ဘဏ်ဂယက်နောက်ဆက်တွဲ ဒေါ်လာစျေး ၅၀၀၀ နီးပါး၊ အခေါက်ရွှေဈေး ၅၉ သိန်းနီးပါး ရောက်ရှိလာ

 

ဇူလိုင် ၁၂ – ၂၀၂၄
SN (VOM)

ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေကို နစက က အရေးယူလာပြီးနောက်ပိုင်း ဘဏ်တွေကနေ ငွေသားထုတ်ယူမှု အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် နောက်ဆက်တွဲ ဂယက်အဖြစ် ဒေါ်လာစျေး ၅၀၀၀ နီးပါး၊ အခေါက်ရွှေဈေး ကျပ် ၅၉ သိန်းကျော်အထိ မြင့်တက် ရောက်ရှိလာတယ်လို့ ရွှေဆိုင်ပိုင်ရှင်‌တွေနဲ့ ‌နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေက ပြောပါတယ်။

“နာရီပိုင်းအတွင်းကို ဈေးတွေက အပြောင်းအလဲ ဖြစ်နေတာ။ ရွှေဈေးဆိုလည်း ဒီမနက်က ငါးဆယ့်ရှစ်သိန်းကိုးသောင်း၊ သိပ်မကြာဘူး ၅၉ သိန်းကျော်သွားတယ်။ ကမ္ဘာ့ရွှေဈေး တက်နေတာကြောင့်လည်း ပါတယ်။ နောက်တခု ဘဏ်တွေအပေါ် ယုံကြည်မှု ကျဆင်းလာတယ်၊ ငွေကြေးတန်ဖိုးတွေကလည်း အရမ်းကို ကျဆင်းလာတယ်။ ဒီအချက်တွေကြောင့်လည်း ပြည်သူတွေက ရွှေနဲ့ ငွေဘက်ကို ပြန်လှည့်လာတဲ့သဘောပေါ့။ ဒီဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာကြတော့ ရွှေ၊‌ ငွေဈေးတွေက ဆက်တိုက် ထိုးတက်လာတာ” လို့ ရွှေဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ကမ္ဘာ့‌ရွှေ တအောင်စ ၂၃၈၅ ဒေါ်လာ ရှိခဲ့ပေမယ့် တပတ်အကြာ ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာတော့ တအောင်စ ၂၄၀၇ ဒေါ်လာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဇူလိုင်လ ၅ ရက်နေ့က တဒေါ်လာ ၄၆၁၀ ကျပ်ဝန်းကျင် ရှိခဲ့ပေမယ့် တပတ်အကြာ ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာတော့ တဒေါ်လာ ၄၉၁၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

အဲဒီလိုပဲ ထိုင်းဘတ်နဲ့ တရုတ်ယွမ်ဈေးတွေလည်း မြင့်တက်လာနေပြီး ပြီးခဲ့တဲ့ရက်သတ္တပတ် ဇူလိုင် ၅ ရက်က ထိုင်းဘတ် တဘတ်ကို ၁၂၆ ကျပ်ဝန်းကျင်ရှိရာမှ ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာတော့ ၁၃၈ ကျပ်ဝန်းကျင်ကို ရောက်ရှိနေသလို တရုတ်ယွမ်ဈေးမှာလည်း ပြီးခဲ့တဲ့ တပတ်က တယွမ် ၆၄၁ ကျပ်ဝန်းကျင်ရှိရာမှ ‌ဒီကနေ့မှာတော့ ၆၉၂ ကျပ်ဝန်းကျင်အထိ မြင့်တက်လာနေပါတယ်။

“အဓိက ကတော့ ဘဏ်တွေမှာ ငွေသွင်းသူမရှိတော့ဘူး။ အယုံအကြည်မရှိကြတော့ဘူး။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်ကာလတုန်းကလည်း ဒီလိုပဲ ဘဏ်တွေကနေ ငွေထုတ်မရတဲ့ အခက်အခဲက ဖြစ်ထားသေးတာ ဆို‌တော့ အခုလည်းပဲ လူတွေက ဘဏ်တွေကို အရေးယူတော့မယ်လည်းဆိုရော စိုးရိမ်စိတ်နဲ့ အပ်ထားသမျှထုတ်ပြီး ရွှေ၊ ငွေဘက် လှည့်လာကြတယ်။ ကျပ်ငွေကို ရွှေကစားတယ်၊ ဒေါ်လာ ကစားတယ်။ ခိုင်မာမှုရှိတဲ့ဘက်ကို လှည့်လာတဲ့သဘော” လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဘဏ်ပိုင်ရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ နှုန်းထက်ပိုပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးမှုနဲ့ အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက် ဇူလိုင် ၂ ရက်နေ့မှ စတင်ကာ ငွေထုတ်သူ များပြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ငွေထုတ်ယူမှု များပြားလာတာကြောင့် ပုဂ္ဂလိကဘဏ်တချို့အနေနဲ့ စပါယ်ရှယ်အကောင့်က ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ယူခွင့်ပြုတော့တယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၁၀ ရက်နေ့မှာတော့ နစက က ဘဏ်လုပ်ငန်းရှင်တွေကို နေပြည်တော်မှာ အစည်းအဝေးခေါ်ခဲ့ပြီး ဘဏ်တွေအနေနဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှုမရှိရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ပြောဆိုခဲ့ပါတယ်။

“ဘယ်လိုပဲ ဖမ်းဆီး အရေးယူမှုတွေလုပ်ပြီး ဈေးကွက်ကို ထိန်းတယ်ဆိုဦးတော့ နည်းလမ်းလွဲနေရင် အဆင်မပြေနိုင်ဘူး။ အခု ဒေါ်လာဈေးလည်းတက်တယ်။ ရွှေဈေးလည်း အဆမတန် တက်လာပြီ။ ဘဏ်တွေမှာလည်း ကိုယ့်ငွေကိုယ် ကိုယ်ထုတ်ချင်သလောက်မရဘူး။ အဘက်ဘက်က ပိုပြီး ယိုယွင်းလာတဲ့ သဘောပေါ့” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဘဏ်တွေအနေနဲ့ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာမှာ ဇူလိုင် ၂ ရက်နေ့မှာ စပါယ်ရှယ်ဘဏ်အကောင့်တခုကို တရက် ငွေကျပ် သိန်း ၅၀ ၊ ၃ ရက်နေ့မှာ သိန်း ၃၀ ၊ ၄ ရက်နဲ့ ၅ ရက်မှာ တပတ် ငွေကျပ် သိန်း ၂၀ အထိ လျှော့ချ ငွေထုတ်ခွင့်ပြုခဲ့ပြီး ၈ ရက်နေ့မှာတော့ တပတ် ငွေကျပ် ၁၀ သိန်းသာ ရရှိတော့တဲ့ အခြေအနေ ဖြစ်လာကာ လက်ရှိ အချိန်မှာတော့ တချို့သောဘဏ်တွေမှာ တခါထုတ် ငွေကျပ် နှစ်သိန်းမှ ငါးသိန်းအထိသာ ခွင့်ပြုတော့တယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

“ဘဏ်မှာ ငွေသွားထုတ်ရင် အရင်က ကိုယ်ထုတ်မယ့်ငွေပမာဏကို ကိုယ်တိုင်ရေးဖြည့်ရတာ။ အခု ဘဏ်ဝန်ထမ်းတွေက အဆင်သင့် ကြိုတင် ရေးထားပြီးသား။ ကြည့်လိုက်တော့ ငါးသိန်းတဲ့။ ကိုယ်က လက်မှတ်ထိုးရုံပဲ။ အဲဒီထက် ပိုမရဘူးလားဆိုတော့ ဗဟိုဘဏ်ညွှန်ကြားချက်အတိုင်း လုပ်နေရတာပါတဲ့။ ကိုယ့်ငွေကိုယ်တောင် သူတို့ ပေးသလောက်ပဲ ယူနေရတယ်” လို့ KBZ ဘဏ်မှာ ငွေထုတ်ယူခဲ့သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေအနေနဲ့ ဘဏ်စာရင်းအသစ် (Special Account) ကနေ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေး ပြောဆိုထားပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ လက်ရှိအချိန်အထိ ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဘဏ်ဂယက် #နောက်ဆက်တွဲ #ဒေါ်လာစျေး #ရွှေဈေး #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW