ရွက်ဝါကြွေ…နွေမူးမူး

 

 

ဆူးငှက်

 

 

 

“မိုးကုပ်ကုပ်ဝယ်

အို..ရုတ်တရက်

မျဉ်းဖြူစက်၍

ကွဲအက်ကြောင်းရာ

ဟ,ဟလာပြီး

မိုးပြာကိုဖြတ်

ပတ္တမြားရည်

စီးလည်အဟုန်

နီမြန်းကုန်ပြီ

အရုဏ်ပေါ်စ . . .

ဝိုးတဝါး . . .။”

 

တပေါင်းလဆန်းပြီလေ…..။ တပေါင်းလက ပြက္ခဒိန်မှာ အများဆုံး အကျုံးဝင်နေတာက မတ်လဖြစ် သည်။ခရစ်နှစ်၏ တတိယမြောက်လ ဖြစ်၏။ မတ်လတဲ့၊ လာချေပြီ။ ဖေဖော်ဝါရီ လဆန်းပိုင်း၊ တပို့တွဲလပြည့်နားမှာတော့ အအေးဓာတ်က ဆောင့်တက်လာပြီးနောက် တဖြည်းဖြည်း အားလျော့သွား၏။ သစ်ပင်များ၏ ကလနားသတ် သစ်ရွက်တချို့ ရင့်ရော်ခြောက်သွေ့လာကြပြီ၊ နုပျိုခြင်း၊ လန်းဆန်းခြင်းက နိဂုံးချုပ်တော့ မည်။ ဇရာ၏ အရေးအကြောင်းများအဖြစ် ရွက်ဝါရွက်များက ကျဲပြောက် နေရာယူလာပေသလော။

 

 

 

“….စံဖီရွှေသွယ်၊ ပျံ့လှယ် ဝတ်မှုန်မွှေး၊ လေပြေ တသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လေဝန်း ရစ်ခါစွေ၊ ရွက်ဝါကြွေ…နွေမူးမူး ၊ မိန်ရာသီ၊ ခါမှီလ သာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….”

မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလို ကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီးဦးစက ဒီရာသီကိုသူ၏ “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ” ဟူသောစကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကားခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။

 

မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြ အအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီတော့….။ ဆောင်း၏အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုးသိမ်းဆည်းပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် “လေဝန်းရစ်ကာခွေ” လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင် မရှိလှသေး….။ ကြည့်လေရာရာ ရီဝေမှုန်မှိုင်း နေဆဲဖြစ်သည်။

 

 

ကနဖော့၊ မှိုနတို၊ ကန်စွန်းနွယ်လေးတွေ ရေသောက်ဆင်းနေကြသည့် ကျုံးနဘေးရေစပ်စပ် ထနောင်းပင်ရိပ်ကမျှော်ကြည့်လိုက်တော့ မြူထဲက မြို့ရိုးနှင့်ပြာသာဒ်များက မိုနိုတုန်းဖြင့် ရေးဆွဲထားသော ရေမင်းသား ဆရာဆောင်၏ ပန်းချီကားတစ်ချပ်လို အရသာရှိလှသည်။ အကယ်တန္တု ကျုံးမြို့ရိုး၊ ပြာသာဒ်နှင့် မန္တလေးတောင်၏ အလှကို ဘယ်ရာသီ၌ အနှစ်သက်ဆုံးလဲဟု မေးလာလျှင် “ဆောင်းယွန်းယိုင်နွေ…” ရာသီ၏ မြင်ကွင်းကိုပဲ ချွင်းချက်မရှိ ရွေးချယ်ရပေမည်။

 

 

နှင်းဖွေ့ဖွေ့ကြွေနေသော ဆောင်းရာသီ ဇာပိတ်ကားနောက်က ကျုံးမြို့ရိုးလည်း လှမှာပေါ့။ “မြူမှောင်ဝေကင်း” သည့်နွေပီပီရာသီက ကနလနားသတ် မျဉ်းတွေ ပြတ်ပြတ်ထင်သည့် ပြာသာဒ်ကလည်း လှမှာပေါ့။ အညာမိုးမို့ သည်းသည်း ရဲသည့် မိုးကန့်လန့်ကာအောက်က မပီဝိုးဝါး ကျုံးပန်းချီကားလည်း လှမှာပေါ့။

 

သို့သော် “မြလွှာမှောင်၊ တောင်ခိုးမြူး” သည့် “မိန်ရာသီ” ၏ ကျုံးမြို့ရိုးပြာသာဒ်အလှကို မီနိုင်ဖွယ် အံ့မထင်။

 

မတ်လကား ရုန်းကန်ကာ ပြောင်းလဲခြင်း၏ အမှတ်လက္ခဏာလည်း ဖြစ်၏။ သည်ရာသီမှာပင် ဂျပန်ဖက်ဆစ်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့သည် မဟုတ်လော။ တောလမ်းဖုန်ဖုန်ပေါ်မှ ရွက်ကြွေများသည် ငိုက်မြည်းနေရာမှ အလူးအလဲပြေးလွှားကာကညင် ပင်ကြီး၏ အမြစ်ဆုံကြီး အခြေ၌ အမိအရ တွယ်ကပ်နေလိုက်ကြ၏။ ပင်စည်နောက်ကွယ်တွင် အနီထဲမှကြယ်ဖြူပွင့် လက်ပတ်ကို လှစ်ခနဲ မြင်လိုက်ရသေးသည်။ ကျွန်တော်တို့ကား မမီလိုက်ရသော လွန်ခဲ့သည့် နှစ် ၇၀ကျော်ကမြင်ကွင်းများကို ပုံဖော်ကြည့်နေရ၏။ ထိုသမိုင်းကား ယနေ့ထက်တိုင် တဖွဖွ ပြောနေကြရသေးသည့် သမိုင်းဖြစ်၏။ အမှတ်ရ၊သတိရနေဆဲ သမိုင်းဖြစ်၏။ မေ့ဖျောက် ပြောင်းလဲကောင်းသည့် သမိုင်းလည်း မဟုတ်ပေ။

 

 

တကယ်တော့ မိန်ရာသီ၏ ပကတိ မြင်တွေ့နေရသည့် ရုပ်ဝတ်္ထုများထက် သည်ရုပ်ဝတ္ထုများနှင့် ယှက်နွယ်ပြီးအစဉ်တစိုက် ဖြစ်တည် ဖွဲ့စည်းလာခဲ့သည့် ခံစားမှုများကြောင့်သာ ရင်၌ လှိုက်လှိုက် စွဲမက် ခင်တွယ်ခဲ့ခြင်း ဖြစ်တန်ရာသည်မဟုတ်လော။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ရွက်ဝါကြွေနွေမူးမူး

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW