ရန်ကုန် ၊မတ် – ၉ – ၂၀၂၄
GG (VOM)
Export တန်းဝင် ပဲမျိုးစုံကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင် တွေရှိပါက စိစစ်ဖော်ထုတ်အရေးယူသွားဖို့ဆိုပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
လက်ရှိကာလမှာ ပဲမျိုးစုံ ပြည်ပကို တင်ပို့ရောင်းချဖို့အတွက် ကုန်ပစ္စည်းတွေ ဝယ်ယူသို လှောင်မှုရှိတဲ့အပြင် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားမှုတွေ လည်းရှိနေတာကြောင့် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူသိုလှောင်ထားခြင်း မပြုလုပ်ဖို့နဲ့ ပြုလုပ်သူရှိပါက စိစစ်ဖော်ထုတ်သွားဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကို အသိပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။
” ကျနော်အမြင်ပြောရရင်တော့ ခုကာလက မူဝါဒကလည်း ခဏခဏပြောင်းတယ်၊ ဈေးကွက်ကလည်းမတည်ငြိမ်၊လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေ ၊ပဲဈေးတွေကလည်းမြင့်တဲ့အခြေအနေဆိုတော့ တော်ရုံဝယ်ပြီး ဈေးကစားဖို့ သိုလှောင် ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး။စွန့်စားလုပ်ရမယ့်သဘောရှိတယ်၊ခက်ခဲတယ်ပေါ့။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဝင် ပဲကုန်သည်တယောက် ကမှတ်ချက်ပြုပါတယ်။
လက်ရှိပြည်တွင်း ပဲမျိုးစုံဈေးကွက်မှာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မတိုင်ခင်က ဈေးတွေဆက်တိုက်ဆိုသလိုမြင့်တက်ခဲ့ပေမယ့် အဲဒီရက်နောက်ပိုင်းမှာတော့ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲအချို့ ကြောင့် မတ်ပဲ၊ ပဲစဉ်းငုံနီ၊ ပြောင်း အပါအဝင် ပဲမျိုးစုံဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တယ်လို့သိရပါတယ်။
ပဲမျိူးစုံဈေးကျဆင်း နေသလို ပြည်တွင်းဈေးကွက်မှာလည်း ပဲမျိူးစုံအရောင်းအဝယ်အေးနေပြီး ပြောင်းကတော့ အဝယ်မရှိသလောက်ကိုဖြစ်နေတယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ခုနှစ်လကျော်ကာလအတွင်းမှာ ပို့ကုန်ရငွေနဲ့ပတ်သက်တဲ့ မူဝါဒကို လေး ကြိမ်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လိုသိရပါတယ်။
တည်ငြိမ်မှုမရှိတဲ့ ပို့ကုန်ရငွေ မူဝါဒစနစ် အပြောင်းအလဲတွေ မကြာခဏ ပြုလုပ်မှုကြောင့် ပြည်တွင်း ပဲမျိုးစုံ ဈေးကွက်က မတည်ငြိမ်ခြင်းက ပို့ကုန်တွေလျော့ကျနိုင်သလို နောက်ဆက်တွဲအနေနဲ့ ပဲမျိုးစုံ ဈေးကျဆင်းပြီး တောင်သူတွေအကျိုးစီးပွားကိုသာ ထိခိုက်နိုင်မှာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
Photo Crd: Original Uploader