မတ် ၊ ၉ ၊ ၂၀၂၄
SP ( VOM)
မတ် ၊ ၉ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာနားမှာရှိတဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဝန်းကျင်မှာ ဒီကနေ့မနက် ၉ နာရီလောက်ကပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် ဝန်ကြီးခရီးစဥ် လမ်းကြောင်းကို လုံခြုံရေးတာဝန်ယူထားပေးရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက် ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” လမ်းကြောင်းခရီးစဥ်က စက်မှုဝန်ကြီးဌာန ၊ ဒုဝန်ကြီးရဲ့ ခရီးစဥ်ဖြစ်တယ် ၊ အဲ့ဒီ ခရီးစဥ် လမ်းကြောင်းကို လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာဖြစ်တယ် ၊ သေဆုံးတဲ့ သူတွေကတော့ ရဲတပ်ကြပ်ကြီး ဂေတမ် က ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲနံကြားဖောက်ဝင် ဒဏ်ရာ (၄)ချက်၊ ရဲတပ်ကြပ် ဇာနည်ထွန်းက ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာရင်အုံ ဖောက်ဝင် ဒဏ်ရာ(၂)ချက်နှင့် ရဲဒုတပ်ကြပ် ရန်နိုင်စိုးက ဦးခေါင်းပွင့်ထွက်ဒဏ်ရာ(၁)ချက် သေဆုံးတယ် ၊ သေဆုံးသူ သုံးယောက်ဖြစ်ပြီး ၊ သူတို့နဲ့ အတူ ကြီးကြပ်ဖို့ တာဝန်ပေးလိုက်တဲ့ ဗိုလ်လေး (ဒုရဲအုပ်)နှစ်ယောက်က ထိခိုက်ဒဏ်ရာရတာမရှိဘူး ၊ သူတို့အားလုံးက ရွာသစ်ကြီး နယ်မြေရဲစခန်းက ရဲတွေဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကိုင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၈ နာရီဝန်းကျင်က ထိတွေ့မှုဖြစ်တယ် ၊ ရဲသုံးယောက် ထိခိုက်သေဆုံးတယ် ၊ နောက်ပြီး MA-13 သေနတ်(၁)လက်၊ BA-63 သေနတ် (၂) လက် အပါအဝင် ခဲယမ်း တချို့ ပျောက်ဆုံးနေတယ် ၊ လမ်းကြောင်းလုံခြုံရေးအတွက် စီးနင်းအသုံးပြုတဲ့ယာဉ်အမှတ် GG/5904 AD VAN(ဖြူ) ကားတစီးလည်း ပျောက်နေတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီ ဝန်းကျင်က
စစ်ကိုင်းမြို တိုင်းရင်းသား ဒီကရီကောလိပ်ကနေ ပြန်လာတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ရဲတင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို Phoenix-Sagaing PDF အဖွဲက အုန်းတောနဲ့ စစ်ကိုင်း အကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။
မတ် ၆ ရက်ညကလည်း ချင်းပြည်နယ် ၊ ဟားခါးခရိုင် ၊ ဟားခါးမြို့မှာရှိတဲ့ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံဖြိုးရေး ကျောင်းမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ၊ သူတို့ကိုင်ဆောင်ထားတဲ့ သေနတ်ခြောက်နဲ့အတူ ဒေသတွင်း လက်နက်ကိုင် CDF – Hakha အဖွဲ့က တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Photo Crd: Original Uploader