ပေကျင်း၊ ဧပြီ-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်စစ်တပ်နဲ့ တရုတ်စစ်တပ် တာဝန်ရှိသူတွေဟာ ၂၈ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လေကြောင်းနဲ့ ရေကြောင်း စစ်ဆင်ရေး လုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်မှာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတွေ ပြန်စဖို့သဘောတူခဲ့ကြတာပါ။ နှစ်ဘက်အကြား စစ်ဘက်ဆိုင်ရာ နောက်ဆုံးအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဆွေးနွေးပွဲကို ဟာဝိုင်အီရှိ ဟိုနိုလူလူမှာ နှစ်ရက်ကြာကျင်းပခဲ့တာဖြစ်ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်းက စစ်ဆင်ရေးတွေမှာ လေကြောင်း ရေကြောင်း ဘေးကင်းရေးဆိုင်ရာ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။
အရှေ့နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ အမေရိကန်စစ်တပ်ရဲ့ စစ်လေယာဉ်၊ သင်္ဘောတွေနဲ့ တရုတ်စစ်တပ်ရဲ့ စစ်လေယာဉ် သင်္ဘောတွေဟာ မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံတကာ ခွင့်ပြုတဲ့နေရာတိုင်းမှာ အမေရိကန်စစ်တပ်အနေနဲ့ ဘေးကင်းလုံခြုံမှုနဲ့ စည်းစနစ်တကျ စစ်ဆင်ရေးနဲ့ ကင်းလှည့်မှုတွေလုပ်ဆောင်မှာဖြစ်ပြီး မတော်တဆ နားလည်မှုလွဲတာတွေကို ရှောင်ရှားဖို့အတွက် တရုတ်စစ်တပ်နဲ့ ပွင့်လင်းမြင်သာ ဆက်ဆံရေးမရှိမဖြစ် လိုအပ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
Ref:NHK
Photo: Getty Images