မတ် ၊ ၄ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ တွင်းမကျေးရွာနဲ့ ကလေးခရိုင် ၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မနေ့ မတ် ၃ ရက် ၊ တနေ့တည်းမှာ အနည်းဆုံး လူငါးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ရွှေဘို နယ်ခံ ပရဟိတသမား တယောက်က ” တွင်းမကျေးရွာနားမှာ မနေ့က နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ နစက နယ်မြေရှင်းလင်းရေး လှုပ်ရှား စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်မှုတွေဖြစ်ကြတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ သုံးယောက်သေတယ် ” လို့ ပြောပါတယ်။
အဲ့ဒီအပြင် ကလေးမြို့ ၊ တပ်ဦးသီတာရပ်ကွက်ထဲမှာရှိတဲ့ အရက်ဆိုင်တခုမှာ မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က ပစ်ခတ်မှုတခုဖြစ်ပွားပြီး အရက်ထိုင်သောက်နေ လူငယ်နှစ်ယောက် ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
. ” ရွှေဘိုနယ် တွင်းမရွာနားမှာ လှုပ်ရှားစစ်ကြောင်းနဲ့ PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ ထိတွေ့မှုဖြစ်စဥ်မှာ အမျိုးသား ရုပ်အလောင်း သုံးလောင်းနဲ့ ၊ အမ်-၂၂ သေနတ် ၁ လက် ၊ AK သေနတ် ၁ လက် ၊ အမ်-၂၂ ကျည်အိမ် ၇ ခု ၊ ၄၀ မမဗုံးသီး ၂ လုံး ၊ ကျည်ကာဦးထုပ် ၂ လုံး ၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိတယ် ၊ ကလေးမြို့ဖြစ်စဥ်ကတော့ အရက်သောက်နေတဲ့ အရပ်သား နှစ်ယောက်ကို ဒလန်ဆိုပြီး အမည်မသိ ( စုံစမ်းဆဲ) လူ လေးငါးယောက်လောက်က ပစ်သတ်သွားတာဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့က ရွှေဘို – မြစ်ကြီးနား ကားလမ်း ၊ ကျောက်တန်းရွာနားမှာ ပစ်သတ်ခံထားရတဲ့ လူငယ်ရုပ်အလောင်း တွေ့ရတယ်လို့ ခရီးသွားတချို့က ပြောပါတယ် ။