဟာ ၂၀၂၃ ခုနှစ်မှာ အကူအညီလိုအပ်တဲ့ လူဦးရေ ၁၇ ဒသမ ၆ သန်းမှ တိုးမြင့်လာခြင်းဖြစ်ပြီး လိုအပ်ချက် မြင့်တက်လာတာနဲ့အတူ အခု ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေးကူညီသွားဖို့ လျာထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဲ့ဒီ့လို ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေဟာ အမေ့လျော့ခံအရေး အခြေအနေ ဖြစ်လာနေပါတယ်။ အဲ့ဒီ့ အခြေအနေဟာ အခု ၂၀၂၄ ခုနှစ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ချက်ချင်းနဲ့ ရေရှည်ရရှိဖို့ လိုအပ်သလို အရပ်သားပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို လျော့ပါးစေဖို့နဲ့ လူမှုဘဝ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို မြှင့်တင်နိုင်ဖို့လည်း လိုအပ်နေတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို အခြေအနေအရပ်ရပ်ကြောင့် ရေရှည်မှာ ခိုလှုံရာမဲ့နေတဲ့ မြန်မာ့စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့ဆိုတဲ့ ကိစ္စရပ်က လွယ်ကူနိုင်ပါ့မလားလို့ မေးခွန်းပေါင်းများစွာနဲ့ စဉ်းစားတွေးတောစရာ ဖြစ်လာခဲ့ရပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ် (ကရင်နီပြည်)၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အစရှိတဲ့ နေရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်မက် ပဋိပက္ခကြောင့် နေ့စဉ် မီးရှို့ခံနေရတဲ့ ကျေးရွာတွေလည်းရှိပြီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့မှုတွေကြောင့် လူတွေသေဆုံးတာ၊ ကျေးရွာတွေ မီးလောင်တာအပြင် ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ ဒေသခံတွေ ဘယ်လိုမှနေလို့မရဘူးလေ။ဘေးလွတ်ရာပဲ ပြေးရတော့တာပေါ့။ ရွာတွေဆိုတာ မီးလောင်ပြင်ပဲ။ စိုက်ခင်းတွေလည်းပျက်စီး။ အိမ်တွေ၊ ယာတွေ ဒီတိုင်းထားပြီး ထွက်ပြေးကြရတာ။ ဘာမှကိုမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးလာရတဲ့သူတွေဆိုတော့ စားဝတ်နေရေး အတော်ကို ခက်ခဲနေတယ်” ရခိုင်ဒေသမှ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာအပြင် ဒုက္ခသည်တွေဟာ လုံလောက်တဲ့ အမိုးအကာတွေအောက်မှာမနေရတာ၊ ကလေးငယ်တွေ ပညာသင်ခွင့်ဆုံးရှုံးတာတွေအပြင် နိစ္စဓူဝ စားဝတ်နေရေးကိစ္စတွေနဲ့ ဆေးဝါးအတွက် အခက်အခဲတွေပါ တွေ့ကြုံနေရတာပါ။
စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ အလှူရှင်နည်းပါးလာခဲ့ပြီး အရင်နှစ်က ဒေသတွင်းကျန်ရှိနေတဲ့ ရိက္ခာတွေနဲ့ မျှဝေစားသုံးခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ ပိုမိုခက်ခဲလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီ့နှစ်ကစလို့ တိုင်းပြည်ရဲ့စီးပွားရေး အကျပ်အတည်းဟာလည်း အရင်ကထက်ပို အလွန်ကို ဆိုးရွားလာခဲ့တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ အလှူရှင်နည်းပါးလာမှု ပြဿနာနဲ့ပါ ရင်ဆိုင်နေရတာဟာ လက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။
နယ်မြေမအေးချမ်းတဲ့ ဒေသတွေက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း ကုန်ဈေးနှုန်းတွေမြင့်တက်တာ၊ စစ်ရှောင်အများစု နေရပ်ပြန်လို့မရနိုင်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည် မလုပ်ဆောင်နိုင်တာတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ စစ်ဘေးရှောင်ဦးရေ များပြားပြီး ရေလိုအပ်ချက်တွေ ရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေနဲ့ အရေပြား ရောဂါတွေ ခံစားနေရပြီး ဆေးဝါးကုသဖို့အတွက် အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
နွေရာသီရောက်ရှိလာတဲ့အခါ ဟိုးအရင်ကတည်းက ရေရှားမှုကြုံခဲ့ရ တဲ့ ဒီးမော့ဆို အနောက်ခြမ်းဒေသတွေမှာ လတ်တလောမှာလည်း ရေပြဿနာက အဆိုးရွားဆုံးဖြစ်လာနေပါတယ်။ ဒါက ကရင်နီပြည် စစ်ဘေးရှောင်စခန်းတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ မိုးရာသီကလွဲလို့ ကျန်တဲ့ကာလတွေတလျှောက် ရေရှားပါးမှု ကြုံရလေ့ရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ဒေသတွေမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ရေသယ်ယူဖို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသတွင်း ကူညီစောင့်ရှောက်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ့ ကရင်နီဒေသက အိမ်ခြေ ၃၃ အိမ် ရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၄၀ ကျော် နေထိုင်ပြီး အသက် ၁၈ နှစ် အောက်ကလေး အယောက် ၆၀ ကျော်နဲ့ ကျန်းမာရေးချို့ယွင်းသူ ခုနစ်ယောက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ့ စစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာတဲ့ပြည်သူတွေ၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကနေ စစ်ရှောင်လာသူတွေ နေထိုင်ပြီး စစ်ရှောင်ကာလ သုံးလကျော်ကနေ နှစ်နှစ်ခွဲကျော်ထိ စစ်ရှောင်နေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းတချို့မှာ စားနပ်ရိက္ခာ အခက်အခဲအရ တရက်ကို ထမင်းတနပ်လောက်ပဲ စားရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ့ ပြည်နယ်ထဲမှာ စစ်ဘေးရှောင် သုံးသိန်းကျော်အထိ ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်တာ၊ စစ်ဘေးရှောင် တိုးလာတာတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်သလို မိုးကာနဲ့ သောက်သုံးရေ လိုအပ်တာ၊ အနွေးထည်လိုအပ်တာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ နစကတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဒီကနေ့အချိန်အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒါ့ကြောင့် စစ်ရှောင်တွေအနေနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ရိက္ခာတွေကိုလည်း ပြန်မယူရဲဘဲ ကျေးရွာက ဒေသခံပြည်သူတွေ ကူညီပေးတာနဲ့ ရှေ့ဆက်နေကြရတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အထိ ရှိလာနေပါတယ်။ သူတို့တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။ ပလက်ဝမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက စပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့တဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ တချို့ စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ နေကြရတဲ့အတွက် အစားအသောက် ဝယ်ယူဖို့ ခက်ခဲနေပြီး ငွေကြေးလည်းမရှိကြတာကြောင့် အငတ်ဘေးကြုံရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာလည်း နစကတပ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မြို့နယ်အချို့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်ကစပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရသူ တသိန်းနှစ်သောင်းနီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အဲ့ဒီ့ လူဦးရေထဲက နှစ်သောင်းခန့်သာ နေရပ်ပြန်နိုင်ပြီး ကိုးသောင်းကိုးထောင်ခန့်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ခိုလှုံရာ ၁၈၇ နေရာမှာလည်းကောင်း၊ နယ်မြေချင်း ထိစပ်နေတဲ့ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာလည်းကောင်း သွားရောက် နေထိုင်နေကြရတယ်လို့ သိရပါတယ်။ လတ်တလောမှာ နေရပ်စွန့်ခွာရသူတွေဟာ အဓိကအားဖြင့် ဘာသာရေးနေရာတွေနဲ့ အိမ်ရှင်ရပ်ရွာတွေမှာလည်းကောင်း၊ တောတောင်တွေအတွင်းက ယာယီခိုလှုံရာနေရာတွေနဲ့ တရုတ်-မြန်မာ နယ်စပ်အနီးရှိ လယ်ကွင်းတွေမှာလည်းကောင်း ခိုလှုံနေရတယ်လို့ သိရပါတယ်။
လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ နေရပ်စွန့်ခွာခိုလှုံရာနေရာ ၁၃၉ နေရာကို သွားလာဝင်ရောက်ခွင့် ရရှိခဲ့ပေမယ့်လည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေတာ၊ သွားလာရေးကန့်သတ်ချက်တွေ ရှိနေတာ၊ ဗျူရိုကရက်အုပ်ချုပ်ရေးစနစ် အတားအဆီးတွေ ရှိနေခြင်း စတဲ့ အခက်အခဲတွေကြောင့် အရေးကြီး လိုအပ်ချက်တွေကို လျှင်မြန်စွာ လေ့လာဆန်းစစ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နေရပ်စွန့်ခွာသူ ရှစ်သောင်းနှစ်ထောင်နီးပါး (IDPs စုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်း) ကို ငွေကြေး၊ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ပါရှိပါတယ်။ ဒါပေမယ့်လည်း တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် သုံးသောင်းဝန်းကျင်ကတော့ လူသားချင်းစာနာမှု အကူအညီတွေကို မဆိုသလောက်သာ ရရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာလည်း လုံခြုံရေးအခြေအနေတွေ တည်ငြိမ်မှု မရှိသေးဘဲ လတ်တလောကာလအတွင်း မြစ်ကြီးနားအပါအဝင် မြို့နယ်အချို့မှာ ပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အဲ့ဒီ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၃ ရက်ကစပြီး ဗန်းမော်-မြစ်ကြီးနား အဓိကလမ်းမကြီးပေါ်ရှိ မိုးမောက်မြို့နယ်မှာ နစကတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ အဲ့ဒါကြောင့် မန္တလေးနဲ့ မြစ်ကြီးနားအကြားရှိ အရေးကြီး လမ်းမကြီးနှစ်လမ်းကို မကြာခဏ ပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ လောင်စာဆီအပါအဝင် အခြေခံ လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ သုံးလကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် အရပ်သား ၉၃ ဦး သေဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အများစုမှာ ရှမ်း-ကယား နယ်စပ်တလျှောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ လူဦးရေ တသိန်းခြောက်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး အရှေ့တောင်ပိုင်းဒေသရှိ နေရာအများစုမှာ လူသားချင်းစာနာမှု ဝင်ရောက်ကူညီခွင့်တွေကို တင်းကျပ်စွာ ကန့်သတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေ သွားလာမှုနဲ့ မရှိမဖြစ် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးကို ကန့်သတ်ထားဆဲဖြစ်ပြီး အထူးသဖြင့် ကယားပြည်နယ်အတွင်း ဝင်ရောက်မှုတွေကို တင်းကျပ်စွာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီ့လိုပဲ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်နဲ့ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနဲ့ ပွင့်ဖြူမြို့နယ်၊ မန္တလေးတိုင်းရှိ ကျောက်ဆည်၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ် အပါအဝင် မြို့နယ်အများအပြားမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။ အဲ့ဒီ့ ဒေသတွေမှာ စစ်ရေးအရှိန်မြင့်တက်မှုကြောင့် စစ်ဘေးရှောင်ဦးရေ သုံးသိန်း တသောင်းလေးထောင်ကျော်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ထဲမှာ ကောလင်းနဲ့ ထီးချိုင့်မြို့နယ်တို့မှ လတ်တလော နေရပ်စွန့်ခွာသူ တသိန်းသုံးသောင်းနဲ့ စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ မကွေးတိုင်း ထီးလင်းနဲ့ ယောမြို့နယ်တို့မှာ ဒီဇင်ဘာလ အစောပိုင်းမှစပြီး နေရပ်စွန့်ခွာသူ ခုနစ်ထောင်ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၁၈ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်း ၅၅၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ရှိ စစ်ဘေးရှောင် ငါးသောင်းနီးပါးထံ အရေးပေါ်အကူအညီတွေ ထောက်ပံ့ ပေးအပ်နိုင်ခဲ့ပေမယ့် စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေဟာ ကူညီနိုင်စွမ်းထက် များစွာ ကျော်လွန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း (မြောက်ပိုင်း) ကောလင်းနဲ့ ထီးချိုင့်မြို့နယ်တွေမှာလည်း စစ်ဘေးရှောင် တသိန်းငါးသောင်းဝန်းကျင်ရှိပြီး လူသားချင်း စာနာမှုအကူအညီတွေ ရရှိနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ နစကနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့နယ်အများအပြားမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာချိန်ကစလို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ လူဦးရေခြောက်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အဲ့ဒီ့နေ့နောက်ပိုင်း တိုက်ပွဲတွေ အရှိန်မြင့်လာချိန်မှစလို့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ စစ်ဘေးရှောင်ပြည်သူ များစွာရှိသလို နယ်စပ်နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေဘက် ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကလည်း ရှိနေပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်လာနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ထိုင်းနိုင်ငံက စီစဉ်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာကို မဲဆောက်မြို့နဲ့ ကရင်ပြည်နယ်တို့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ထိုင်းပြောခွင့်ရ Mr. Chai Wacharonke ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အဲ့ဒီ့လို လူသားချင်း စာနာထောက်ထားမှုစင်တာ ဖွင့်လှစ်နိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara ဟာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက် လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပြီးမှာ ကူညီထောက်ပံ့ရေးအစီအစဉ်ကို တလအတွင်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မဲဆောက်နဲ့ ကရင်ပြည်နယ်အတွင်းမှာ အကူအညီပေးရေးစင်တာကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာစစ်ဘေးရှောင်တွေအတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ အမှတ် (၂) အကောက်ခွန်ဂိတ်ကနေ လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းတွေကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြရတဲ့ လူဦးရေ နှစ်သောင်းကိုလည်း ရိက္ခာနဲ့ ဆေးဝါးတွေ ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး အဲ့ဒီ့အစီအစဉ်ကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေက ပူးပေါင်းလုပ်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မြန်မာစစ်ဘေးရှောင်ပြည်သူ ငါးသိန်းအထိရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားပြီး ကရင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာလည်းဒေသတွင်းတိုက်ပွဲတွေနဲ့လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာစစ်ရှောင် ပြည်သူအများစုဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး ခိုလှုံနေကြသလို ကျီးလန့်စားစားဘဝနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။
ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ ပြည်သူတွေ သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးတို့ကို အကြီးအကျယ် ကန့်သတ်ခံနေရတာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှု ဖြတ်တောက်ထားမှုကြောင့် အချင်းချင်း ဘေးကင်းလုံခြုံရေး၊ အချက်အလက်တွေ မျှဝေရေးနဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ရေးတို့ကိုလည်း ထိခိုက်လျက်ရှိပါတယ်။ လူသားချင်းစာနာမှုနဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေအတွက် ပို့ဆောင်ရေးလမ်းကြောင်းတွေကို အသုံးပြုခွင့်မရရှိတာကြောင့်လည်း စစ်ဘေးဒဏ်သင့်ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ် အိမ်သုံးပစ္စည်းတွေ ရှားပါးလာပါတယ်။ ဒါ့အပြင် လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ လောင်စာဆီ အကျပ်အတည်းတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပြန်ပါတယ်။
အခုလို အခြေအနေမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတပုံနီးပါးဖြစ်တဲ့ ၁၈ ဒသမ ၆ သန်းအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်ကထက် လူဦးရေ တသန်း ပိုများလာခြင်းဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီ လွန်ခဲ့တဲ့ သုံးနှစ်ကထက် ၁၉ ဆနီးပါး မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေဟာ ဒီအကျပ်အတည်းတွေကို ခါးစည်းခံနေရတာပါ။ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်း စတဲ့ အချက်တွေကြောင့် ကလေးသူငယ် ခြောက်သန်းအနေနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာလည်း အကျပ်အတည်းကာလတခုကို ရောက်နေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ အမိုးအကာ ဒါမှမဟုတ် သောက်သုံးရေမရှိဘဲ နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ၊ မသန်စွမ်းတွေဟာလည်း ဒီအခြေအနေဆိုးတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အများဆုံး ခံနေရ ကုလသမဂ္ဂက ထောက်ပြပါတယ်။
ဒီလို လူမှုအတိဒုက္ခအဖုံဖုံကို မြန်မာစစ်ရှောင်ပြည်သူတွေကဘယ်အချိန်ကာလအထိ တွေ့ကြုံခံစားနေရမလဲ ဆိုတာကလည်း လက်ရှိနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေအရ ပြန်လည်ပြီးသုံးသပ်ရရင်ဖြင့် အဖြေမရှိတဲ့ပုစ္ဆာတပုဒ်လိုသာ ဖြစ်နေပါတော့တယ်။
Photo: Original Uploader