ပုရစ်ဖူးတို့လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း

 

 

ဆူးငှက်

 

”ရွက်နုဝါ ရောယှက်လို့

တောနက်တဲ့ မြိုင်သာ

စောရတက် ခိုင်ညှာမှာ

ကြိုင်မွှေးဝါ မြပန်း

ထက်ဆွယ်ကမ်းကုန်းဆည်

ရွေတညီလွမ်းစေဖို့ဆန်း”

 

 

ဆောင်းက ပြန်ရန် ဟန်တပြင်ပြင် ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျား ရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း ထွက်ပြေးသွားသည်။ အလည်လွန် လိုက်ပုံကလည်း ညနေငါးနာရီခွဲလောက်အထိ ပြန်မရောက်။ နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင် ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။စိမ့်စိမ့်..အေးအေး..ဆောင်း။ ဟော ကြည့်၊ နှင်းရည်ဝ၍ အမြဲငိုက်မျဉ်းနေသော သစ်ပင်များ ကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာရွက်ဝါတွေ ခါချနိုင်တာက လွဲလို့ ငေါလောကြီး…။

 

 

ဆောင်းနှောင်း သစ်ပင်များကား ဘုရားစောင်းတန်းမှ နိမိတ်ကြီးလေးပါး သရုပ်ပြခန်းကို ‘သူအို’ခန်းမှချည်း သရုပ်ဆောင်ရန်ယိမ်းတိုက်ထားသလား အောက်မေ့ရသည်။ အားလုံးလိုလို နံရိုးပြိုင်းပြိုင်း..။

 

နွေဦးကို စောင့်မျှော်နေကြပုံမျိုး ဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းများကား မကြာမီ ရာသီအစ၊ လည်ပတ်တော့မည် သကြားစက်၏ ဘွိုင်လာအိုး ချေးချွတ်ခေါက်သံ အချက်ကျကျဖြင့် ပုဒ်ဖြတ်ပေးခြင်း ခံနေကြရ၏။ လမ်းဘေး အအေးဆိုင်ကလည်း ကြံရည်ကြိတ်စက် သံဘီးကြီးကို သင်္ဘောဆေးသုတ်ပြီး ဂျလောင်းဂျလောင်း မြည်သံပေးကာ စမ်းသပ် စစ်ဆေးနေသည်။

 

ပုရစ်နုနု၊ ကျေးဥငုံစီ၊

မြတ်ပန်းရင်ခတ်၊ လတ်လတ်ငယ်ပြုံးရီ၊

ဖန့်ဖန့်မပြီ၊ ခါညီချိန်ရက်၊

ပွင့်ထူးဆန်းစုံ၊ မြိုင်ရဂုံ၊

သိုက်မြုံ ပင်ယံထက်မှာ တည့်လေး။

 

မောင်ပေါက်စည်(မန်းတက္ကသိုလ်)

 

 

ဆောင်းသည် အသက်ကြီးရင့်ခါမှ သူငယ်ပြန်ပြီး ငါမအိုသေးဟု အစွမ်းပြကာ အအေးဓာတ်ကုန် လွတ်ပြီးနောက် အားမာန်လျှော့ချေပြီ။ မည်မျှပင် မာန်တင်း၍ စိတ်ဆောင်သော်လည်း ဇရာက စကားပြောလာသောအခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပေ။ အရင်က တပို့တွဲလပြည့်ကျော်သည်နှင့် အနွေးဓာတ် ဝင်ရောက်ကာ နွေသရုပ်တွေ ပီပီပြင်လာ သော်လည်း ဒီနှစ်မှာတော့ဆောင်းသူငယ်ပြန်မှုကြောင့် နွေသည် တပေါင်းလပြည့်ကျော် သည်အထိ နောက်ဆုတ် ပေးလိုက်၏။ အားမတန်၍ မာန်လျှော့လေသည်လား။ ထိုးမည့်ဆင်မို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်လေသည်လား။ ဒါမှမဟုတ် ရန်သူကို မိတ်ဆွေဖြစ်လိုခြင်း အတွက်နားလည်မှုပေးကာ ရင်ကြားစေ့လေသည်လား။ မည်သို့ပင်ဖြစ်စေ လောကနိယာမအရ ဆောင်းသည် ကုန်ချိန်တန်သည်နှင့်မည်သို့ပင်ကူပံ့ ထောက်ကန်၍ မရနိုင်သော် သင်္ခါရ၏ အနားပေးခြင်းကို ခံရချေပြီ။

 

 

နွေသည်လည်း သူ့ခေတ်သူ့အခါ ရောက်လို့ အစွမ်းပြဖို့ ဟန်ရေးပြပြန်ပြီ။ လက်ခမောင်း တဖောင်းဖောင်း ခက်ရင်းမာန်မာနတွေ တတ်ကြွနေပြန်၏။ ငါ့ရာသီ ငါ့ဥတုရောက်ရင်တော့ ငါ့ခြေ၊ ငါ့လက်မို့ အစွမ်းပြ ပူလိုက်ဦးမဟဲ့ ဟု ကြွေးကြော်နေသယောင်။ တကယ်တော့ သဘာဝတရားကြီးက ဘက်မလိုက်ဘဲ အပေးအယူ မျှမျှဖြင့် ညီညွတ်သော ပဋိပက္ခ အသွင်ဆောင်ကာလောကကြီးကို အလှဆင်၏။ လူသားများကို အကျိုးပြု၏။ သူ့စည်းသူ့တာ၊ ကိုယ့်စည်း ကိုယ့်တာ ပိုင်နိုင်စွာ မျှဝေယူ၍ အချိုးညီသော လုပ်ဆောင် အစွမ်းသတ္တိများဖြင့် ကောင်းကျိုးပြုစေခဲ့၏။ အခုတော့ သဘာဝတရားကို အတ္တ၊ မာန၊ လောဘ၊ အဝိဇ္ဇာများဖြင့် ဆန့်ကျင်ကြလေပြီ။ မိုးကလည်း မိုးအလျောက် မိုးကြိုး၊ လေပြင်း၊ မုန်တိုင်းများဖြင့် အစွမ်းပြခဲ့ပြီ။ ဆောင်းကလည်း ဆောင်အလျောက် နှင်းထု၊ ရေခဲမှတ်၊ အအေးရိုင်းများဖြင့် တက်ထောင် မောင်းနင်း ပြု၏။ သည်လို ဆိုရင်ဖြင့် နွေကလည်း အပူကြမ်းတော့ချေမည်ပေါ့။ နွေကန့်လန့်ကာ စဖွင့်သည်နှင့် အပူရှိန်ကဓားသွေး၊ မြှားချွန်၊ လှံသလုပ်နေချေပြီ။ ကဆုန်၊ နယုန်ရောက်လျင်ဖြင့် လက်နက် အင်္ဂါ အစုံအလင်ဖြင့် စီးနင်းလေမည့် သဘော။

ဆောင်းနှင်းတို့ ကင်းလွတ်ခါစ ရွက်ဝါကြွေ၊ ပုရစ်ဖူးတို့ လွန့်လူးခါစ နွေတမာန် ဥသြတို့ တွန်ကျူးခါစချစ်စဖွယ့် ရာသီမှာပင် ယဉ်ကျေးဖွယ်ရာသော လူ့အဖွဲ့အစည်းတွင် ရရှိလာသည့် အချိန်တိုကာလအတွင်း ကိုယ်စွမ်းဆောင်နိုင်သည့် နေရာမှအပေးအယူမျှစွာ တာဝန်ကိုယ်စီ ယူကြရပေမည်။ နွေလည်းနွေအလျောက် ……..၊ မိုးလည်းမိုးအလျောက် …..၊ ဆောင်းလည်းဆောင်းအလျောက် ….. မျှမျှတတပေါ့။ အခုတော့ ဆောင်းကအရွယ်လွန် ပြန်ချိန်တန်ပါမှ သူငယ်ပြန် နေချေသေးတော့..။

 

ပုရစ်ဖူးတို့ လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ပုရစ်ဖူးတို့လွန့်လူးချေပြီ

 

Related posts

Leave a Comment

VOM News

FREE
VIEW