ဆူးငှက်
စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်က မြန်မာပြည်မှာ လှည်းနဲ့လှေ ရှိနေသရွေ့ သူ့သီချင်းတွေလည်း ရှိနေဦးမယ်လို့ပြောတာမှတ်မိပါတယ်။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့လူဦးရေ ခုနစ်ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။ ကျေးလက်နေပြည်သူလူထုကြားမှာ သူ့သီချင်းတွေ ရှိနေဦးမှာပါ။ ကျွန်တော် တစ်မျိုးပြန်စဉ်းစားပါသေးတယ်။ ကျေးလက်မှ မြို့ပြမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးရဲ့ ပင်ကိုယ်စရိုက်သဘာဝအရ ဗီဇစိတ်အခြေခံဆိုတာရှိပါတယ်။ ဒီစိတ်ဟာ ငယ်ရွယ်စဉ် ကလေးဘဝမှာလည်း ရိုးရိုးသားသား ပေါ်လွင်ပါတယ်။ အရွယ်လေးရလာတော့ ဒီဗီဇစိတ်ကို ပတ်ဝန်းကျင်တွေက ဖုံးလွှမ်းပေးလိုက်တော့ ဟန်ဆောင်ရတာတွေများလာပါတယ်။ ဒါပေမယ့် တည်ငြိမ်ရင့်ကျတ်တဲ့အသက်အရွယ်ရောက်လာတော့ ဟန်ဆောင်မှုတွေအောက်က ပင်ကိုဗီဇစိတ်ကို ရဲရဲတင်းတင်းပြန်ပြီး ဖော်ထုတ်လာကြပါတယ်။
ဆိုပါတော့…။ အရွယ်လေးရလာချိန် ပတ်ဝန်းကျင်အနေအထားအရ ခေတ်ပေါ်ဆိုတာတွေနောက် ကောက်ကောက်ပါအောင် မမောနိုင်မပန်းနိုင် လိုက်ကြတာပါပဲ။ အခု ဒီဟာပေမယ့် ဟိုဟာပေါ်လာတော့ ဟိုဟာနောက်လိုက်ကြရ…။ ဒါပေမယ့် အသက် ၄၀ ကျော်အရွယ် တည်ငြိမ်လာချိန် အိမ်က ကာရာအိုကေစက်ရှေ့ မိုက်ကိုင်ပြီး တွံတေးသိန်းတန်ဟဲလိုက်ရမှ အာသာပြေတာမျိုးပါ။ ဒီဗီဇစိတ်ကတော့ တောမှ မြို့မှမဟုတ်တော့ပါဘူး။ အသက်အရွယ်လေးရလာတော့ မြန်မာသံ၊ ခြောက်ပေါက်၊ ခုနစ်ပေါက်တွေကိုပိုပြီး နားဝင်ချိုလာ၊ ပိုပြီး ခံတွင်းတွေ့လာတာပါပဲ။
သြော်… လှည်းနဲ့လှေအကြောင်းကနေ ဆန်စင်ရာကျည်ပွေ့လိုက်ပြီး ဗီဇစိတ်ဘက်ရောက်သွားတာ ခွင့်လွှတ်ပါ။ ပြောချင်တာ “လှည်း”အကြောင်း…။ ဟုတ်ပါတယ်။ မန္တလေးက ဧရာဝတီမြစ်ကမ်းဘေးဆိုပေမယ့် တစ်လျှောက်လုံးကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူ ပို့ဆောင်ရေးအတွက် သာမက မိသားစုအဆောင်အယောင် အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည်သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း “လှည်း”နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်းဆရာတော် သာရေးနာရေးသွားလာတော့ ပန်းပုရုပ်လုံးလှည်းဦးကင်း၊ ရွှေပိန်းချလှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ ကြော့ပေ့ ဆိုတဲ့ နွားတစ်ရှဉ်းနဲ့ပါပဲ။ သာမန် ရွာသူ ရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီး ပျော်ပျော်ပါးပါး သွားလာကြတာပါ။
မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာသုံးကြတာမဟုတ်ပါဘူး။ မြို့ပြမှာလည်းသုံးကြပါသေးတယ်။ တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုမတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်က ဆိုရင်ပဲ မန္တလေးရဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း အဓိက အသုံးပြုတဲ့ယာဉ်ပါပဲ။ အနောက်မြစ်ဆိပ်က ကုန်တွေ ဈေးချိုလို၊ မြို့ထဲဈေးတွေလိုကိုပို့ပေးတာ လှည်းတွေပါ။ တစ်ခါ အနောက်ကျွန်းတွေထဲက ဟင်းသီးဟင်းရွက်တွေ၊ သီးနှံတွေကို မနက်မိုးမလင်းမီကတည်းက မြို့ထဲဆီ လှည်းတွေနဲ့ တအီအီပို့ပေးတာ နေ့စဉ်ပါပဲ။ ပဲစိမ်းစားဥ လှည်းကြီးတွေများ တစ်သီကြီးဖြတ်သွားရင် ကျွန်တော်တို့ကလေးတွေက လှည်းအောက်က ခိုပြီးနှိုက်ကြတယ်။ သဘောကောင်းတဲ့ လှည်းသမားကတော့ လှည်းပေါ်က ပဲစိမ်းစားဥ တစ်တွဲ နှစ်တွဲ ပစ်ချပေးခဲ့ တာပေါ့။
မန္တလေးရဲ့ စီးပွားရေး အသည်းနှလုံး ဖြစ်ခဲ့တဲ့ ဈေးချိုတော်ကြီးရဲ့အနောက်ဘက် ရွှေတချောင်းဘေး(ယခု ဈေးချို ပလာဇာ အနောက်ဘက်နေရာ)ဟာ ဧရာမလှည်းဝိုင်းကြီးရှိခဲ့တဲ့နေရာပါ။ ၈၆ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား မန်ကျည်းပင်တွေ အောက်ပေါ့။ ဒီလှည်းဝိုင်းကြီးက ဈေးချိုအေရုံက ဆန်နဲ့ ကောက်ပဲသီးနှံတွေ၊ ဘီရုံထဲက ကုန်စိမ်းတွေ၊ ဒီရုံထဲက လက်ဖက်ခြောက်နဲ့ ကုန်ခြောက်တွေ၊ အက်ဖ်ရုံထဲက အထည်အလိပ်တွေ၊ ဂျီရုံထဲက ကုန်စုံခြောက်တွေ၊ ဂျေရုံထဲက ငါးပိငါးခြောက်တွေ၊ ကေရုံထဲက ဆေးရိုးဆေးရွက်နဲ့ ဘယဆေးတွေ၊ အယ်လ်ရုံထဲက ပိုးခင်ထုပ်၊ ချည်ခင်ထုတ်တွေ စတဲ့… စတဲ့… ကုန်ပစ္စည်းတွေကို ဈေးသည်တွေက ဝယ်ပြီး သင်္ဘောဆိပ်၊ ကားဂိတ်၊ ဘူတာရုံ၊ မြို့ထဲက ပွဲရုံတွေဆီပို့ပေး သယ်ယူပေးကြတဲ့ လှည်းတွေ ရပ်နားကြတာပါ။ ပွဲစားတွေ ကုန်သည်တွေကလည်း အဲဒီလှည်းဝိုင်းနားမှာ စုဝေးကြသတဲ့။ အဲဒီပွဲစားဝိုင်းကနေ ဒီကနေ့အထိ တည်ရှိနေတဲ့ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းကြီး စတင်မွေးဖွားခဲ့တာပါပဲ။
နောက်ထပ် လှည်းဝိုင်း တစ်ဝိုင်းကတော့ မန္တလေးဘူတာကြီး ကုန်ရုံလှည်းဝိုင်းပါ။ ဘူတာကြီးကုန်ရုံဟာ အခုမှ မြို့ဟောင်းဘူတာကို ရောက်သွားပေမယ့် အရင်က ဘူတာကြီးရဲ့မြောက်ဖျားမှာပါ။ အခု ၂၆ ဘီလမ်း မျက်နှာပြု ၇၈ လမ်းနဲ့ ၇၉ လမ်းကြား လူထုဘလောက်တို့၊ စိန်နဲ့မြမွေ့ယာတို့ရဲ့နောက်ကျောဘက် ဘူတာဝင်းက ကုန်ရုံပါ။ အဲဒီတော့ ကုန်ရုံလှည်းဝိုင်းက ဘူတာဝင်ပေါက် ၇၉ လမ်းအရှေ့ခြမ်း၊ ၂၆ ဘီလမ်းက ၂၇ လမ်းအထိပါပဲ။
တကယ်တော့ မန္တလေးမှာ ရှေးရှေး ရတနာပုံခေတ်ကတည်းက ကုန်စည်ပို့ဆောင်ရေးအတွက် နွားလှည်းတွေက အဓိကကျခဲ့ပါတယ်။ ရှမ်းပြည်နယ်ကဆင်းလာတဲ့ လက်ဖက်စို၊ လက်ဖက်ခြောက် ကုန်ပစ္စည်းတွေကိုလည်း လှည်းတွေနဲ့ နွားဝန်တင်တွေနဲ့ ခရီးရှည်သယ်ယူလာကြတယ်။ အဲဒီလှည်းတွေက မန္တလေး ၃၄ လမ်း၊ ၃၅ လမ်းကြား၊ ၈၇ လမ်း ၈၈ လမ်းကြား ဥယျာဉ်ကြီးထဲမှာ ဝိုင်းဖွဲ့ကြတာတဲ့။ အဲဒီနေရာကို “ဒေးဝန်း”လို့ခေါ်တယ်။ ဒေးဝန်းဆိုတာ မြန်မာစကား မဟုတ်။ နွားဝန်တင်တရုတ်တွေရဲ့ စကားတဲ့။ အဲဒီလိုမျိုး လှည်းဝိုင်းတွေလည်း မန္တလေးမှာရှိခဲ့တော့ “လှည်းတန်း”ဆိုတဲ့ ရပ်ကွက်တွေ၊ လမ်းတွေရှိခဲ့တယ်။ တရုတ်တန်း လှည်းတန်း၊ ချမ်းသာကြီးလှည်းတန်း၊ ရွာဟိုင်းဈေးလှည်းတန်း… စသည်ဖြင့်ပေါ့။
နောက် လှည်းနဲ့ပတ်သက်ပြီး မန္တလေးမှာ အမှတ်တရ ရှိပါသေးတယ်။ မလွန်ဈေး ဆန်လှူအသင်းကြီးက ဆွမ်းဆန်အိတ်တွေ သိမ်းတဲ့အခါ အသင်းတံဆိပ်ဆိုင်းဘုတ်တွေကို ပေါင်းမိုးလုပ်ပြီး ဗုံတောင်ပလုပ်တုတ်၊ နှဲ၊ လင်းကွင်း၊ မောင်းကြီး၊ သံပတ္တလားတွေနဲ့ ရေကင်းတီးပြီး ဆန်အိတ် သိမ်းတာကိုလည်း ကျွန်တော်တို့ ကလေး တစ်သိုက်မှာ မလွန်ဆန်လှူသင်း လှည်းနောက် အပြေးလိုက်ပြီး တကောက်ကောက် ပါသွားတော့တာပါပဲ။
နောက် လှည်းနဲ့ပတ်သက်တဲ့ အမှတ်တရ ပွဲတစ်ပွဲလည်း ရှိခဲ့ပါသေးတယ်။ အဲဒါက ရတနာ့ဂူပွဲတော်ပါ။ နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကနေ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတဲ့ ရတနာ့ဂူပွဲတော်မှာ နောက်ဆုံးရက် ဖြစ်တဲ့ ဝါခေါင်လကွယ်နေ့ ရောက်ရင် မန္တလေးတစ်မြို့လုံးက ရတနာ့ဂူပွဲတော်ကို လှည်းတွေနဲ့ပဲ သွားကြတာပါ။ မနက်စောစောကတည်းက အသံချဲ့စက်တွေ၊ တီးဝိုင်းတွေနဲ့ ရွှေခြေကျင်းကိုယ်စီနဲ့ မန္တလေးသူလေး တွေ လှည်းပေါ် ခြေတွဲလောင်းချထိုင်ပြီး တသီတတန်းကြီးသွားကြတဲ့မြင်ကွင်းဟာ အံ့ဘနန်းပါပဲ။ ရွှေမန်းသူ လေးတွေ ပါတဲ့လှည်းနောက်က ကာလသားတွေက ခြေကျင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး စကြ၊ ပြောင်ကြတာပါပပဲ။ ဒီလှည်းတွေဟာ တောင်သမန် မယ်ဇယ်ပင်ရိပ်မှာ နား၊ ဝိုင်းဖွဲ့စားကြသောက်ကြ၊ ပွဲတော်မှာ လည်ကြ ပတ်ကြပြီး ညနေစောင်း နေဝင်မှ မန္တလေးကို လှည်းတန်းကြီးနဲ့ ပြန်ကြပါတယ်။
တစ်ခါ သီတင်းကျွတ်လမှာတော့ မန္တလေးတောင်ခြေက ကုသိုလ်တော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရား ပွဲတော်ကို အနီးအပါးရွာတွေက လှည်းတွေနဲ့ လာရောက်ကြပါတယ်။ အလားတူ မြို့လယ်ခေါင် ရှင်ဥပဂုတ်ဝင်း ကလည်း ရှင်ဥပဂုတ် ပူဇော်ပွဲကျင်းပပြီး မြစ်ဆိပ်က ရှင်ဥပဂုတ် ရေမျှောတော့ လှည်းတွေနဲ့ ခင်းကျင်း ပို့ဆောင်ကြတာလည်း ဒီနေ့အထိ မဖြစ်မနေ ကျင်းပကြဆဲပါ။
မန္တလေးမှာ ကုန်စည်ပို့ဆောင်ရေးအတွက် သုံးစွဲခဲ့တဲ့ နွားလှည်းတွေအစား ပြည်ကြီးဖြစ် ထော်လာဂျီတွေ ဒိုင်နာတွေ၊ ပစ်ကပ်တွေ၊ သုံးဘီးဆိုင်ကယ်တွေက အစားထိုး နေရာယူသွားပါပြီ။
ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရာရာ ခေတ်နောက်ပြန်ဆွဲပြီး အဟောင်းကို တသသဖြစ်နေလို့ မရပါဘူး။ နွားနဲ့ဆွဲတဲ့ လှည်းနေရာမှာ စက်တပ်ယာဉ်က မြန်မြန်နေရာယူလေ ကောင်းလေပါပဲ။ အခုလည်း ရုပ်ဝတ္ထုအနေနဲ့ နွားနှစ်ကောင် က လှည်းနေရာ ပြည်ကြီးဖြစ် ထော်လာဂျီတွေ နေရာယူ သွားပေမယ့် အလှူတွေမှာတော့ တရုတ်နဂါးနဲ့တော့ မလှည့်ကြသေးဘဲ ရွှေလှည်းယဉ်တွေနဲ့ တခမ်းတနား ဂုဏ်ယူလှည့်နေကြပါပြီ။ ဘာပဲပြောပြော လှည်းနဲ့ ပတ်သက်တဲ့ ရိုးရာ ယဉ်ကျေးမှုတွေ နေရာမှာတော့ “ပြည်ကြီးဖြစ်”တွေ နေရာယူ မသွားဖို့တော့ လိုတာပေါ့ဗျာ…။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဟဲ့ဆိုကာကြိမ်တံမြှောက်မှဖြင့်