သတ်မှတ်စည်းမျဉ်း မလိုက်နာတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်သူ လုပ်ငန်းရှင် လေးယောက်ကို လိုင်စင်သုံးလရပ်ဆိုင်း

 

မတ် ၁၂ – ၂၀၂၄

SN (VOM)

ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ အခု မတ်လအတွင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း လိုင်စင်ရရှိသူ လေးယောက်ကို သုံးလ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေနဲ့ ငွေကြေးဈေးကွက် လုပ်ငန်းကော်မတီလက်‌အောက်က စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေးအဖွဲ့နဲ့ မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့တို့ရဲ့ မတ်လ ၆ ရက်နဲ့ ၈ ရက်နေ့အတွင်း စိစစ်ဖော်ထုတ်ချက်အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါအတိုင်း လိုက်နာရမယ့် အချက်တွေကို ဆောင်ရွက်ခြင်းမရှိတဲ့ Fame Money Changer, Lead Star Money Changer, Steber Group Money Changer, Asia Shwe Thee Money Changer တို့မှ လုပ်ငန်းလိုင်စင်ရရှိသူ လေးယောက်ကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတယောက်က “ဒေါ်လာဈေးတက်တာနဲ့ အဖမ်းအဆီး၊ အစစ်အဆေးတွေကတော့ ရှိနေတာပါပဲ။ ဒါတွေကြောင့် လက်ရှိမှာ ကောင်တာ တော်တော်များများလည်း ပိတ်ထားကြတယ်။ အရောင်းအဝယ်တွေ မရှိသလောက် နည်းသွားတယ်။ အရင်လတွေက ရောင်းချင်တဲ့သူတွေက ဈေးခေါ်တယ်။ ဝယ်ချင်တဲ့သူကဈေးညှိတယ်။ မကြိုက်ရင် မဝယ်ဘူး။ ဒီလတော့ အရောင်းတွေပျောက်နေတယ်။ ဈေးကလည်း ၃၆၅၀ ဈေး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်လာတဲ့အခါ နစကအနေနဲ့ ဈေးကွက်အတွင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာ၊ သတိပေးတာ၊ ဖမ်းဆီးတာနဲ့ ခံဝန်ထိုးခိုင်းတာတွေ ပြုလုပ်ပြီး ငွေလဲဈေး မြင့်တက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိ ပြင်ပ ဒေါ်လာဈေးကွက်မှာတော့ ငွေလဲလှယ်နှုန်းတွေ ကျဆင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ခေါ်ယူစစ်ဆေးတာ၊ အရေးယူတာတွေ ရှိနေတော့ တချို့လည်း တိမ်းရှောင်နေကြရတဲ့သူတွေ ရှိတယ်။ ငွေကြေးဈေးကွက်တော့ ဗဟိုဘဏ်ကနေ ဒေါ်လာတွေထုတ်ရောင်းပြီး ဘယ်လိုပဲ ထိန်းဖို့ကြိုးစားပေမယ့် လက်တွေ့မှာ ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးပေါ့နော်။ အခု ဈေးကွက်အခြေအနေက ဒေါ်လာဝယ်လိုအားက များနေတယ်။ ရောင်းလိုအားက မရှိဘူး။ ဘာလို့ဆို ပို့ကုန်သမားမပို့နိုင်လို့။ ပြည်ပပို့ကုန်ကနေ ငွေမဝင်ရင် ပြည်တွင်း မှာ ဒေါ်လာ လိုအပ်ချက်က ရှိနေဦးမှာပဲ။ အခုအခြေအနေကတော့ တော်တော်လေး မရေမရာ ဖြစ်နေသေးတယ်။ လက်ရှိ ငွေဈေးကွက်ထဲမှာတော့ အလုပ် လုပ်တဲ့သူတချို့ ရှိတော့ရှိတယ်။ ဒါပေမယ့် တော်တော်များများကတော့ အရောင်းအဝယ်ရပ်ပြီး အခြေအနေ စောင့်ကြည့်နေကြတယ်။ ဒေါ်လာဈေးကတော့ ဒီ့ထက် ဆက်တက်ဦးမလား၊ ဘာဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၂ မှာ နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူတွေဟာ အဲ့ဒီ့ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေတွေ၊ စည်းမျဉ်းတွေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ငန်းလိုင်စင် စည်းကမ်းချက်တွေကို လိုက်နာ ဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရင် ပုဒ်မ ၃၅ အရ သတိပေးခြင်း (ဒါမှမဟုတ်) နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်ချက် အပါအဝင်ဖြစ်တဲ့ အမိန့်တွေချမှတ်ခြင်း (ဒါမှမဟုတ်) ဒဏ်ကြေးပေးဆောင် စေခြင်း (ဒါမှမဟုတ်) တာဝန်ရှိသူ (ဒါမှမဟုတ်) သက်ဆိုင်ရာဝန်ထမ်းကို လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်းမှ ယာယီ (ဒါမှမဟုတ်) အမြဲတမ်းရပ်စဲခြင်း (ဒါမှမဟုတ်) လုပ်ငန်းလိုင်စင်ဖျက်သိမ်းခြင်း စတဲ့ ပြစ်ဒဏ်တရပ်ရပ်ကို ကျခံရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒါအပြင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေရဲ့ ပုဒ်မ ၃၆ မှာလည်း ပုဒ်မ ၃၅ အရ ချမှတ်တဲ့ ဆုံးဖြတ်ချက် တရပ်ရပ်နဲ့စပ်လျဉ်းပြီး ကျေနပ်မှုမရှိသူဟာ ပြည်ထောင်စုတရားလွှတ် တော်ချုပ်ကို သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်တွေကို လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ဆောင်ရွက်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW