ဆူးငှက်
(၁)
နီတျာတျာ၊
ရှေးစာ … ရာမလေးလို၊ သန္တာသွေးနဲ့
နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ်
တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့ စကြဝဠာမယ်စော်နံတယ်၊
နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ် …၊
မန္တလေး တရုတ်တန်း ရှေ့တော်ပြေးဝင်း မြောက်ပေါက်နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်း မြောက်ဘက်ခြမ်းတွင် ရှိသည့်ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာသံစုံ တီးမှုတ်သံများ မနက်လင်း ကတည်းက ထွက်ပေါ်နေ၍ဖြစ်သည်။ ယခင်ကသည်အိမ်ဝင်း အတွင်းရှိ အဆောက်အဦးမှာ စစ်ကြီးအတွင်း မီးလောင် ပြာကျသွားသဖြင့် ယခုအခါ ဝါးကပ်မိုး ထရံကာ မြေစိုက်အိမ်ပဲ ရှိသည်။ ထိုအိမ်ဝင်းအတွင်း တီးသံ မှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်းက အခုထိ မပြောင်းမလဲ ရှိနေဆဲ ။ ကနဦးတုန်းကတော့ မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း၊ မြန်မာဂီတာတွေ ဖြစ်မှာပေါ့။
အခုတော့ စန္ဒရား၊ အကော်ဒီယံ၊ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်း စသည့် အနောက်တိုင်း တူရိယာပစ္စည်း အသံများ ဖြစ်သည်။ ဦးရိပ်၊ ဒေါ်လေးတို့ကလည်း အသက်အရွယ် ကြီးရင့်၍ ရှိသည့် ဥစ္စာ ထုခွဲ စားသောက်နေရငြား၊ မိတဆိုး မြေးကလေး ကိုဘညိန်းကို အလိုလိုက် လွန်း၏။ သူဖြစ်ချင် သည်ကို ဖြစ်အောင် ကြံဆောင်ပေးသည်။ ကိုဘညိန်းကလည်း ကျောင်းစာထက် ဂီတကို ပို၍ ခုံမင်သည်။ အိမ်နီးချင်း ရွာစား စိန်ဗေဒါကြီး ကပင် အသိအမှတ်ပြုရသည့် ပါရမီရှင် ဖြစ်သည်။ ငယ်စဉ်ကတည်းက အနောက်တိုင်း ဆင်ဖိုနီ ဓာတ်ပြားတွေ နားထောင်၊ နန်းတွင်းထဲက ကလပ်မှာ ဝင်တီး၊ ရွှေတိုက်ဝင်းမှာဂီတသင်္ကေတတွေ သင်၊ ဆိုင်းတန်း ဦးတော်လုံကို ဥက္ကဋ္ဌတင်ပြီး အပျော်တမ်း တူရိယာ အသင်း တည်ထောင်ရာပင် ဦးဆောင်လိုက်သေးသည်။
ကိုဘညိန်း ဖြစ်ချင်တာက ဆင်ဖိုနီသြခက်စတြာတဲ့။ သူ့မိတ်ဆွေ သူဌေးသား ဓားတန်း ကိုသန့်နှင့် ပေါင်းကာမြဝတီမင်းကြီး ဦးစ၏ “ဘုံပျံနေနန်း” ကို ဆင်ဖိုနီသြခက်စတြာ ဝိုင်းဖွဲ့ သံစုံတီးဝိုင်းကြီးဖြင့် တီးခတ် ပြလိုသည်။ ဒါက သူတို့ရည်မှန်းချက်။ ထိုရည်မှန်းချက်ကား စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်း ခံရသော်လည်း အညွန့်အညှောက် ထွက်ကာ ရှင်သန်နေဆဲ။ ထို့ကြောင့် စစ်ကြီးအပြီး မြို့မတူရိယာအသင်းကို ပြန်လည် စုစည်းကြတော့ လုပ်သင့် လုပ်နိုင်သည့် ကိစ်္စတွေကို တစ်ထစ်ချင်း ဆောင်ရွက်သည်။ ကိုဘညိန်းမှာ စီမံကိန်း ရှိနေ၏။ ဘယ်သူ့မှလည်း စကား ဖွယ်ဖွယ်ရာရာ ပြောမနေ၊ အမြဲတွေး အမြဲငေးကာ သူစီမံကိန်းကို ရေးဆွဲနေသည်။ မြို့မအသင်းတိုက်မှာ လူငယ်ဂီတ ဝါသနာရှင်တွေကို စုစည်းသည်။အနောက်တိုင်း ဂီတသင်္ကေတ နည်းပညာတွေကို ပို့ချသည်။ လုပ်ဖော် ကိုင်ဖက်များနှင့်လည်း သူဖြစ်ချင်တာတွေ ပူးပေါင်းသည်။
ဂီတနှင့်ပတ်သက်လျှင် နေ့မရှိ၊ ညမရှိ၊ အိမ်မရှိ၊ အိပ်ရာမရှိ၊ ဇနီး မယား သမီးသားမရှိ။ အိမ်မှာ ညပြန်အိပ်ချင်မှလည်းအိပ်သည်။ သို့မဟုတ် အိမ်မှာပဲ အပေါင်းအသင်း တပည့်တပန်းတွေ တရုန်းရုန်းနှင့် ဂီတကိုပဲ နေ့စဉ် ရက်ဆက် လုပ်ကိုင်နေတတ်သည်။ ဘယ်ဘက် မျက်လုံးက ငယ်စဉ်မှာပင် တိမ်ထိထား၍ ချိုင့်ခွက်ကာ မျက်သားဖြူဖြူတွေ များနေတတ်သည့် လူပုံစံကဘယ်လိုမှ “ပန်တျာ” မလာသော စန္ဒရားအေးမောင် ဆိုသည့် တပည့်ကလည်း ထိုအိမ်က မပြန်တော့။ သူက စန္ဒရားခုံရှေ့ထိုင်သည်ကပင် ခပ်စောင်းစောင်း။
ဝတ်ပုံစားပုံ ဘိုဆံဆံ၊ နှစ်ထပ်ကော်လံ ဟာဝေယံရှပ် အဆင်အကွက်များကို ဘောင်းဘီရှည်နှင့် ဝတ်တတ်သူ၊တစ်ခါတစ်ရံ ဘောင်းဘီတိုနှင့် ဝတ်တတ်သူ၊ ဘောင်းဘီနှင့် မဟုတ်ဘဲ လုံချည်နှင့် ဆိုပါက ထို ဟာဝေယံရှပ်တို လုံချည်အပြင်ဘက် ထုတ်ဝတ်တတ်သူ၊ တစ်ခေါင်းလုံး ငွေရောင်ဆံပင်၊ အသားက ဖြူနီစပ်စပ်၊ ရုပ်က ဘိုကပြားရုပ်။ ရုပ်သွင်ဟန်ဟန်အမူအရာ စမတ်ကျကျနှင့် ကိုဘသင်ကလည်း ထိုအိမ်က မပြန်တော့။
ဆံပင်တိုတို၊ မျက်ဆံကြောင်ကြောင် ဂယောင်ဂယင် မအူမလည်ရုပ် စန္ဒရားအေးမောင်နှင့် တွဲဖက်သူက ထိုကဲ့သို့သော စမတ်ကျကျ ဘိုဆံဆံ ကိုဘသင်။ ကိုဘသင်က ဂျပ်ဇ်နှင့် ဒယ်ဘယ်လ် ဘေ့စ်ကို တီးခတ်သည်။ သူတို့နှစ်ယောက်က ခွဲလို့မရ။စန္ဒရားနှင့်ဂျပ်ဇ်၊ ဒယ်ဘယ်လ်ဘေ့စ်။
စန္ဒရား ဆိုရာတွင် ကိုအေးမောင်က လက်ဆယ်ချောင်းဖြင့် အသံအကွာအဝေး၊ အနိမ့်အမြင့်၊ အတိုအရှည်၊ အတိုးအကျယ် လိုသလို အတိအကျ ရိုက်ခတ်မိအောင် ထိနိုင် ဖိနိုင် တီးနိုင်သူတဲ့။ စန္ဒရားကို အနောက်တိုင်း ဂီတသင်္ကေတ (Note)ဖြင့်ကျွမ်းကျင်စွာ တီးခတ်နိုင်သူ။ စန္ဒရားကို “ကော့ဒ်”(Chord) နှင့် ကျွမ်းကျင်စွာ တီးခတ်နိုင်သဖြင့် “ကော့အေးမောင်” ဟု ဝိသေသပြုခံရသူ။ ဒီလို ဘိုဆံဆံ စန္ဒရားလက်သံနှင့် ဘိုရုပ် ကိုဘသင်၏ ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ် နှင့် ၂ ယောက်သား တီးခတ် နေကြလျှင်များ ငေးကြည့်ကြရသတဲ့။
ဤကဲ့သို့ လိုက်ဖက်ညီသော တပည့်များ စိတ်ရည်တူ လုပ်ဖော် ကိုင်ဖက်များ နှင့်အတူ ကိုဘညိန်း (ဝါ) မြို့မငြိမ်းက“ဆီမီးဆင်ဖိုနီ” သီချင်း တစ်ပုဒ် ရေးထုတ်ခဲ့သည်။ သီချင်း၏ ကနဦးအစ သံဖြူတန်းက မိတ်ဆွေကြီး ကိုလှဒင် အိမ်မှာဖြစ်၏။ကိုလှဒင် ဆိုတာ မြို့မငြိမ်းနှင့် မြို့မမှာ ကနဦး ထူထောင်ခဲ့သူ တစ်ဦး အပါအဝငf။ သူကလည်း ဂျပ်ဇ်သမား။
ကိုလှဒင်အိမ်မှာ မြို့မငြိမ်းက စန္ဒရားအေးမောင် ကို “ရွေတညာ” လေး လုပ်စမ်းပါ ဆို၏။ “ရွေတညာ” ဆိုတာ ပြင်စည်မင်းသားကြီး၏ အလွမ်းဘွဲ့ ယိုးဒယားသီချင်း ဖြစ်သည်။
“ရွေတညာ၊ ဖျော်ဖြေဘွေကြော့၊ မြန်မြေချာဝယ်၊
လွန်သာထွေလို့ ဖန်ရွှေစာငယ် မူရာပိုဖွဲ့ ဆိုယောင်မှား ….” အစချီ သီချင်း ဖြစ်သည်။ အတီးသမားများ အကြိုက်တွေ့သည့် သီချင်းလည်း ဖြစ်၏။ မြို့မငြိမ်းက စန္ဒရားအေးမောင် ကို “ရွှေတညာ” တီးခိုင်းတော့ တပည့်လုပ်သူကလည်း စန္ဒရားခုံမှာတစောင်းလေး ထိုင်ပြီး ညက်ညက်ကျေ နေသော “ရွေတညာ” ကို ဒေါင်းဒေါင်းပြေး တီးခတ်တော့၏။ “အသော” ဒေါင်လို့ မချမီရပ်ခိုင်းသည်။ ထပ်တီး ခိုင်းသည်။ အသော “ဒေါင်” လို့ မချမီ ရပ်ခိုင်းပြန်ပြီး လက်ထဲက နုတ်(စ်) စာရွက်တွေ ပေးကာ “ဒါကိုဆက်တီး” ဟု ခိုင်းသည်။ စန္ဒရားအေးမောင်က ခပ်ကြောင်ကြောင် မျက်လုံးကို ခပ်စောင်းစောင်း အားစိုက်ကာ နုတ်(စ်)တွေကိုကြည့်သည်။ လက်ဆယ်ချောင်းနှင့် စန္ဒရားခလုတ် အဖြူ၊ အနက်တွေကို ခပ်သွက်သွက် တို့ထိသည်။ ဘိုဆံဆံ တေးသွား တစ်စ။ရပြီ။ ခပ်သွက်သွက် တီးခတ်လိုက်သည်။
နုတ်(စ်) နှင့်အတူ ရေးမှတ်ထားသော သူ့ဆရာ၏ လက်ရေး ခပ်စောင်းစောင်း သီချင်းစာသားတွေကို လိုက်ဖတ်ရင်းစိတ်ထဲက အသံထွက်လိုက်ဆိုမိ၏။
“ဝါရွှေညိုနီ၊ ဟို အနောက်တိုင်းဆီဝယ်
ပလက်တီနံ ဘလွန်း၊ ရောင်စုံခြယ်
မြန်မာ လုံမယ်၊ မင်ညို ပိတုန်းရောင်ခြယ်
သွယ်သွယ် ပျော့ပျောင်း၊ ယဉ်ကေ ဆံသီနွယ်
အနက်ရောင် တစ်မျိုးနဲ့ ဒို့မယ်၊ ကြက်တောင် ဆံရစ်ဆံပတ် ထုံးတယ်
ဒေါက်ချာမြင်းမိုရ် ကြီးငယ်၊ အိုးစည် ခေတ်မီသုံးတယ်
ဗျာပါ ဆံကေသွယ်၊ ဘောင်ဘောင် ဗွေထဲဆီဝယ်
စွန်တောင်ကို ဆွဲ၊ မူရာတော်တွေ ကြွယ်”
xxx xxx xxx
(၂)
“လှကြစမ်းပါဗျာတို့” သီချင်း၏ အစ“နီတျာတျာ၊ ရှေးစာ ရာမလေးလို … သန်္တာသွေးနဲ့” မှ “နှင်းဆီရောင်၊ ပါးပြင်နီမြန်းလို့ရယ် ….” အထိမှာ “ရွေတညာ” ယိုးဒယားအသွား ဖြစ်သည်။ စာလုံး အရေအတွက်၊ အသံ အကွာအဝေးကြောင့် စည်းဝါးတော့နည်းနည်းကွာသည်။ “ဝါရွှေညိုနီ” မှသည် “စွန်တောင်ကိုဆွဲ” အထိ အပိုဒ်က စန်္ဒရား အကော်ဒီယံတွေကို “ဂျပ်ဇ်”၊ “ကော့ဒ်” တွေနှင့် ဘိုသံ ညက်ညက် တီးခတ် ရသည်။ “ယဉ်တစ်ကိုယ် ပါးကျပ်ကိုလဲ” မှ “လှကြစမ်းဗျာတို့ လွတ်လပ်တယ်” ထိက မြန်မာသံမြန်မာ အသွား ပြန်ဝင်လာ၏။
ထိုအပိုဒ်တွင် ပို၍ မြန်မာဆံလာအောင် ပန်းချီဦးဘသက်က ဝါးပတ္တလားအသံ ကျဲကျဲလေးနှင့် ဆော့ကြည့် ချင်သေးတယ်ဟု ဆိုသည်။ ၂၈ လမ်း အိမ်ကလေးမှာ “လှကြစမ်းပါဗျာတို့” ကို အပြန်ပြန် အလှန်လှန် အညက်ကြီး ညက်အောင် စိတ်လိုလက်ရ နှစ်နှစ်သက်သက် တီးမှုတ် နေကြတာ နေ့စဉ်ရက်ဆက်။ မြို့မငြိမ်း၏ အဘွား ဒေါ်လေးကလည်း သူ့မြေးနှင့်အပေါင်းအသင်းတွေ ပျော်ရွှင်နေကြတာ ကြည့်ပြီး ကျေနပ် နေသည်။ မြေးဖြစ်သူ ဘာလိုသလဲ၊ လိုသမျှ ဆောင်ကြဉ်း ပေးရတာကိုပဲ အဘွားအိုက ဝမ်းသာနေ၏။
“လှကြစမ်းပါဗျာတို့” ကို မြန်မာဝါးပတ္တလား သာမက အခြားအနောက်တိုင်း တူရိယာတွေ ကြိုးတတ် တူရိယာတွေနှင့်ပါအသံတွေထပ်မံ ဖြည့်စွက်ကြဦးမည်။ တူရိယာပစ္စည်း အသီးသီးနှင့် ပိုင်နိုင် ကျွမ်းကျင်မှုကို နာရီမလပ် မပြတ် လေ့ကျင့်နေကြသည်။ မကြာမီ ဆရာမြို့မငြိမ်း လိုချင်သော ဆီမီးဆင်ဖိုနီကို အကောင်အထည် ဖော်နိုင်ကြတော့မည်။
“ယဉ်တစ်ကိုယ်၊ ပါးကျပ်တိုပဲ
ဆိုး လက်သဲလက်သဲ၊ ရဲနီမြန်းနီမြန်း။ ပန်းနွယ်ကော့သွယ်
စင်အောင် နှုတ်လို့သာပေး၊ ရေး မင်ရေး မင်ရေး
ကွေးကောက်ကွေး မျက်ခုံး သုံးရက်လနှယ်
အစ်မကြီးတို့ရဲ့ ဓနဉ္စရူပံ၊
ကြံဖန်ထင်သလို၊ လှကြစမ်းဗျာတို့ လွတ်လပ်တယ်”
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဆီမီးဆင်ဖိုနီ #ရွေတညာနီတျာတျာ