မြစ်ကြီးနား လေဆိပ်ကို ယာယီ ပိတ်လိုက်ပြီ

 

ရန်ကုန်၊ မတ် – ၉ – ၂၀၂၄

GG (VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ်ကို ဒီနေ့က မတ်လ ၉ ရက်နေ့လယ်ခင်းကစပြီး ယာယီ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြစ်ကြီးနားလေဆိပ်ကနေ ဒီနေ့ပြေးဆွဲမယ့် လေကြောင်းကို ပြေးဆွဲဖို့ အချိန်စောင့်ဆိုင်းရင်း ရုတ်တရက် လေဆိပ်ကိုပိတ်လိုက်တာဖြစ်ပြီး လေကြောင်းလိုင်းခရီးစဉ်အားလုံး ပယ်ဖျက်လိုက်ပြီး အဝင်အထွက်လည်းမလုပ်ရတော့ဘူးလို့ဆိုပါတယ်။

” ဒီနေ့အတွက်အကုန်ပိတ်လိုက်ပါပြီ၊ အဝင်လည်းမရအထွက်လည်းမရပါဘူး၊ခရီးစဉ်အားလုံး ပျက်ပါတယ်။ဒီနေ့အတွက်ပဲ သိရသေးတယ်။မနက်ဖန်အတွက်တော့ မသိရသေးပါဘူး ” လို့ လေယာဉ်လက်မှတ် အရောင်းဌာနတခုက ဝန်ထမ်းတယောက်ကပြောပါတယ်။

ခုလို မြစ်ကြီးနားလေဆိပ်ကို အရေးပေါ်ပိတ်လိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြစ်ကြီးနားလေဆိပ်တာဝန်ရှိသူတွေဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဒေသခံတွေပြောပြတာကတော့ မြစ်ကြီးနားလေဆိပ် အနီးတစ်ဝိုက်မှာ မတ်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရသလိုမတ်လ ၈ ရက်နေ့ကလည်းဆေိပ်အနီးမှာ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ ဒီနေ့မတ်လ ၉ ရက်နေ့မှာလည်း မြစ်ကြီးနားမှာ KIA နဲ့ နစက တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး မြို့တွင်းသွားလာရေး မလွယ်ကူတော့သလို လမ်းတွေလည်းပိတ်နေတာကြောင့် လေဆိပ်ကို ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။

” မြို့ထဲမှာသွားလို့လဲမရတော့ဘူး။ပစ်ခတ်နေတာအိမ်ပါတုန်တယ်။လေဆိပ်ကမပိတ်တော့လည်း လက်မှတ်ကဝယ်မရတဲ့အတူပိတ်လိုက်တာပြီးရော၊ မနက်ထဲက သူတို့လေယာဉ်ထွက်ဖို့ကို အချိန်ရွှေ့ရင်းရွှေ့ရင်းနောက်ဆုံး ခရီးစဉ်တွေဖျက်ပြီးလေဆိပ်ပါပိတ်ချလိုက်တာ ” လို့ မြစ်ကြီးနား ဒေသခံကပြောပါတယ်။

အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လေဆိပ်ကို လေယာဉ်ဆင်းသက်လို့မရတဲ့အတွက် ဗန်းမော်လေဆိပ်ကိုလည်း မတ်လ ၇ ရက်နေ့ကတည်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတာ ဒီနေ့အထိဖြစ်တယ်လို့သိရပါတယ်။

Photo Crd: ဒေသခံတယောက်

 

Related posts

Leave a Comment

VOM News

FREE
VIEW